Saturday, May 3, 2014

စိတ်ထိန်းနည်း


ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား။
၁။ နတ်တွေ နတ်ပြည်ဆင်းပြီး အလှူပေး
ကြောင်း မှတ်သားဖူးပါသည်။ နတ်ဘုံတွင်
ဒါန သီလ ဘာဝနာ လုပ်လို့ရနိုင်မရနိုင်သိ
လိုပါသည်။

၂။ သူတစ်ပါးပစ္စည်းကို စိတ်ထဲကယူမိရင်
ငါးပါးသီလ ပျက်သလား။

၃။ မိဘများထံ အလှူငွေပေးပို့၍ဖြစ်စေ၊
အွန်လိုင်းမှတဆင့်ဖြစ်စေ လှူဒါန်းရသဖြင့်
ကိုယ်တိုင်မလုပ်ရသော တပည့်တော်၏
အလှူဒါနမှာ အကျိုးရှိနိုင်ပါသလား။ ဆွမ်း
ပန်း ရေချမ်းကပ်လှူခြင်းကိုတော့ ပုံမှန်ပြု
လုပ်နိုင်ပါသည်။

၎။ ကောင်းမှုတွေ လုပ်နေရင်း မကောင်း
စိတ်တွေဝင်လာတတ်သဖြင့် ကိုယ့်ကိုယ်
ကို အားမရ ဖြစ်မိပါသည်။မကောင်းစိတ်
တွေမဖြစ်အောင် မည်သို့စိတ်ကိုထိန်းချုပ်
ရမည်ကို သိလိုပါသည်။

ကောင်းမြတ်ဇော်၊ စင်္ကာပူ။

၁။ နတ်တွေ လူ့ပြည်ဆင်း အလှူ ပေးရုံ
မကဘူး၊ ၀ိဓူရဇာတ်မှာ သိကြားမင်း လူ့
ပြည်ဆင်းပြီး ဥပုသ်စောင့်တဲ့ သာဓက
လည်းရှိပါတယ်။ နတ်ဘုံ နတ်ဘ၀ဆို
တာ ယခင်ဘ၀ ကုသိုလ်ကြောင့် အရာ
ရာပြည့်စုံလို့ ပျော်ရွှင်စရာကာမအာရုံတွေ
များလွန်းတဲ့အတွက် ဒါန သီလ ဘာဝနာ
လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ အစ္ဆရာဂဏေန
သဗ္ဗဒါ ပရိဝါရိယမာနဿ ကာမဂုဏာ
ကိဏ္ဏဿ တဗ္ဗိရဟိတဋ္ဌာနဿ အဘာဝါ
= နတ်သမီးတွေအမြဲဝန်းရံနေတဲ့ ကာမ
အာရုံတောမှာ ကာမမဲ့ဆိတ်ငြိမ်နေရာဆို
တာ ရှားသား။ မူလဋီ ၂၊ ၂၃၃ တဲ့။

ဒါပေမယ့် လုပ်လို့မရနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်
တော့မဟုတ်ပါဘူး။ သုဓမ္မာဓမ္မာရုံမှာတရား
နာနိုင် စူဠာမုနိ စေတီမာ ပန်း ဆီမီး ပူဇော်
ရင်း ဗုဒ္ဓါနုဿတိနဲ့ ပုတီးလည်း စိပ်နိုင်
လောက်ပါတယ်။ ထက်သန်နေတဲ့ သဒ္ဓါ
တရား ဓါတ်ခံလေးကိုတော့ မပျောက်ပျက်
အောင် ခုကတည်းက အလေ့အကျင့် လုပ်
ထားပေါ့။

၂။ သိက္ခာပုဒ်တစ်ခုစီရဲ့အင်္ဂါရပ်ထဲမှာ ကျူး
လွန်ခြင်းဆိုတာ ပါတယ်။ ဒါကြောင့်ကိုယ်နဲ့
နှုတ်နဲ့မကျူးလွန်သ၍ ကံမမြောက်ပါဘူး။
မကောင်းစိတ်ကိုကောင်းစိတ်အဖြစ်ပြောင်း
ပြီး အမြန်ဆုံးဆေးပြစ်လိုက်ရင် စင်ကြယ်
နိုင်ပါတယ်။

၃။ ကွယ်လွန်သူကို ရည်မှန်းပြီး ကျန်ရစ်သူ
တွေကတောင် ကုသိုလ်အမျှဝေနိုင်သေးတာ
ပဲ။ မိမိရဲ့အလှူဝတ္ထုနဲ့ မိဘမွေးခြင်းတွေလုပ်
တဲ့ကုသိုလ်ကို ၀မ်းမြောက်သာဓုခေါ်ခွင့်ရှိရင်
မိမိပြုသလိုပါပဲ။ ဆက်လုပ်ပါ။ ဆွမ်းတော်
ပန်းတော် သောက်တော်ရေ ကပ်လှူတယ်
ဆိုတာတွေလည်း ဗုဒ္ဓါနုဿတိအာရုံကိုပီပြင်
စေတဲ့ နေ့စဉ်ကောင်းမှုအထူးဖြစ်တဲ့အတွက်
မပျက်မကွက်ဆက်လက်ပြီးဆောင်ရွက်ပါ။

၎။ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို
ဖြစ်စေ ဗုဒ္ဓါနုဿတိစတဲ့ သမထတစ်မျိုးမျိုး
ကိုဖြစ်စေ ထပ်ကာထပ်ကာ ပွားများနေရင်
ကုသိုလ်တွေအဖြစ်များပါလိမ့်မယ်။ ပါပသ္မိံ
ရနတိမနော = စိတ်ဟာမကောင်းမှုမှာပျော်
မွေ့တယ် ဆိုတဲ့အတိုင်း သူသူ ကိုယ်ကိုယ်
ပုထုဇဉ်တို့ရဲ့ နေ့စဉ်ဘ၀မှာ အကုသိုလ်
စိတ်တွေဖြစ်နေတတ်တာပါပဲ။

မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်ပေါ်
အောင် ဖြစ်ပြီး အကုသိုလ်ကို ပျောက်သွား
အောင်မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်ပေါ်
အောင် ဖြစ်ပြီး ကုသိုလ်တွေ ပိုမို ဖြစ်လာ
အောင် ပေါ့ပေါ့နေလို့ မရဘူး။ လုံ့လ အား
ထုတ်ပြုရတယ်။ စိတ္တံ ဂုတ္တံ သုခါဝဟံ =
စောင့်ရှောက်ထားတဲ့ စိတ်ဟာ ချမ်းသာမှု
ဆီ ဆောင်ကြဉ်းတယ်လို့ရှင်တော်ဗုဒ္ဓဟော
ကြားပါတယ်။ လိုက်နာကျင့်သုံးနိုင်ပါစေ။

အရှင်ကေလာသ (USA)
ဓမ္မအမေးအဖြေများ-၂

No comments:

Post a Comment