လူသားမှန်သမျှ ပုခက်နှင့်ဝေးပြီး အသက်ကြီးလာသည်နှင့်အမျှ သုဿာန်နှင့်ကား နီးသထက်နီး လာခဲ့ရလေပြီ။ သေခြင်းတရားကို မည်သည့်စစ်တပ်နှင့်စုပြီး ခံသော်လည်း လွတ်ဖို့ရာမရှိပါချေ။ ထို့ကြောင့်လည်း ရှင်တော်ဗုဒ္ဓက ပဋ္ဋိစ္စသမုပ္ပါဒ်တွင် ဇာတိဟူသော ပဋ္ဋိသန္ဓေနေခြင်း(ဖြစ်ခြင်း) ရှိခဲ့လျှင် စုတိဟူသော သေခြင်း(ပျက်ခြင်း) ဖြစ်ရမည်မှာမလွဲဟု ဟောခဲ့ခြင်း ဖြစ်ပေသည်။
“ပုထုဇဉ်တို့ မသိနိုင်သောအရာငါးမျိုး”
ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံဂတိ -
ဟူသော ဒေသနာအတိုင်း ပုထုဇဉ်တို့ ကြိုတင်မသိနိုင်သော အရာငါးမျိုးတွင် သေခြင်းနှင့် သက်ဆိုင်သောအရာက ငါးမျိုးလုံး ဖြစ်နေသောကြောင့်ဟု ဖြေပါမည်။ ၄င်းငါးမျိုးမှာ -
၁) ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်ခြင်း
၂) ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်ခြင်း
၃) နံနက်၊ နေ့လည်၊ ည ဘယ်ကာလမှာ သေမည်ဟု မသိနိုင်ခြင်း
၎) ဘယ်င်္သချိုင်းမှာ ချမည်ဟု မသိနိုင်ခြင်း
၅) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်ခြင်းတို့ ဖြစ်ပေသည်။
ထို့ကြောင့်လည်း ဗုဒ္ဓက ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် သေခြင်းတရားသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည် ဟူ၍၄င်း၊ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊ “ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ” ဟူ၍၄င်း ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။ အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်ကိုသာလျှင် မိမိကိုးကွယ်အားထားရာဟူသော ဒေသနာတော်၏ တိကျမှန်ကန်မှုကို အသက်ရှင်နေထိုင်စဉ်ကထက် သေခါနီးအချိန်တွင် ပို၍သိလာနိုင်သည်။ ထို့ကြောင့်လည်း မန်လည်ဆရာတော်ကြီးက မဃဒေ၀တွင် -
ရေဘေးမီးဘေး၊ ပြည်ပျက်ဘေးကား၊ ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏၊ အိုဘေးနာဘေး သေခြင်းဘေး ဟု၊ ဤဘေးသုံးပါး၊ လွန်ကြီးမားက၊ သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊ မျက်စိအောက်တွင်၊ ရင်ခွင်တင်လျှက်၊ သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ၊ နေရစွာရှင့် - ဟု စပ်ဆိုတော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤမျှထိ ဖတ်ရှုမိလျှင် စာရှုသူများအနေဖြင့် သေနည်းကို