Monday, June 27, 2011

သေခါနီး ဝေဒနာနဲ့ ငါ ... ။

ငြိမ်းသစ္စာတယောက် သေတွင်းသေ၀က လွှတ်ခဲ့သည်မှာ သိပ်မကြာသေးပါ.. လူဖြစ်လာတဲ့သက်တမ်းတလျှောက် တကြိမ်တခါမှ မခံစားဖူးတဲ့ ၀မ်းတွင်းရောဂါ တွေနဲ့အတူ အင်မတန်ဆိုးဝါးလှတဲ့ ခေါင်းကိုက်ခြင်းဆိုသော ဝေဒနာဆိုးကြီးကိုပါ နေ့စဉ်ရက်ဆက်ခံစားခဲ့ရပါတယ်.. ဦးနှောက်သွေးကြောတွေ ပေါက်ကွဲပြတ်တောက် သွားလုမတတ် ဆိုးဝါးလှတဲ့ဝေဒနာမျိုးကို တသက်နဲ့တကိုယ် ဒီတခါ ပထမဆုံး အကြိမ်ခံစားဖူးခြင်းပါ.. ဆေးသောက်လို့လဲမပျောက်.. အိပ်ဆေးသောက်အိပ်တာ တောင် အိပ်မပျော်နိုင်အောင်ကိုဆိုးဝါးလှပါတယ်..

ဒီဝေဒနာဆိုးတွေကနေ သက်သာရာသက်သာကြောင်း ကြံစည်စိတ်ကူးပြီးတော့ ရွှေဥာဏ်တော် စူးရောက်လိုက်ပုံက.. ကမ္ဘာပေါ်မှာ ရယ်မောပျော်ရွှင်ရပါတယ်ဆိုတဲ့ ဟာသဇာတ်လမ်း..ဇာတ်ကားတွေကို ရှာဖွေကြည့်ရှုပါတော့တယ်.. ရယ်ရယ် မောမော.. ဟီးဟီးဟားဟား လုပ်နေတုန်းခဏတော့ ဝေဒနာတွေကို မေ့လျော့ သလိုဖြစ်ပြီး ဥပေက္ခာပြုထားတော့ သက်သာသလိုခံစားရတယ်လေ.. အဲ့ဒီလိုမျိုး ဒီဝေဒနာတွေကို ရီစရာတွေနဲ့ ကုစားနေတုန်းမှာပဲ.. ကိုယ့်ရဲ့အသိဥာဏ်က ကိုယ့်ကိုဆုံးမပါတော့တယ်.. ငြိမ်းသစ္စာ.. မင်းရဲ့ကုထုံးကြီးက ကိလေသာ ကုထုံးကြီးပဲ.. ခုနေခါများ ဒိန်းကနဲ ဒိုင်းကနဲ ဦးနှောက်သွေးကြောပြတ်ပြီး ခိုးခနဲခေါက်ခနဲသေသွားခဲ့ရင် မင်းပြုလာတဲ့ အာစိဏ္ဏကံတွေအားပျော့ပြီး .. မင်းရဲ့ ဟီလာထနေတဲ့ အာသန္နကံက ကြားဖြတ်အကျိုးပေးသွားရင်တော့ သက်သက် ကိုယ်ကျိုးနဲတော့မယ်.. သေတွင်းသေ၀ရောက်နေတာတောင် မင်းက ကိလေသာ တောထဲမှာ ပျော်မွေ့နေတုန်း.. ၀ိပဿနာမဂ်ဆေးနဲ့ကုပါတော့လားလို့.. မြည်တွန် တောက်တီးခံရတော့မှ ဟုတ်ပေသားပဲလို့ အကြံရပြီး ကုထုံးပြောင်းရတော့တာပေါ့..

