Saturday, May 3, 2014

အင်္ဂါသား ဆရာတော် (၃)ပါး၏ သံဝေဂ


၁။ ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ) ဆရာတော်၏ သံဝေဂ
------------------------------

ဆရာတော်ဟာ
သာသနာဘောင်မ၀င်မီက
အဘိဓမ္မာမှာ ပုဂ္ဂိုလ်သတ္တ၀ါတို့ရဲ့စိတ်ဟာ
လက်ဖျောက်တစ်ချက်(တစ်စက္ကန့်)အတွင်းမှာ
ကုဋေတစ်သိန်းကျော် ဖြစ်ပျက်တယ်။

အဲဒီကုဋေတစ်သိန်းကျော်ထဲမှာ
နောက်ဘ၀တွေအတွက် ဘ၀သစ်ဖြစ်ဖို့
ပဋိသန္ဓေစိတ်ဖြစ်မဲ့
ကောင်းကျိုး မကောင်းကျိုးပေးတဲ့စိတ်က
ကုဋေ(၄)သောင်း ဖြစ်တယ်။

အဲဒီတော့ ပုထုဇဉ်တို့ရဲ့စိတ်ဟာ
ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်မှာ
မကောင်းတဲ့စိတ်ဘက်ကို
အားသာနေတာမို့
မကောင်းတာတွေပဲ
တွေးမိမှာသေချာနေပါတယ်။

အဲဒီလို မကောင်းတာတွေ
များများတွေးမိမဲ့ ပုထုဇဉ်တွေဟာ
မိမိစိတ်ကို မေတ္တာပွားများမှု၊
ဘုရားဂုဏ်တော်ပွားများမှု
တရားတစ်ခုခုနဲ့မှ
မထိန်းနိုင်ဘူးဆိုရင်
မကောင်းတဲ့အတွေးတွေဟာ
ဖြစ်ချင်တိုင်းဖြစ်ပြီး
စက္ကန့်ပေါင်းများစွာမက
နာရီပေါင်းများစွာဖြစ်ကာ
အပါယ်ပဋိသန္ဓေအကျိုးတွေဟာ
နေ့စဉ်ရရှိနေမှာ။

ဒါကြောင့် သာသနာ့ဘောင်မှာ
တရားရှု့မှတ်ခြင်းများ
သာသနာအတွက် အလုပ်လုပ်ခြင်းများနဲ့
မကောင်းတဲ့စိတ်တွေ
မတွေးတောနိုင်အောင်
ပြုလုပ်မယ်ဆိုပြီး သာသနာဘောင်
ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်လို့ မှတ်သားခဲ့ရပါတယ်။

(မိမိတကယ်ချစ်လို့၊
တွယ်တာလို့၊
မမြင်ရရင် မနေနိုင်အောင်ဖြစ်လို့စသည်ဖြင့်
ပေါင်းသင်းနေထိုင်ကြတဲ့
လင်မယားတွေတောင်မှ
ဇနီးနဲ့ခင်ပွန်းတို့ဟာ
တစ်ချိန်ကျရင်
ကိုယ့်လမ်းကိုလျှောက်ရမှာမို့
ခွဲခွာခဲ့ရမှာပါ။

အဲဒီလို ခွဲခွာတဲ့အခါ
ကိုယ့်လုပ်တဲ့ ကောင်းမှု
မကောင်းမှုအလျောက်
ဘ၀သံသရာ ဖြတ်သန်းကြရပါတယ်။

နှစ်ဦးသဘောတူနဲ့
တစ်ခါတလေ ပြုလုပ်ဖြစ်ကြတဲ့
ကောင်းကံမကောင်းကံသာ
တူညီကြတာရှိပြီး
များသောအားဖြင့်
မနောကံ ကောင်းကံမကောင်းကံတွေက
တူညီကြမှာ မဟုတ်ပါဘူး။

အဲဒီကံတွေက ကိုယ်တိုင်တစ်ယောက်တည်းသာ ခံစားရမှာမို့ အိမ်ထောင်သည်များဘ၀မှာလည်း
ဘ၀အတူတူလျှောက်လှမ်းကြတယ် ထင်ရပေမဲ့
နောက်နောင်တွေမှာ
သံသရာခရီး အပေါ်လမ်း၊
အောက်လမ်းတို့ကို
မိမိကာယကံရှင်သာ
အဓိက လျှောက်လှမ်းရမယ်ဆိုတာ မမေ့ကြပါနဲ့။

အိမ်ထောင်ပြုတယ်ဆိုတာ
တချို့က
ပါရမီဖြည့်ဖက်ဖြစ်အောင်လို့ပြောကြပေမဲ့
ပါရမီဖြည့်ဖက်ဖြစ်အောင်
ပြုလုပ်နိုင်ကြသူက
တစ်ရာမှာတစ်ယောက်ကို
ရှားပါးလှပါတယ်။

အဲဒါကြောင့် အိမ်ထောင်သည်များ
အထူးသတိထားရမှာက
ကိုယ့်ချစ်လို့ယူထားကြပေမဲ့
သံသရာအထိ ဆက်ချစ်နိုင်ဖို့၊
သံသရာမှာ အတူဖြတ်သန်းနိုင်ဖို့
ကောင်းကံမကောင်းကံများကို
တက်နိုင်သမျှ အတူလက်တွဲကြဖို့ လိုပါတယ်။
မနောကံပြုလုပ်မှုတွေက
မတူညီမှာများတာမို့ ဘ၀ကြင်ဖော်
ထာဝစဉ်ဖြတ်သန်းနိုင်ဖို့က
ဝိပဿနာကုသိုလ်ပါ
အတူပြုကြမှ ဖြစ်ပါလိမ့်မယ်။)

၂။ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဆရာတော်၏ သံဝေဂ
-------------------------------

စာရေးသူ အမြဲတမ်းသတိရနေတဲ့
စာရေးသူရဲ့ဘ၀သခင်
ကျေးဇူးရှင်ကတော့ ကျမ်းပြုအကျော်မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ပါပဲ၊
မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့
စကားတစ်ခွန်းကြောင့်
စာရေးသူရဲ့ဘ၀ဟာ
လူဝတ်ကြောင်အဆင့်ကနေ
ရှင်ရဟန်းအဆင့်ကို
တိုးတက်ပြောင်းလဲလာခဲ့ရပါတယ်၊

စာရေးသူ ကိုးတန်းကျောင်းသားဘ၀မှာ
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့
ဓမ္မစကြာတရားတော်စာအုပ်ကို
ဖတ်ရှုခဲ့ရပါတယ်။

အဲဒီစာအုပ်ထဲက စာရေးသူရဲ့ နှလုံးသားကို
အရှိန်ပြင်းပြင်း ထိုးဖောက်ဝင်ရောက်ခဲ့တဲ့
စကားစုကတော့
“ကိလေသာ တွေဟာ
နူနာရောဂါနှင့်တူတယ်၊
ကာမဂုဏ်ချမ်းသာတွေဟာ
မီးပုံကြီးနှင့်တူတယ်၊
ကာမဂုဏ်ချမ်းသာ
ခံစားနေတာဟာ
နူနာရောဂါထလာလို့ ယားလွန်းတဲ့အတွက်
မီးကင်ပြီးအယား ဖျောက်နေတာနဲ့တူတယ်” ဆိုတဲ့ စကားစုပါပဲ။

ပုထုဇဉ်သားအားလုံးဟာ
ကိလေသာနူနာရောဂါသည်တွေချည်းပဲဆိုတဲ့
စကားတစ်ခွန်းဟာ
စာရေးသူရဲ့ရင်ထဲမှာ
အချိန်ရှိသမျှ ပဲ့တင်ထပ်နေခဲ့ပါတယ်၊

စာဖတ်တော့လည်း သြော်-ငါ မီးကင်နေတာ၊
ထမင်းစားတော့လဲ သြော်-ငါ မီးကင်နေတာ၊
အ၀တ်ဝတ်တော့လဲ သြော်-ငါ မီးကင်နေတာ၊
ကိုယ်ဘာပဲလုပ်လုပ် မီးကင်နေတာ၊
အယားဖျောက်နေတာလို့
ဆင်ခြင်မိလျက်သား ဖြစ်နေသလို
သူတစ်ပါးတွေ လုပ်နေကိုင်နေ၊
ပျော်ပါးနေတာတွေကို မြင်တိုင်းလည်း
မီးကင်းနေတာ၊ အယားဖျောက်နေတာလို့ပဲ
အလိုလိုတွေးမိလျက်သား ဖြစ်နေခဲ့ပါတယ်လို့
ဆရာတော်က သံဝေဂရခဲ့ပါတယ်။

(ဆိုလိုရင်းကတော့
ကာမဂုဏ်အာရုံငါးပါး ချမ်းသာဆိုတာ
တခဏတွင်းလေးပဲ နူနာအယားပြေသလို
ပြေပျောက်ပြီး ပြည့်စုံသွားတယ်ဆိုတာ
မရှိတာမို့ ပုထုဇဉ်တွေဟာ
မိုက်ပြီးရင်းမိုက်နေတာကြောင့်
လောကသံသရာ
အမိုက်လောကကြီးကနေ
မထွက်ခွာရဘဲ ဒုက္ခပင်လယ်ကြီးကို
ပျော်ပျော်ကြီး လက်ပစ်ကူးနေကြတယ်။

တကယ်ချမ်းသာစစ်အမှန်
မြတ်နိဗ္ဗာန်ကိုရောက်ဖို့အတွက်
မလုပ်ဖြစ်ကြဘူး။
ဒုက္ခဆင်းရဲတွေ့မှ အော် ဒုက္ခဆင်းရဲလိုက်တာ၊
စိတ်ညစ်လိုက်တာဆိုပြီး ငြီးကြတယ်လေ။
အဲဒီလိုဖြစ်အောင် မိမိကိုယ်တိုင်
ပြုလုပ်နေတယ်ဆိုတာကျတော့
မသိကြဘူးလေ။
တကယ်တော့ ဆင်းရဲဒုက္ခတွေ၊
စိတ်ညစ်မှုတွေ၊
စိတ်ချမ်းသာမှုတွေဆိုတာ
မိမိကိုယ်တိုင်လုပ်ထားကြတာပါ။)

၃။ အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ဆရာတော်၏ သံဝေဂ
-------------------------------

ဆရာတော်ဟာ စွန်းလွန်းဆရာတော်၏
အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ရှု့ခဲ့ရပါတယ်။
စွန်းလွန်းဆရာတော်ဟာ
ကိလေသာကင်းကွာ
ရဟန္တာမထေရ်မြတ်တစ်ပါး ဖြစ်ခဲ့တယ်။
ရဟန္တာဖြစ်ပြီးနောက်
ယခုဘ၀ရဲ့ အရင်က ဘ၀(၅၀၀)ကို
ပြန်လည်မြင်နိုင်ခဲ့တယ်။

အဲဒီဖြစ်ခဲ့တဲ့ ဘ၀(၅၀၀)ကိုကြည့်လိုက်တဲ့အခါ
လူ့ဘ၀ကို (၂)ကြိမ်သာ ရခဲ့ပြီး
အပါယ်တိရစ္ဆာန်ဘ၀ကို (၄၉၈)ဘဝ
ရရှိခဲ့တယ်လို့ မြင်တော်မူခဲ့ပါတယ်။

ဒီလို ရဟန္တာဖြစ်မဲ့ ပါရမီရှင်ကြီးတောင်
အရင်ဘ၀(၅၀၀)မှာ
လူ့ဘ၀ကို(၂)ကြိမ်သာ ရရှိခဲ့ပြီး
အပါယ်တိရစ္ဆာန်ဘ၀တွေသာ
များနေခဲ့တာကို ထောက်ဆကြည့်လိုက်ရင်
ငါတို့လို သာမာန်ပုထုဇဉ်တွေဟာ
အရင်အရင်ဘ၀များစွာမှာ
လူ့ဘ၀ကို(၁)ကြိမ်တောင်
ရခဲ့မှာမဟုတ်ဘဲ
အပါယ်(၄)ဘုံသာ
ရောက်ရှိခဲ့ရမှာ သေချာတယ်။

ဒါကြောင့် ယခု ရရှိနေတဲ့
လူ့ဘ၀မှာ သာသနာနဲ့ကြုံနေတုန်း
သူတော်ကောင်းစိတ်ရှိနေစဉ်
မြတ်နိဗ္ဗာန်ကို တိုက်ရိုက်ရောက်အောင်
မလုပ်နိုင်ရင်သော်မှ
အနည်းဆုံး အပါယ်သံသရာကနေ
ထာဝစဉ်လွတ်ကင်းပြီး
သုဂတိဘ၀တွေကနေ
နိဗ္ဗာန်သို့ ဖြတ်သန်းနိုင်တဲ့
ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်လို့
မေတ္တာရှင်ဆရာတော်
သံဝေဂရကာ ၀ိပဿနာကို
အထူးအလေးထားလုပ်ဖို့
ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

(အထက်ပါသံဝေဂများကို
ဦးဇင်းလည်း မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်နဲ့
တရားအကြောင်းဆွေးနွေးကြတဲ့အခါ ကြားသိခဲ့ရတာပါ။ ဆရာတော်ပြောပြတဲ့အကြောင်းအရာကို
ဦးဇင်းက စာဖတ်ပရိသတ်များ
နားလည်လွယ်အောင် ရေးသားတင်ပြလိုက်တာမို့
အမှားတစ်စုံတစ်ရာပါခဲ့ရင်
ဦးဇင်းရဲ့ ရေးသားမှုပိုင်း
အမှားသာ ဖြစ်ပါလိမ့်မယ်။
ဦးဇင်းလည်း ဆရာတော်များရဲ့
သံဝေဂတွေနာကြားရပြီး
ကိုယ်တိုင်လည်း သံဝေဂများစွာ ဖြစ်ခဲ့ရပါတယ်။

''အော်-ငါသေရင် အကုန်လုံးထားခဲ့ရမှာဖြစ်ပြီး
ငါ့နောက်ပါမဲ့ဟာက ကုသိုလ်စိတ်၊
အကုသိုလ်စိတ်နဲ့ပြုလုပ်ခဲ့တဲ့
ကာယကံ၊ ၀စီကံ၊ မနောကံ
အကျိုးတရားတွေသာ
ခံစားရမှာပါလား။

သုံးဆယ့်တစ်ဘုံ၊
အနန္တစကြာဝဠာအတွင်းမှာ
တကယ်တော့ ဖောက်ပြန်တတ်တဲ့
သဘောတရားမျှလေးနဲ့
အာရုံကိုသိတတ်တဲ့
သဘောတရားမျှလေးပဲရှိပြီး
အဲဒါတွေဟာ ကိုင်တွယ်လို့လည်း မရ၊
မြင်လည်းမမြင်ရ။
အသံလည်းမကြားရ၊
အနံ့လည်းမရ၊
အရသာလည်းမရှိဘဲ
တကယ့်ကို သဘောတရားမျှလေးပဲရှိတယ်။

ဒီလို သဘောတရားမျှလေးပဲရှိတဲ့
ဒီလောကကြီးထဲမှာ
ငါက ဘာကိုတွယ်တာမက်မောပြီး
လောဘဖြစ်ရမှာလဲ၊
ဘာကိုဒေါသဖြစ်ရမှာလဲ၊

ဘာမဟုတ်တဲ့အရာတွေကို
အဟုတ်ထင်ပြီး
မှန်ကန်စွာမသိခြင်း
မောဟတွေဖြစ်နေရမှာလဲလို့
သတိတရားများဖြစ်ကာ
တကယ့်ချမ်းသာအစစ်ဖြစ်တဲ့
မြတ်နိဗ္ဗာန်ကို
လျင်မြန်စွာရောက်အောင်
လုပ်ရမယ်ဆိုတာ သိလာရပါတယ်။

နောက်နောင်ကျမှ
ဒီလိုလုပ်ချင်ပါတယ်လို့
နောင်တရနေရင်
နောက်နောင်ဆိုတာ
ကိုယ့်ဘယ်ဘ၀ဖြစ်မယ်၊
ဘယ်လိုစိတ်တွေရှိနေမယ်ဆိုတာ
မသေချာမရေရာတော့ပါဘူးလေ''။)

မှတ်ချက်/ ၀ိုက်ကွင်းပါ စာသားများသည်
စာဖတ်သူများအတွက်
အသိပညာ အမှတ်သတိရစေဖို့
စာရေးသူမှ
ထပ်မံထည့်ရေးပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဦးဇင်းစာဖတ် ပရိသတ်အားလုံးလည်း
သတိတရားနေ့စဉ်ရှိပြီး
ဝင်သက်ထွက်သက်လေး
ရပ်တန့်မသွားခင်
တရားဘာဝနာများ
ပြုလုပ်နိုင်ကြပါစေလို့
ဆန္ဒပြုရင်း ၀ါကျွတ်မှပဲ
ပြန်လည်ဆုံတွေ့ကြပါစို့။

(အရှင်ကောမလ ဆန်နီနေမင်းထံမှ ကူးယူဖော်ပြပါသည်)

No comments:

Post a Comment