မိမိကိုယ်တိုင် စောစောစီးစီး လေ့လာသင်ယူမှ ဖြစ်မည်ဟူသောအသိကို ရရှိနိုင်ပြီ ဖြစ်ပါလိမ့်မည်။ သေနည်းကို ငယ်သည်၊ ကြီးသည်မဟူ ယခု ဆောင်းပါးဖတ်ပြီးသည်နှင့် ယခုပင် လေ့ကျင့်ပါတော့ဟု မေတ္တာရှေ့ထား၍ တိုက်တွန်းချင်ပါသည်။ သေနည်းသင်ယူကြမည့် သူများအနေနှင့် ဖောပြပါအချက်သုံးချက်ကို ကြိုးစားလေ့ကျင့် ထားကြဖို့သာလိုပါသည်။
၁) မရဏာနုဿတိဘာဝနာကို သတိရတိုင်း ပွားပါ။
၂) လောဘ၊ ဒေါသ၊ မောဟ၏ ဆိုးကျိုးအပြစ်များကို သိအောင်ကြိုးစား၍ မိမိသန္တာန်မှာ အဖြစ်နည်းအောင် အားထုတ်ပါ။
၃) ဒါန၊ သီလ၊ ဘာဝနာ ဘယ်အရာနှင့် သေမည်ကို ဆုံးဖြတ်ပြီး ကြိုတင်လေ့ကျင့်ပါ။
* * * * * * * * * * * * * * * * * * * * * *
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးမိုးအုပ်ချုပ်နေတဲ့အချိန် မြို့တံခါးအနီးမှာ ပုဏ္ဏားမိသားစု ခြောက်ယောက်ရှိကြတယ်။ ပုဏ္ဏားကြီး၊ ပုဏ္ဏေးမကြီးရယ်၊ သားရယ်၊ ချွေးမရယ်၊ သမီးရယ်၊ ကျွန်မလေးရယ်ပေါ့။ ကျွန်မလေးကိုလည်း သမီးတစ်ယောက်လို သဘောထားတော့ မိသားစုလိုပဲ ဖြစ်နေတာပေါ့။ မိသားစုအားလုံးကို ပုဏ္ဏားကြီးက မရဏာနုဿတိဘာဝနာကို ပွားများခိုင်းထားတယ်။
သူကိုယ်တိုင်လည်း အမြဲပွားများတယ်။ ပရိသတ်များလည်း ပွားများတတ်အောင် သင်ပေးခဲ့ပါမယ်။ အားလုံး လိုက်ဆိုပါ။
မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ။
မေ - ငါ့အား၊ မရဏံ - သေရခြင်း သဘောသည် ဓုဝံ - အမြဲရှိ၏၊ မေ - ငါ့အား၊ ဇီဝိတံ - အသက်ရှင်၍ နေရခြင်းသဘောသည်၊ အဓုဝံ - အမြဲမရှိ။
မြန်မာလို လိုက်ဆိုပါဦး။
ငါ့အားသေရခြင်း သဘောသည် အမြဲရှိ၏။
ငါ့အား အသက်ရှင်၍ နေရခြင်း သဘောသည် အမြဲမရှိ။
အဲဒါလေးကို သတိရတဲ့အခါတိုင်း စိတ်ထဲကနေ ရွတ်ဆိုပွားများနေပါ။ ပုဏ္ဏားကြီးတို့ မိသားစုလည်း အဲဒီလို ပွားများလာကြတာ နှစ်အတော် ကြာသွားကြပြီပေါ့။ တစ်နေ့တော့ သားအဖနှစ်ယောက် လယ်ထဲက အမှိုက်စတွေ စုပြီး မီးရှို့ကြတယ်။ ထွက်လာတဲ့ မီးခိုးတွေက တောင်ပို့ပေါက်ထဲ လေသင့်တော့ ၀င်ကုန်တယ်။ တောင်ပို့ထဲမှာနေတဲ့ မြွေဟောက်က ဒေါသဖြစ်သွားတယ်။
“ငါ့ကို မီးခိုးမွှန်အောင် လုပ်တဲ့သူ၊ သေပေတော့” ဆိုပြီး တောင်ပို့ထဲက ထွက်လာပြီး ပုဏ္ဏားကြီးရဲ့သား ခြေထောက်ကို ပေါက်လိုက်တယ်။ အဆိပ်ပြင်းတဲ့အတွက်ကြောင့် တုံးခနဲလဲပြီး ချက်ချင်းသေသွားတယ်။ သားသေတာကို မြင်လိုက်တာနဲ့ ပုဏ္ဏားကြီးက သေခြင်းသဘောတရားရှိတဲ့ အရာဟာ သေရတာပဲ၊ ပျက်စီးခြင်း သဘောတရားရှိတဲ့ အရာဟာ ပျက်စီးရတာပဲ။
