Saturday, May 3, 2014

သရဏဂုံ တည်သူကို ဘယ်လိုနည်းနဲ့ သိရမှာလဲ


ဒကာ။ ။ ဘုရားလက်ထက်တော်က မည်သူတွေဟာ သရဏဂုံ တည်သွားကြပြီ၊ မြတ်စွာဘုရားထံတရားနာယူရ၍ မည်သူဟာဖြင့် သရဏဂုံတည်သွားပြီဟု ဗုဒ္ဓစာပေတွေမှာ ဖတ်ရပါတယ်၊ သရဏဂုံတည်သူကို ဘယ်လို သိမှတ်ရမှာလဲ ဆရာတော်။

ဆရာ။ ။ သရဏဂုံတည်သူကို ပါဠိလို “သရဏဂတ” လို့ ခေါ်ဆိုတယ်၊ သရဏဂုံ က သုံးပါးရှိတယ်…..
(၁) မြတ်ဘုရားသခင်နှင့် မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်အပေါင်း။
(၂) မြတ်စွာဘုရား ဟောကြားဆုံးမတော်မူသော တရားတော်မြတ်နှင့် တရား၏ ဂုဏ်တော် ကျေးဇူးတော်အပေါင်း။
(၃) မြတ်စွာဘုရားသခင်၏ တပည့်သားသံဃာတော်များ၏ ဂုဏ်တော် ကျေးဇူးတော်များ။

အဲဒီ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ သုံးပါးသည်သာလျှင် ဆင်းရဲဒုက္ခအမျိုးမျိုး၊ ဘေးရန်အန္တရာယ် အသွယ်သွယ်တို့၏ ကာကွယ်ကင်းငြိမ်းမှုကို ပြုပေးနိုင်တဲ့ တန်ခိုးစွမ်းအင် ရှိတယ်ဟူ၍လည်းကောင်း။

လူချမ်းသာ နတ်ချမ်းသာနှင့်တကွ အိုနာသေခြင်း ကင်းငြိမ်းရာအမှန် ချမ်းသာအစစ်ဖြစ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ကိုပါ ပေးနိုင်တဲ့ တန်ခိုးသတ္တိရှိတယ် ဟူ၍လည်းကောင်း။ သိကာ ယုံကြည်စွာဖြင့် သရဏဂုံသုံးပါးသက်သက်ကိုသာ ကိုးကွယ်ဆည်းကပ် ခ ,စား သူဟာ သရဏဂုံတည်တဲ့သူပဲ ဖြစ်လို့ အဲဒီသူမျိုးကို သရဏဂုံတည်သောသူလို့ သိပေတော့၊ သူဟာ ဗုဒ္ဓဘာသာအစစ်ပဲ။ သရဏဂုံသုံးပါးမှတပါး၊ နတ်တို့ ဗေဒင်တို့ ၀ိဇ္ဇာဇော်ဂျီ ထွက်ရပ်ပေါက်တို့ ပါလာရင် သရဏဂုံစစ်စစ် တည်သောသူ မဟုတ်ဟု သိပေတော့၊ ကဲ…အဲဒါပဲ၊ ဗုဒ္ဓ ဘာသာ စစ်, မစစ်ကို အဲဒါနဲ့ ဓာတ်ခွဲကြည့်ပေတော့။

ဒကာ။ ။ ဒီလို ပြတ်သားစွာ ဖြေကြားပေးတာ သိရလို့ ကျေးဇူးတင်ပါတယ် ဆရာတော်၊ သည့်အတိုင်း ဆိုရင်တော့ မြန်မာပြည် ဗုဒ္ဓဘာသာဝင်သူတွေအတွက် တော်တော့ကို ခက်ခက်ခဲခဲနဲ့ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်အောင် လုပ်ယူရမှာပဲ ဘုရား။

သာဓု သာဓု သာဓု

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com

No comments:

Post a Comment