ဝိပဿနာမဂ်ဆေးနဲ့ကုတော့မယ်ဆိုတော့ ဝေဒနာနုပဿနာရှုရတော့မယ်ပေါ့.. အဲ့သမှာ.. ငြိမ်းသစ္စာတို့ရဲ့ ယောင်ဝါးဝါး ဇာတ်လမ်းကစတော့တာပါပဲ.. အရင့်အရင် ရှုစဉ်အခါတွေတုန်းက တရားရိပ်သာတွေမှာ ကမ္မဌာန်းနည်းပြဆရာတော်တွေက ဝေဒနာတွေဖြစ်ပေါ်လာရင် ခံနိုင်သလောက်သည်းခံပြီးရှုပါ.. မခံနိုင်တဲ့အခါ အမှတ်သတိမလွတ်စေပဲ ပြုပြင်နိုင်ပါတယ်ဆိုတော့.. သိတဲ့အတိုင်းပါပဲ.. တသက်နဲ့တကိုယ်သိပ်ချစ်ခဲ့တဲ့ ဒီခန္ဓာကြီးကို ဘယ်အငြိုငြင်ခံမလဲ.. နဲနဲလေး နာလာတာနဲ့ အမှတ်သတိမလွတ်စေပဲ.. ပြုပြုပြင်ပြင်ဖေးဖေးမမနဲ့ ယုယပေးခဲ့ ဖြစ်တာပါပဲ..အဲ့ဒီလို ညာတာပါတေး.. လုပ်လာခဲ့တဲ့ လူပါးငြိမ်းသစ္စာ ခုတော့ထိပါပြီ.. ဒီဝေဒနာဆိုးကြီးက ပြုပြင်ပေးလို့ပျောက်ဖို့နေနေသာသာ ဆေးသောက်တာတောင်မှ မပျောက်ပဲ နေ့စဉ်နဲ့အမျှ နှိပ်စက်ခံနေရပြီလေ.. မှတ်ခဲ့ဖူးတဲ့အတိုင်း နာတာသိတယ် မှတ်လေ ပိုနာလေ.. ကိုက်တာသိတယ်မှတ်လေ ပိုကိုက်လေနဲ့ သေချင်စော် နံအောင်ကို အခံစားရခက်ပါတယ်.. ဒီအတိုင်းတော့မဖြစ်ချေဘူး.. နည်းလမ်းကို ကြံဆအုံးမှပဲလို့ ဖတ်ဖူးမှတ်ဖူး.. နာကြားခဲ့ဖူးသမျှ တရားတော်တွေကို ပြန်စဉ်းစားတယ်.. ဒီတော့မှ သုတမယဥာဏ်ရဲ့ အကျိုးကျေးဇူးကြီးမားပုံကို အရေးကြုံမှ လက်တွေ့သိခဲ့ရတယ်.. ဒီလိုအခြေအနေမှာ စာအုပ်စာပေတွေ ဘယ်မှာ ရှာဖတ်ချိန်ရှိတော့မလဲလေ... ဗဟုသုတတွေကိုပဲ အားကိုးအားထားပြုပြီး သုံးသပ်ရ တော့တာပေါ့..

ဘုရားရှင်လက်ထက်တော်တုန်းက ဝေဒနာတွေ အပြင်းထန်ခံစားနေရတဲ့ ဂိလာန ရဟန်းတပါးကို မြတ်စွာဘုရားကိုယ်တိုင်က လာရောက်မေးမြန်းတော့ ဝေဒနာ တွေဟာ နောက်မဆုတ်ဘူးဘုရား ရှေ့ကိုတိုးလို့သာဖြစ်ပေါ်ခံစားနေရပါတယ် လျှောက်တော့.. မြတ်စွာဘုရားက ဒါဆိုရင်.. မင်းဝေဒနာတွေကို ကျော်ပြီး ရှုလိုက်ကွာလို့ ခိုင်းတယ်ဆိုတာလေး ဖတ်ဖူးတာကိုသွားအမှတ်ရတယ်.. အင်း.. ငါ့အဖြစ်ကလည်း အဲ့ဒီရဟန်းလိုပဲဖြစ်နေပြီ.. ဒီဝေဒနာကို ဘယ်လိုကျော်မလဲဆိုတဲ့ မေးခွန်းဟာ တော်တော်စဉ်းစားရကြပ်ပါပြီ... ဒီလိုနဲ့ စဉ်းစားသုံးသပ်ရင်း.. မိုးကုတ်ဆရာတော်ကြီးနည်းနဲ့ သဲအင်းဂူဆရာတော်ကြီးနည်းတွေကို ရောသမမွှေပြီး စဉ်းစားလိုက်တော့ ဥာဏ်ထဲမှာ အဖြေပေါ်လာတယ်.. အရင်တုန်းက သဲအင်းဂူနည်းကို ကြမ်းတမ်းလွန်းတယ်ထင်ပြီး သိပ်ဘ၀င်မကျခဲ့ဘူး.. သူ့အဆိုက ညောင်းမပြင်နဲ့ ယားမကုတ်နဲ့.. ဝေဒနာကို သည်းခံပြီးကျော်အောင်ရှုရမယ် ဆိုတာကိုး... ခန္ဓာကို ညှာတာတတ်တဲ့ ကိုယ်လိုလူမျိုးနဲ့က ဒီနည်းက ဘယ်ကိုက်မလဲ.. ခုတော့လဲ ကြည့်စမ်းပါအုံး..မှန်လိုက်တာ.. ပြင်လို့လဲ မပျောက်..ကုတ်လို့လဲမပျောက်တဲ့ ဝေဒနာဆိုးကြီးကို ခံစားနေရပြီ.. ကိုယ့်ကို သတ်မဲ့ဝေဒနာကို ပြုပြင်ပေးလို့မရနိုင်မှန်းသိလိုက်ရတဲ့ အချိန်မှာ.. ဆရာတော်ကြီး တွေရဲ့ ဥာဏ်တော်နဲ့ ကျေးဇူးတော်တွေကို ကြည်ညိုမဆုံးဖြစ်ခဲ့ရပါတယ်..

ဆရာတော်ကြီးတွေရဲ့ နည်းတွေနဲ့ ကိုယ့်ရဲ့ခန္ဓာ့ဖြစ်စဉ်ကို ဆင်ခြင်သုံးသပ် လိုက်တဲ့အခါမှာ ဝေဒနာရှုကွက် မှားနေတာကို သွားတွေ့ရပါတော့တယ်.. နာတာသိတယ်.. ကိုက်တာသိတယ် မှတ်နေတာ ဘာကြောင့် ပိုနာပြီး ပိုကိုက်သလို ခံစားနေရသလဲဆိုတော့ .. ဒိဌိတန်းလန်းနဲ့ ရှုနေလို့ဆိုတာကိုသတိဖြစ်သွားတယ်.. ငါနာတယ်.. ငါကိုက်တယ်.. ငါခံစားရတယ်လို့ ဝေဒနာကို သိမ်းပိုက်ပြီး ရှုနေတော့ ပိုပြီးဆိုးလာတော့တာပါပဲ... အဲ့ဒီတော့မှ ဝေဒနာမှာ “ငါ” ပါနေတဲ့ ဒိဌိကို အရင်ခွာရတော့တာပေါ့.. ရုပ်တရားရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို နာမ်တရားက ခံစားသိရှိပေးနေရတဲ့ဖြစ်စဉ်ကို ဆင်ခြင်လိုက်တဲ့အခါမှာ ငါ့ကိုယ်.. ငါ့ဟာ မရှိပါလားဆိုတဲ့ ဒိဌိကနေ လွတ်ကင်းသွားတော့တယ်.. အရင့်အရင် တရားတွေ နာခဲ့တုန်းက ဒီဒိဌိက အကြိမ်ကြိမ်ကွာခဲ့ပြီးသားပါ.. ဒါပေမဲ့ သုတမယဥာဏ်နဲ့ပဲ ကွာတာဆိုတော့ ခုလို ဘေးတွေ့တဲ့အခါမှာ သတိလွတ်ပြီး ဒိဌိတန်းလန်းကြီးနဲ့ ရှုမိနေတာကို ကိုယ်တွေ့သင်ခန်းစာရလိုက်တယ်.. ဒါကြောင့် ဘာဝနာမယဥာဏ်နဲ့ ကွာအောင်ကြိုးစားမှဖြစ်မယ်ဆိုတဲ့အသိတခုကို စွဲမြဲစွာ ရိုက်သွင်းထားလိုက်တယ်..

အခုကိုယ်က ဝေဒနာနုပဿနာရှုရမှာဆိုတော့ ဝေဒနာအကြောင်းကိုပဲ အသေးစိတ်ပြီး ထဲထဲဝင်ဝင်ဆင်ခြင်သုံးသပ်ရတော့တာပေါ့.. ပညတ်နဲ့ ပရမတ်ကို ကွဲအောင်ဆင်ခြင်လိုက်တဲ့အခါမှာ ဝေဒနာဆိုတာ ခံစားမှုသဘောပဲရှိတာကို လက်တွေ့ကျကျသိလာရတယ်.. ခေါင်းကိုက်တာလဲ ဝေဒနာ.. ဗိုက်နာတာလဲ.. ဝေဒနာ.. ခေါင်းကိုက်တယ်.. ဗိုက်နာတယ်ဆိုတာတွေက အမည်ပညတ်တွေပေးပြီး သူများနားလည်အောင် ပြောပြရတာ.. သူ့ရဲ့ပရမတ်သဘောစစ်စစ်ကတော့ ဝေဒနာဆိုတဲ့ ခံစားမှုသဘောလေးပဲရှိတာပဲ.. ခေါင်းကိုက်တာလဲ ခံစားတယ်.. ဗိုက်နာတာလဲ ခံစားတယ်.. ဒီတော့ ပညတ်တွေဖြစ်တဲ့.. ခေါင်းကိုက်တာနဲ့ ဗိုက်နာတာကိုဖျောက်လိုက်ရင်.. ခံစားတယ်ဆိုတဲ့ ဝေဒနာတလုံးထဲပဲရမယ်.. အဲ့ဒါဟာ ပရမတ်စစ်စစ်ပဲ..လို့ သဘောပေါက်လာတယ်.. ဒါကြောင့်မို့.. နာတာသိတယ်.. ကိုက်တာသိတယ်ဆိုတာတွေဟာ အမည်သညာပေးထားတဲ့ ပညတ်ဆိုင်းဘုတ်တွေကို လိုက်ပြီးရွတ်ဆိုနေတာနဲ့တူတယ်.. ဒါကြောင့် ဘာဝေဒနာပဲလာလာ.. လူတို့ဝေါဟာရနဲ့ ပညတ်ပေးထားတဲ့ သညာအမည်တွေကို မစဉ်းစားပဲနဲ့.. အားလုံးဟာ ခံစားမှုသဘောပဲရှိတယ်လို့သိရမယ်.. ဒါဟာဝေဒနာရှုနည်းပဲလို့ သဘောပေါက်သွားတယ်..

နောက်တခါ အဲ့ဒီ ဝေဒနာရှုနည်းကိုမှ ၀ိပဿနာဥာဏ်နဲ့ ရှုမှတ်ပြန်တော့.. ဒိန်းခနဲဆို ကိုက်တဲ့ဝေဒနာဖြစ်ပေါ်လာတော့ ခံစားမှုသဘောလေးကို စိတ်ကသိလိုက်တယ်.. အဲ့ဒီသိလိုက်တဲ့ စိတ်ကလေးကို နောက်ကနေ သတိဆိုတဲ့ ဒုတိယစိတ်ကလေးနဲ့ ကြည့်ပေးလိုက်တော့ ပထမသိတဲ့စိတ်ကလေးက နေရာတင်ပဲ ချုပ်ပျောက်ပျက်စီးသွားတာကို တွေ့လိုက်ရတယ်.. လူဟာ စိတ်တစိတ်ထဲနဲ့ပဲ အသက်ရှင်နိုင်တယ်လို့ ဘုရားဟောတာကိုး.. အဲ့ဒီတော့ တစိတ်ပြီးမှ တစိတ်ဖြစ်ပေါ်တယ်ဆိုတာ ထင်ရှားတယ်လေ.. ဒီဝေဒနာရှုကွက်မှာလဲပဲ.. ဖြစ်ပေါ်လာတဲ့ခံစားမှုတိုင်းကို ပထမစိတ်ကသိတယ်.. အဲ့ဒီပထမစိတ်ကို ဒုတိယနောက်စိတ်ကလေးနဲ့ လိုက်လိုက်သိပေးလိုက်တော့ ပထမစိတ်ရဲ့ ချုပ်ပျောက်ပျက်စီးသွားတာကိုပါ သတိထားမိလိုက်တယ်.. ဒီဖြစ်စဉ်ဟာ... ဝေဒနာက ဖြစ်ပေါ်တယ်.. ပထမစိတ်က ခံစားတာကိုသိတယ်.. ဒုတိယစိတ်က ပျက်စီးတာကို အာရုံပြုပေးလိုက်တယ်.. အပျက်ကိုမြင်အောင် ဆင်ခြင်ပေးတာ ၀ိပဿနာဥာဏ်ပဲလေ.. ဒီတော့ “ဖြစ်ပေါ်တယ်.. ခံစားတယ်.. ပျက်စီးတယ်” အဲ့ဒီလိုလေးသိပေးနေတာဟာ “ဥပါဒ်..ဌီ.. ဘင်”ဆိုတဲ့ ဘုရားဟော တရားပါလားလို့ သဘောပေါက်သွားတယ်.. ဒီလိုနဲ့ အဲ့ဒီခေါင်းကိုက်တဲ့ ဝေဒနာကြီးကို တဒိန်းဒိန်းနဲ့ ကိုက်လိုက်တိုင်း ကိုက်လိုက်တိုင်းမှာ... “ဖြစ်ပေါ်တယ်.. ခံစားတယ်.. ပျက်စီးတယ်” ဆိုပြီး စည်းချက်ညီညီလေး နှလုံးသွင်းဆင်ခြင်ပေးလိုက်တော့ အချိန်ကြာလာတဲ့ အခါမှာ ခေါင်းကိုက်တယ်ဆိုတဲ့ အမည်ပညတ်ကြီးကပျောက်ပြီးတော့.. ခံစားမှုသဘောဆိုတဲ့ ဝေဒနာပေါ်မှာပဲ အာရုံရောက်နေတော့တယ်.. သက်သာသွားလိုက်တာလေ... လူဟာလဲ ၀မ်းသာသွားလိုက်တာ.. ခုမှပဲ ဝေဒနာကို နိုင်အောင်သတ်နိုင်တဲ့နည်း.. ငါတော့ အပိုင်ရပြီပဲလို့ ကြည်နူးပီတိတွေဖြစ်နေ လိုက်တာ.. မပြောပါနဲ့တော့.. ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာ ခန္ဓာနဲ့ စိတ်က ပင်ပန်းနွမ်းနယ်လာပြီး သူ့ဘာသာ အိပ်ပျော်သွားတယ်.. ဆေးသောက်လို့ အိပ်မပျော်တဲ့ဝေဒနာ.. ၀ိပဿနာမဂ်ဆေးသောက်ပေးလိုက်မှပဲ သက်သက်သာသာ အိပ်ပျော်သွားနိုင်ခဲ့ပါတယ်..