ငါ့အား သေရခြင်းသဘောသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်၍ နေရခြင်းသဘောသည် အမြဲမရှိလို့ ပွားများရင်း သားအလောင်းကို မီးသင်္ဂြိုလ်ရအောင် ထင်းတွေရှာပြီး ချက်ချင်းပြင်ဆင်တယ်။ တစ်ချက်မှ မျက်နှာမညှိုးဘူး။ မရဏာနုဿတိ ဘာဝနာရဲ့ စွမ်းရည်ပေါ့။ ပြင်ဆင်ပြီးတာနဲ့ အိမ်ဘက်သွားမယ့် လူကြုံတစ်ယောက်ကို မှာလိုက်တယ်။
ပုဏ္ဏေးမကြီးနဲ့ မိသားစုအားလုံး ပန်းနံ့သာ လက်ဆွဲပြီး လယ်ထဲကို လိုက်လာကြပါ။ ထမင်းကိုလည်း တစ်ယောက်စာသာ ထုပ်ခဲ့ပါ ဆိုတဲ့ အမှာစကားကို ကြားရတော့ ပြောလာသူကို တစ်ချက်ပဲ ပြန်မေးလိုက်တယ်။ “အခုမှာလိုက်သူဟာ ပုဏ္ဏားကြီးလား၊ သားကြီးလား” တဲ့။ လူကြုံက “ပုဏ္ဏားကြီးက မှာလိုက်တာပါ” လို့ဖြေလိုက်တာနဲ့ ပုဏ္ဏေးမကြီးက သိသွားပြီ။ “ယနေ့ ငါ့သားတော့ ဆုံးရှာပြီ” လို့။
သေတာမငိုသော မိသားစု
မိသားစုအားလုံးကို သားသေကြောင်း အသိပေးပြောကြားပြီး မီးသဂြိင်္ုလ်ဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းကလည်း တစ်ယောက်စာသာ ထုပ်လို့ပေါ့။ လယ်ထဲရောက်တော့ အလောင်းဘေးမှာ ၀ိုင်းထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ မရဏာနုဿတိဘာဝနာကို ပွားများကြတယ်။ ရုပ်ပျက်ဆင်းပျက် အော်ဟစ်ငိုဖို့ နေနေသာသာ မျက်ရည်တောင် မလည်ကြပါဘူးတဲ့။ ဘာဝနာပွားပြီးတာနဲ့ သားအလောင်းကို မီးသဂြိင်္ုလ်ကြတယ်။
သူတို့ရဲ့ မရဏာနုဿတိဘာဝနာ တန်ခိုးကြောင့် သိကြားမင်းတောင် မနေနိုင်ဘဲ တာဝတိံသာက ဆင်းလာပြီး ခရီးသွားအယောင်ဆောင်ကာ ပုဏ္ဏားကြီးကို စမေးတယ်။
“အသင်ပုဏ္ဏားကြီးတို့ မိသားစု ဘာလုပ်နေကြတာပါလဲ” တဲ့။
“လူသေအလောင်းကို မီးသဂြိင်္ုလ်နေကြတာပါ”
“ကျွန်ုပ်တော့ လူသေ မီးရှို့တယ်လို့ မထင်ဘူး၊ သားကောင်တစ်ကောင်ကို မီးရှို့တယ်လို့ပဲ ထင်တယ်”
“မဟုတ်ပါဘူး ခရီးသွားကြီး။ လူသေကောင်ကို မီးရှို့တာပါ”
“လူသေဆိုရင်လည်း အဲဒီသေတဲ့သူဟာ သင်တို့ရဲ့ ရန်သူဖြစ်မယ် ထင်ပါတယ်”
“ရန်သူမဟုတ်ပါဘူး၊ ကျွန်ုပ်ရဲ့ သားကြီးပါ”
“သားဆိုရင်လည်း မုန်းစရာကောင်းတဲ့ သားဖြစ်မယ်ထင်ပါတယ်”
“မဟုတ်ပါဘူး၊ လိမ္မာပြီး အလွန်ချစ်စရာကောင်းတဲ့ သားတစ်ယောက်ပါ”
“ဒါဆိုရင် ဖခင်ဖြစ်တဲ့သင်ဟာ ဘာဖြစ်လို့ မငိုတာလဲ”
“မိတ်ဆွေ၊ မြွေဟာ အရေဟောင်းကိုစွန့်ပြီး လိုရာသွားသကဲ့သို့ ကျွန်ုပ်သားသည်လည်း ဘ၀ဟောင်းကိုစွန့်၍ ဘ၀သစ်သို့ သွားခဲ့လေပြီ။ ဤရုပ်ကလာပ်သည် ဘာမျှအသုံးမကျတော့ပေ။ သေလွန်သွားသူအတွက် ငိုကြွေးလို့ ကျွန်ုပ်အတွက် ဘာအကျိုးရှိမှာလဲ၊ ကျွန်ုပ်တို့က ငိုကြွေးနေသော်လည်း ဘ၀တစ်ပါးရောက်သွားသူက ဘာမှမသိတော့ပေ၊ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ်မိတ်ဆွေ”
“အင်း… တော်ပါပေတယ်၊ တော်ပါပေတယ်” ဟုပြောကာ ပုဏ္ဏေးမကြီးဘက် လှည့်မေးပြန်ပါတယ်။
“အစ်မကြီးနဲ့ ခုသေသွားသူဟာ ဘာတော်ပါသလဲ”
“ကျွန်မ၀မ်းမှာ ဆယ်လလွယ်ပြီး မွေးခဲ့ရတဲ့ သားအရင်းပါ”
“သားအရင်းသေတာတောင် မျက်ရည်တစ်စက်မကျတာ ဘယ်လိုကြောင့်ပါလဲ”
“ခရီးသွားကြီး ကျွန်မသားဟာ ကျွန်မကမခေါ်ဘဲနဲ့ ဒီဘ၀ထဲကို ရောက်လာတာပါ၊ အခုလည်း ကျွန်မကမနှင်ဘဲ သူ့ဟာသူ ဘ၀တစ်ပါးကို ပြန်သွားခဲ့ပါပြီ၊ အဲဒီလို မခေါ်ဘဲနဲ့လာ၊ မနှင်ဘဲနဲ့ ပြန်သွားသူတစ်ယောက်အတွက် ကျွန်မငိုနေလို့ ဘာမှအကျိုးမရှိပါဘူး” လို့ဖြေလိုက်တော့ သိကြားမင်းလည်း တအံ့တသြဖြစ်ပြီး သေသူရဲ့ နှမကိုမေးမြန်းပါတယ်။
“တူမနဲ့သေသူ ဘာတော်ပါသလဲ”
“မောင်နှမတော်ပါတယ်”
“ဒါဆိုရင် ကိုယ့်အစ်ကို တစ်ယောက်သေတာ ဘာဖြစ်လို့ မငိုတာလဲ”
“ဦးကြီး သေသူအတွက် ငိုကြွေးပြီး မစားနိုင်၊ မသောက်နိုင်ဖြစ်ရင် ပိန်လှီပြီး ရောဂါရတာပဲ ရှိမှာပေါ့၊ သေသူအတွက်ရော ငိုသူအတွက်ရော ဘာမှ အကျိုးမရှိပါဘူး ကျွန်မနဲ့ စပ်ဆိုင်သမျှ ဆွေမျိုးသားချင်းတွေက ကျွန်မငိုကြွေးတာ ကြည့်ပြီး စိတ်ဆင်းရဲတာပဲ ရှိမှာပါ။ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ်”
သိကြားမင်းကတော့ အံ့သြပြီးရင်း အံ့သြရင်းပေါ့။ တစ်ခါ သေသူရဲ့ မယားဖြစ်သူဘက် လှည့်ပြီး -
“ဒီဘက်က တူမနဲ့သေသူနဲ့ရော ဘာတော်ပါသလဲ”
“ကျွန်မကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ခင်ပွန်းဖြစ်ပါတယ်”
“ကိုယ့်ခင်ပွန်း လင်သားတစ်ယောက် သေတာတောင် ဘာ့ကြောင့် မငိုကြွေးတာလဲ”
“ကောင်းကင်က လမင်းကိုယူပေးဖို့ ပြောပြီး ငိုကြွေးတဲ့ ကလေးရယ်၊ သေသူကို အာရုံပြုပြီး ငိုကြွေးတဲ့ သူရယ်ဟာ အတူတူပါပဲ၊ ဘာမှ အကျိုးမရှိပါဘူး၊ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ်”
“ဒီဘက်က တူမကရော သေသူနဲ့ ဘာတော်ပါသလဲ”
“သေသူဟာ ကျွန်မရဲ့ သခင်တစ်ယောက် ဖြစ်ပါတယ်”
“သခင်တစ်ယောက် သေတာကို ဘာကြောင့် မငိုကြွေးရတာလဲ၊ အသင့်အပေါ်မှာ နှိပ်စက်ကလူပြုခဲ့တဲ့သူ ဖြစ်နေလို့များလား”
“အမှုလုပ်တွေအပေါ် မေတ္တာ၊ ကရုဏာနဲ့ စောင့်ရှောက်သူတစ်ယောက် ဖြစ်ပါတယ်၊ မငိုကြွေးရတာကတော့ အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့အိုးဟာ ဘယ်လိုမှ အကောင်းပြန်မဖြစ်တော့သလို သေသူအတွက် ငိုကြွေးနေလို့လည်း အသက်ပြန်ရှင်နိုင်တော့တာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် အပိုအလုပ်ဖြစ်တဲ့ ငိုကြွေးခြင်းအလုပ်ကို မလုပ်တာဖြစ်ပါတယ်”
အဲဒီအခါမှာ သိကြားမင်းဟာ သာဓုသုံးကြိမ်ခေါ်ပြီး “သင်တို့ရထားတဲ့ တရားကို နားထောင်ချင်လို့ လာခဲ့ခြင်း ဖြစ်ပါတယ်၊ ငါဟာ နတ်တို့ရဲ့ အရှင်သိကြားမင်းပါ၊ သင်တို့သားဟာလည်း နတ်ပြည်ကို ရောက်နေခဲ့ပါပြီ။ သင်တို့လည်း ယနေ့ကစပြီး ၀မ်းရေးအတွက် ဘာမှမပူကြပါနဲ့တော့၊ သင်တို့မိသားစုအတွက် တစ်သက်စာ ရတနာများကို ပေးခဲ့ပါ့မယ်၊ အကျိုးကြီးလှတဲ့ မရဏာနုဿတိဘာဝနာကို ဆက်လက်ပွားများပြီး ဒါနလည်း ပြုကြပါ၊ သီတင်းသီလလည်း ဆောက်တည်ကြပါ” လို့မှာကြားပြီး နတ်ပြည်ကို ပြန်ကြွသွားခဲ့ပါတယ်။
မရဏာနုဿတိဘာဝနာ
မရဏာနုဿတိဘာဝနာဆိုသည်မှာ မိမိ၏သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းဟု အဓိပ္ပါယ်ရှိပါသည်။ ပွားများနည်းမှာ ငါသည်သေရတော့မည်၊ အချိန်ပိုင်းသာ လိုတော့သည်ဟူ၍လည်းကောင်း၊ ငါ့အား သေခြင်းတရားသည် အမြဲရှိ၏၊ ငါ့အား အသက်ရှင်၍ နေရခြင်းသည် အမြဲမရှိဟူ၍လည်းကောင်း၊ ငါသည် တစ်ရက်ကုန်သည်နှင့် သေဖို့ရာ တစ်ရက်နီးသွားပါပေါ့လား ဟူ၍လည်းကောင်း အသုဘရုပ်အလောင်းများကို မြင်သောအခါ၌ ငါသည်ဤသူကဲ့သို့ တစ်နေ့တွင်ဧကန်မုချ သေဆုံးရမှာပါလား ဟူ၍လည်းကောင်း ပွားများနိုင်ပါသည်။ ဤမရဏာနုဿတိဘာဝနာ ပွားများခြင်းအတွက် လက်ငင်းရရှိမည့် အကျိုးတရားများမှာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲခြင်း၊ ကုသိုလ်တရားကို မြန်မြန်ပြုလုပ်ဖြစ်ခြင်း၊ အကုသိုလ် အလုပ်များကို ရှောင်ရှားနိုင်ခြင်းတို့ ဖြစ်ပေသည်။
မရဏာနုဿတိဘာဝနာ ပွားမထားလျှင်၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ သေခြင်းတရားနှင့် နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရသောအခါ သေခြင်းတရားကို ကြောက်ရွံ့ထိတ်လန့်သော ဒေါသစိတ်ဖြင့် သေရတတ်ပါသည်။ ဒါကြောင့် သေခါနီးမှာ ကြောက်ရွံ့ထိတ်လန့်စိတ်မဖြစ်ဖို့ သေနည်းသင်တန်း တက်ရပါမယ်။ အသေပြင်ထားရပါမယ်။ အသေအနေနဲ့ မရဏာနုဿတိ ဘာဝနာကို ပွားများထားရပါမယ်။ သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းကို မရဏာနုဿတိ ဘာဝနာလို့ ခေါ်ပါတယ်။ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက် ဆိုတဲ့ စကားကလေးက မရဏာနုဿတိဘာဝနာ ကောင်းကျိုးဘယ်လောက်များတယ်ဆိုတာ တိုင်းတာပြခြင်းပါပဲ။
အဲဒီစကားရဲ့လိုရင်း အဓိပ္ပါယ်ကတော့ ကျောင်းကိုဆယ်ခေါက်သွားပြီး ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်ထက် မသာတစ်ခေါက် လိုက်ပို့ရင်း ပွားများလိုက်တဲ့ မရဏာနုဿတိ ဘာဝနာကုသိုလ်က ပိုသာတယ်လို့ ပြောတာပါပဲ။ မရဏာနုဿတိ ဘာဝနာပွားများသူဟာ သေခြင်းတရားနဲ့ ရင်ဆိုင်တဲ့အခါ မတုန်မလှုပ် မကြောက်မလန့် တော့ပါဘူး။
သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားပါတယ်။ အဲဒါဟာ မရဏာနုဿတိ ဘာဝနာပွားများခြင်းရဲ့ ပထမဆုံးကောင်းကျိုးပါ။ ဒုတိယကောင်းကျိုးကတော့ ကုသိုလ်ကောင်းမှု ပြုခွင့်ကြုံလာပြီဆိုရင် အချိန်မဆွဲတော့ပါဘူး။ ချက်ချင်း ပြုဖြစ်ပါတယ်။ တတိယကောင်းကျိုးကတော့ မကောင်းမှု အကုသိုလ်မှန်သမျှကို မကြံဖြစ်၊ မပြောဖြစ်၊ မလုပ်ဖြစ်တော့ပါဘူး။
မကောင်းမှု အကုသိုလ်တွေကြံရင်း၊ ပြောရင်းလုပ်ရင်းနဲ့ သေသွားရင် ကိုယ်ကျိုးနည်းရချည်ရဲ့ ဆိုပြီး အကုသိုလ်ကို ကြောက်တဲ့ သြတ္တပ္ပဆိုတဲ့ သူတော်ကောင်း တရားကြီး ၀င်ရောက်လာလို့ပဲ ဖြစ်ပါတယ်။ ဒီသူတော်ကောင်းတရားကြီးဟာ မရဏာနုဿတိ ဘာဝနာကြောင့် ထင်ထင်ရှားရှား ရောက်လာခြင်း ဖြစ်ပါတယ်။ မရဏာနုဿတိ ဘာဝနာပွားများခြင်းရဲ့ စတုတ္ထကောင်းကျိုးကတော့ နတ်ရွာသုဂတိကို အလွယ်တကူ ရောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် မှာချင်သည်မှာ သေဘေးဟူသည် ရှောင်၍လွတ်နိုင်သောအရာ မဟုတ်၊ မလွတ်နိုင်မည့်အတူ လာမယ့်ဘေးကို ပြေးတွေ့ရဲအောင် အသေပြင်ကြဖို့အကြောင်း တိုက်တွန်းရင်း “အသေမြတ်ချင် သေနည်းသင်” ဟူသော ဆောင်းပါးကို အဆုံးသတ်လိုက်ရပါသည်။
ကုသိုလ်အလုပ်ဆိုတာ
ဘယ်သူမဆိုလုပ်ရမှာ ပျင်းကြတယ်။
မလုပ်ချင်ပေမယ့် ပေပြီးလုပ်ရတယ်။
အကုသိုလ်ကျတော့
ဘယ်သူမဆို မတိုက်တွန်းရဘူး။
လုပ်ချင်နေကြတယ်။
အကုသိုလ်အလုပ်ဆိုတာ လုပ်ချင်ပေမယ့်
ပေပြီးမလုပ်ဘဲ ရှောင်နေရမယ်။
မစိုးရိမ်ဆရာတော် ဘုရားကြီး
သံဝေဂရဖွယ် စာသားတချို့
နောက်ဆုံးတော့ အလောင်းကို မီးသဂြိုဟ်စက် ထဲ ထည့်လိုက်မယ် . . . ခေါင်းတိုင်က အငွေ့တလူလူ ထွက်လာမယ် . . . ခဏနေရင် လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန် ကနေ “ပြာအိုး” တစ်အိုးအဖြစ် ပြောင်းလဲ ရောက်ရှိသွားရပါတော့တယ် . . .
အသုဘစင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကိုယ့်ကို လူအများက ဘေးကနေ၀ိုင်းပြီး ကြည့်နေတာ/ပြီးရင် မီးသင်္ဂြိုဟ်စက်ထဲ ထိုးသွင်းခံလိုက်ရတာ/ “ငါ” ဆိုတာ ဒီလောကကြီးထဲကနေ အပြီးအပိုင် ကွယ်ပျောက်သွားတာ။
ကိုယ့်ကိုယ်ကို “ငါ” ထင်နေတဲ့ ဘ၀ကနေ “ငါ” မဟုတ်တဲ့ အရိုးပြာအိုး တစ်အိုး အဖြစ်နဲ့ နိဂုံး ချုပ်ရမှာပါလား . . .
တွေးကြည့်ရင် လူတွေရဲ့ ဘ၀က အရမ်းသနားဖို့ ကောင်းပါတယ်။ လူဆိုတာ မွေးဖွားလာပြီး တစ်နေ့ကျရင် သေကြရမှာဘဲ ဆိုတာ သိနေပါရက်နဲ့ သေခြင်း ကို ထိတ်လန့် နေကြရတဲ့ ဘ၀။ သေခြင်း တရားကို နေ့စဉ်နဲ့ အမျှ တိုက်ခိုက်နေကြရတဲ့ ဘ၀။ သေတော့ သေကြမှာဘဲ . . ဒါပေမယ့် စောစော မသေ အောင် နည်းမျိုးစုံနဲ့ အားထုတ်နေကြရတဲ့ ဘ၀။ ဘယ်လို အားထုတ်ထုတ်/ငြင်းဆန်ဆန် ၊ နောက်ဆုံးတော့လည်း မရဏမင်းရဲ့ လက်တွင်းကို သက်ဆင်းကြ ရတော့တာပါဘဲလေ။
ကျွန်တော်တို့တစ်တွေ အသည်းအသန် မကျန်းမမာ ဖြစ်ပြီး ပြန်လည် “နလံပြန်ထ” လာတဲ့ အခါများမှာ ပြောကြတဲ့ စကားလေး ရှိတယ် မဟုတ်လား။ “ဒီတောင်တော့ ကျော်သွားပါပြီ” တဲ့။ ဒါပေမယ့် လူတွေ အားလုံး မေ့နေကြတဲ့ အချက်က လူတိုင်း လူတိုင်းမှာ “လုံးဝ မကျော်လွှားနိုင်တဲ့ တောင်တစ်လုံး” စီတော့ ရှိနေကြတယ် ဆိုတာပါဘဲ။
ဒီတော့ ကျွန်တော်တို့ဟာ မွေးဖွားလာပြီးရင် တစ်နေ့ သေကြမှာဘဲ ဆိုတာကို လက်မခံချင်ပေမယ့်လည်း လက်ကို လက်ခံရတော့မှာပဲ မဟုတ်လားဗျာ။ ကြောက်နေလို့ ဘာအကျိုးရှိမလဲ။ ကြောက်နေတော့ကော အသေက လွတ်ဦးမှာလား။
ဒီတောင်က လွတ်ရင်လည်း နောက်ထပ် နောက်ထပ် တောင် တစ်လုံးကတော့ စောင့်နေဦးမှာပဲလေ။
သေရမှာကို နှလုံးသားထဲက သိပြီး လက်ခံထားတဲ့လူဟာ “လောဘလည်း နည်းသွားတယ်၊ ဒေါသလည်း နည်းသွားတယ် ၊ ကိုယ်ကျိုး အတ္တလည်း နည်းသွား ပါတယ်”။ “လူ့ဘ၀ရဲ့ အချည်းအနှီး ဖြစ်ပုံ” (နောက်ဆုံးတော့ ဘာမှ မဟုတ်ပုံ) ကို သိလိုက်ရတဲ့အတွက် “မာန်မာန” ထောင်လွှားမှုကိုလည်း နည်းပါးသွားစေပါတယ်။
