Saturday, May 3, 2014

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း


မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် ၊
တိုးတတ်အောင် လုပ်တာနဲ့၊
သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ်
ကြီးမားလာအောင် ၊ တိုးတတ်လာအောင်
ဆောင်ရွက်ပေးတာ “မေတ္တာ” ပါ။

“မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း” ဆိုတာ
သေသေချာချာစဉ်းစားမှနော်။
အကျိုးကိုလိုလားခြင်း ဆိုတာ ဘာလဲ။
ဘယ်လိုလဲဆိုတာ သိမှဖြစ်မယ်။
အဲဒီတော့ “အကျိုးကိုလိုလားခြင်း”ဆိုတာဟာ
“အသိဥာဏ်”ရှိမှ ဖြစ်နိုင်တာနော်။
ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ
မသိဘဲနဲ့ “အကျိုးကို လိုလားတယ်”ဆိုတာ မဖြစ်နိုင်ဘူး။

“အကျိုးလိုလားတယ်” ဆိုတာမှာ ကျန်းမာရေး ၊
စီးပွားရေး၊ လူမှုရေး ၊ ပညာရေး အားလုံးပါတယ်နော်။
ကျန်းမာစေချင်တယ်။ အသက်ရှည်စေချင်တယ်။
ပညာတတ်စေချင်တယ်။ တရားအားထုတ်စေချင်တယ်။
စားဝတ်နေရေး အဆင်ပြေစေချင်တယ်။
အလိမ်အညာခံရတာ ကင်းစေချင်တယ်။
ဒါတွေ အားလုံးဟာ အကျိုးကို လိုလားတာတွေချည်းပဲ။

The only true end of love is spiritual growth.
မေတ္တာရဲ့တစ်ခုတည်းသော ဦးတည်ချက် ၊
မျှော်မှန်းချက်ဟာ “အသိဥာဏ် နဲ့ စိတ်ဓါတ်”
ရင့်ကျက်မှု၊တိုးတတ်မှု၊ မြင့်မြတ်မှု ရှိအောင်
အထောက်အကူပေးတာပဲ။

မေတ္တာရဲ့ အဆင့်မြင့်ဆုံး ရောက်တဲ့အခါ
မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘဲနဲ့
အသိဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံး ၊
အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားပြီ။

သေသေချာချာ ပြန်စဉ်းစားကြည့်ရင် တစ်ယောက်ကို
တစ်ယောက်ချစ်တယ်ဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
“ငါဟာ သူ့အကျိုးကို တကယ်လိုလားတာမှ ဟုတ်ရဲ့လား။”

မေတ္တာဆိုတာ ကိုယ့်ရဲ့ ချစ်တဲ့သူကို
စိတ်ဓါတ်အားကောင်းလာအောင် ၊
လွတ်လပ်တဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။
ဒါ့အပြင် လိုအပ်ရင် ကိုယ့်ချစ်တဲ့သူရဲ့
ဘ၀ထဲကို နေရာအပြည့်ယူမထားဘဲ “နောက်ဆုတ်”ပေးတယ်။

မြတ်စွာဘုရား ဟာ သတ္တ၀ါတွေ အပေါ်ထားတဲ့
မေတ္တာဟာ ဘယ်လို မေတ္တာမျိုး ဖြစ်မယ်ထင်သလဲ???

သတ္တ၀ါအားလုံး တရားကိုသိပြီး လွတ်လပ်တဲ့သူ ၊
အေးချမ်းတဲ့သူဖြစ်သွားစေချင်တယ်။
မြတ်စွာဘုရားက သူ့နေရာမှာ အစားထိုးမယ့်သူကို
မထားခဲ့ဘူး၊ ပြောဟောခဲ့တဲ့ “တရား ဓမ္မ”တွေကိုပဲ
“ဆရာ”အဖြစ်နဲ့ ထားခဲ့ပြီ တဲ့။
တရားကိုပဲ အသိဥာဏ်နဲ့သိပြီး နေသွားစေချင်တယ်။
လွတ်လပ်မှု အပြည့်ပေးလိုက်တာပဲ ။
“အင်မတန် အဆင့်မြင့်တဲ့ မေတ္တာ” ဖြစ်သွားပြီနော်။

ကိုယ့်ကို မှီခိုနေအောင် ၊ အားကိုးနေအောင်၊
အကူအညီပေးနေတာဟာ “မေတ္တာ”မဟုတ်ဘူး။
မစဉ်းစားရဲအောင် ၊မလုပ်ရဲအောင် ၊
ချူပ်ချယ်တာလည်း “မေတ္တာ”မဟုတ်ဘူး ။
ကိုယ်က နေရာတကာ စဉ်းစားပေးတာ ၊
ဆုံးဖြတ်ပေးတာ “မေတ္တာ” မဟုတ်ဘူး။

တစ်ချို့ ကိုယ်ဝမ်းနည်းနေရင် သူများက လိုက်ပြီး
ဝမ်းနည်းနေမှ ကြိုက်တယ်။
ငါဝမ်းနည်းနေတာကို သူဝမ်းမနည်းရင်
အဲ့ဒါ “ငါ့ကို မချစ်လို့” ဆိုပြီးတော့ စိတ်ဆိုးတတ်တယ်။

သူကတော့ နေနိုင်လိုက်တာ၊ စိမ်းကားလိုက်တာ
အဲသလို ထင်တတ်တယ်။
တကယ်ချစ်တဲ့သူ ဟာ . . .
“စိတ်ဆင်းရဲနေတယ်၊ဒါပေမဲ့ ကိစ္စမရှိပါဘူး။
သူ စိတ်မဆင်းရဲပါစေနဲ့ ။ ငါစိတ်ဆင်းရဲတာ
သူ့ဆီ မကူးစက်ပါစေနဲ့ ” လို့ သဘောထားနိုင်တယ်။

ထို့အတူပဲ ကိုယ့်ချစ်တယ်ဆိုရင် သူစိတ်ဆင်းရဲတဲ့အခါမှာ
ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ လိုတယ်နော် ။

အပြန်အလှန်ပဲ။

ငါ့ဟာငါ စိတ်ချမ်းသာအောင် ကြိုးစားပြီးတော့ နေပါ့မယ်။
နင်လည်းပဲ ကိုယ့်ဟာကိုယ် တရားနှလုံးသွင်း၊
ကိုယ့်စိတ်ကိုသိ ၊ ကိုယ့်စိတ်ကို ကြည့်ပြီးတော့
နားလည်ပြီးတော့ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပါ။
အဲလိုဖြစ်သွားရင် ( psychologically independent) ဖြစ်နေပြီနော်။

ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့က ပေးနိုင်ဖို့က
ကိုယ့်အတွက် အရေးကြီးဆုံး နဲ့ အကောင်းဆုံးပဲ။
အင်မတန် ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ ၊အေးချမ်းတဲ့ ၊
သဘောထားကြီးတဲ့ “မေတ္တာစိတ်” ဖြစ်လာမယ်။
အဲဒီစိတ်က အားရစရာ ၊ ကျေနပ်စရာ အကောင်းဆုံးပဲ။

-【ဆရာတော် ဦးဇောတိက ၏ “မေတ္တာတရား စာအုပ်”မှ
ကောက်နှုတ် ဖော်ပြပါသည်။】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment