Saturday, May 3, 2014

သင်္ဂါယနာတင်ရခြင်း၏ အချက်အလက်များနှင့် သင်္ဂါယနာတင်သမိုင်း


သူတော်စင် ပညာရှင် ရဟန်းသံဃာများ၏ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများ
သင်္ဂါယနာတင်ရခြင်း၏ အချက်အလက်များနှင့် သင်္ဂါယနာတင်သမိုင်း
=====================================
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ဗုဒ္ဓသာသနာတော်အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားရေးအတွက် ရဟန်းသံဃာတော်များသည် ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လိုသော မင်းများ၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ တိုင်းသူပြည်သားများ၏ အလှူဒါနဖြင့် သင်္ဂါယနာ(၆)ကြိမ်တိုင်တိုင် တင်ခဲ့ပုံများကိုလည်းကောင်း၊ သင်္ဂါယနာတင်ရန် ဖြစ်ပေါ်လာသောအကြောင်းရင်းများနှင့် သင်္ဂါယနာတင်ပြီးနောက် သာသနာတော် စည်ပင်ပြန့်ပွားလာပုံများကိုလည်းကောင်း ကြည်ညိုသဒ္ဓါပွားဖွယ်ရာ ဖော်ပြပေးထားပါသည်။

ပထမသင်္ဂါယနာ
မဟာသက္ကရဇ် ၁၄၈-ခုနှစ် (၄၃၈-ဘီစီ)တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သုံးလကြာ ရာဓဇဂြိုဟ်ပြည် အဇာတသတ်မင်းလက်ထက် “သုဘဒ်” ရဟန်းကဲ့သို့ သာသနာညစ်နွမ်းစေမည့် အယူလွဲသူတို့အန္တရာယ်မှ ကာကွယ်ရန်အလို့ငှာ ဝေဘာရတောင်ယံ သတ္တပဏ္ဏိလိုဏ်ဂူ၌ အရှင်မဟာကဿပမထေရ် အမှူးပြု၍ ရှင်ဥပါလိ၊ ရှင်အာနန္ဒာမထေရ်တို့အား အမေးအဖြေပြုကာ ရဟန္တာငါးရာနှင့် ခုနှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုပြီး ပထမသင်္ဂါယနာ တင်တော်မူသည်။

ဒုတိယသင်္ဂါယနာ
သာသနာနှစ် ၁၀၀ (၃၈၃-ဘီစီ)တွင် ဝေသာလီပြည်၊ ကာလာသောကမင်းလက်ထက် အဓမ္မတရားဆယ်ပါး အယူမှားများကို ကာကွယ်စိမ့်သောငှာ ၀ါလုကာရုံကျောင်းတော်ကြီး၌ သဗ္ဗကာမိထေရ်၊ အရှင်ရေ၀တ၊ အရှင်မဟာယသ စသည့် ရဟန္တာမထေရ်ကြီးရှစ်ပါးအမှူးပြု၍အာဂုံဆောင် ရဟန္တာခုနှစ်ရာနှင့် ရှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုကာ ဒုတိယအကြိမ် သင်္ဂါယနာတင်တော်မူသည်။

တတိယသင်္ဂါယနာ
သာသနာနှစ် ၂၃၅ (၂၄၇ -ဘီစီ)တွင် ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထက် ရဟန်းအတုအယောင်များ အန္တရာယ်အညစ်အကြေးမှ သန့်စင်စိမ့်သောငှာ အရှင်မောဂ္ဂလိ ပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာတစ်သောင်း၊ သံဃာတော်ခြောက်သန်းကျော်တို့သည်အသောကာရုံကျောင်းတော်ကြီး၌ ကိုးလတိုင်တိုင် စုပေါင်းရွတ်ဆို၍ တတိယအကြိမ် သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။ ကိုးတိုင်းကိုးဌာနသို့ “ဓမ္မဒူတ”ခေါ် သာသနာ့ စေတမန်များ စေလွှတ်တော်မူသည်။

စတုတ္ထသင်္ဂါယနာ
သာသနာနှစ် ၄၅၀ (၃၃-ဘီစီ)တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၀ဋ္ဋဂါမဏိမင်းလက်ထက် ယခင်အဆက်ဆက် ပိဋကတ်တော်ကို နူတ်ဖြင့်အာဂုံဆောင်ခဲ့ရာမှ “ပေထက်အက္ခရာ” တင်စိမ့်သောငှာ အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာငါးရာကြပ်မတ်၍ မလယဇနပုဒ် အလောကလိုဏ်ဂူ၌ စုပေါင်းရေးခြင်း၊ ရွတ်ဆိုခြင်းတို့ဖြင့် စတုတ္ထအကြိမ် သင်္ဂါယနာတင်တော်မူသည်။

ပဉ္စမသင်္ဂါယနာ
သာသနာနှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၂၂ (အေဒီ-၁၈၇၁) မှစ၍ ၁၁-နှစ်တိုင်တိုင် မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ရတနာပုံ မန္တလေး နေပြည်တော်တွင် ပိဋကတ်တော်များ သန့်စင်တည်တံ့ ခိုင်မာစိမ့်သောငှာ ရဟန်းပညာရှိ၊ လူပညာရှိတို့ အဆင့်ဆင့် ကြပ်မတ်စိစစ်ကာ “ကျောက်ထက်အက္ခရာ” တင်စေခဲ့လေသည်။ မဟာဓမ္မရာဓဇာဓိရာဇဂုရု ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် ၂၄၀၀တို့ စိစစ်မေးဖြေ၍ သီဟာသန ပလ္လင်တော်ရှေ့၌ ပဉ္စမအကြိမ် သင်္ဂါယနာတင်တော်မူသည်။

ဆဋ္ဌသင်္ဂါယနာ
သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် (၁၃၁၆ မှ ၁၃၁၈) (အေဒီ ၁၉၅၄ မှ ၁၉၅၆)၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ဆဋ္ဌသိင်္ဂီမဟာပါသဏဂုဟာ ကျောက်လိုဏ်ဂူတော်ကြီးတွင် ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်၍ ကမ္ဘာအရပ်ရပ်သို့ ပိုမိုပျံ့နှံ့ကာ အဓွန့်ရှည်ကြာစိမ့်သော ငှာ ညောင်ရမ်းဆရာတော်ဘုရား၊ နောင်တွင် မစိုးရိမ်ဆရာတော်ဘုရားတို့က သံဃနာယကပြုပြီး မဟာစည်ဆရာတော်က မေး၍ မင်းကွန်း တိပိဋကဓရ ဆရာတော်က ဖြေဆိုတော်မူကာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ်းပူးချားနိုင်ငံ၊ လောနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ စသော ထေရ၀ါဒနိုင်ငံ ၅-နိုင်ငံမှ သံဃာတော်များအပါအ၀င် သံဃာတော်ပေါင်း ၂၆၁၇-ပါး တို့နှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူသည်။

-----------------
မေတ္တာရိပ်မှ မျှဝေသည်။

No comments:

Post a Comment