တိုတောင်းတဲ့ ဘ၀ခရီးတစ်ကို အတူလျှောက်လှမ်း နေကြသူချင်း “ကိုယ့်လောက်မှ ကံမကောင်းသူ” “ကိုယ့်ထက် အင်အားနည်းပါးသူ” “ကိုယ့်ထက် နွမ်းပါးချို့တဲ့သူ” တွေကို ကိုယ့်အိပ်ထဲကနေ “တစ်စိတ် တစ်ဖဲ့လောက်” ကူညီပေးတာဟာ လူ့လောကကြီး အကျိုးကို ဆောင်ရွက်ပေးနေတာပဲ မဟုတ်လားဗျာ။
လမ်းခွဲမှာ ၀မ်းမနည်းကြပါစေနဲ့ဟု ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျား။
သေခြင်းတရား နေ့စဉ်ပွား
မိမိသေရမည်ကို မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပေးခြင်းအားဖြင့် စိတ်ဓာတ်ကို ပုံမှန်ဖြစ်စေသည်။ အမြင်မှန်ကန်စေသည်။ မာန်မာနလျော့နည်းစေသည်။ ပျက်စီးမှုမျိုးစုံနှင့် ကြုံတွေ့ရသောအခါ စိတ်တုန်လှုပ်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်သောက ဖြစ်မှုများကို လျော့နည်းစေသည်။ထို့ကြောင့် အောက်ပါအတိုင်း မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပါ။ ။“ တစ်နေ့နေ့တွင် ငါလည်းသေရမည်။ ငါ့မိဘများလည်းသေရမည်။ ငါ့သား၊ ငါ့သမီးတွေလည်း သေရမည်။ ငါ့သူငယ်ချင်း အပေါင်းအသင်းတွေလည်း သေရမည်။ ငါ့ထက်ကြီးသူတွေလည်း သေခဲ့ပြီ။ ငါနဲ့ရွယ်တူတွေလည်း သေနေကြဆဲ၊ ငါ့ထက်ငယ်သူတွေလည်း သေနေကြတယ်။ “
ရှင်ဇ၀န၏ “အသေမြတ်ချင် သေနည်းသင်” စာအုပ်မှ မရဏာနုဿတိပွားပုံ နှင့် ပုဏ္ဏားကြီးတို့မိသားစု ဇာတ်လမ်းကို ပြန်လည်ရွေးထုတ်၍ လည်းကောင်း…
အပြုံးနဲ့ကြိုဆို၊ အငိုနဲ့နှုတ်ဆက် ပို့စ်ကလေးမှ သံဝေဂရဖွယ် စာသားတချို့ ပြန်လည်ရွေးချယ် ကောက်နုတ်၍ လည်းကောင်း…
သေခြင်းတရား နေ့စဉ်ပွား သံဝေဂစာသားလေးကို ဓမ္မပုံတစ်ခုမှလည်းကောင်း အားလုံးစုပေါင်း၍ မရဏာနုဿတိဘာဝနာ ပွားခြင်းကောင်းမှုအစုံကို ကုသိုလ်အလို့ငှာ ပြန်လည်ပေါင်းစပ် မျှဝေပါသည်။
ခိုင်ခိုင်
No comments:
Post a Comment