ပထမတုန်းကတော့ ဟာသကားတွေကြည့်ပြီး.. ဝေဒနာကို ဥပေက္ခာ ပြုနိုင်အောင် ကြိုးစားခဲ့တယ်.. အဲ့ဒီအချိန်များ ခေါက်ကနဲသေသွားခဲ့ရင် အပါယ်ဘုံကတော့ မရောက်ပဲကိုမနေပါဘူး.. အခုတော့ ၀ိပဿနာဥာဏ်နဲ့ အမြင်မှန်ကို ယောနိသောမနသိကာရ အဖြစ်နဲ့ ကျနစွာ နှလုံးသွင်းရင်း ဝေဒနာကို အနိုင်ပိုင်းပြီး ကျော်နည်း..ခွနည်းတွေကို လက်တွေ့ကျကျသိလိုက်ရပါပြီ.. ဒီအချိန်မျိုးမှာ စုတိစိတ်ကြွေမယ်ဆိုရင်.. သုဂတိနိမိတ်တွေဟာ.. အမြင်အဆန်းတွေနဲ့ အစဉ်တန်းနေမှာကတော့ သေချာပါတယ်လေ.. ပဋိစ္စသမုပ္ပါဒ်ရှုထောင့်က ကြည့်မယ်ဆိုရင်လဲ... ဝေဒနာမှာ တဏှာ မကပ်တော့
ဘူးဆိုတော့ ဥပါဒါန်လဲ မဖြစ်တော့ဘူးလေ.. အဲ့ဒီနောက်က ဘ၀၊ ဇာတိ၊ ဇရာ၊ မရဏ ဆိုတာတွေလဲ ရှုမှတ်နေစဉ်တော့..
စိတ်အစဉ်မှာ အဲ့ဒီစက်ဝိုင်းကြီး ပြတ်နေသလို ခံစားရတာပါပဲ..
မိုးကုတ်ဆရာတော်ကြီးဟောကြားတော်မူခဲ့တဲ့ တရားတပုဒ်ထဲမှာ..
“ သံသရာတလျှောက်လုံး ခင်ဗျားတို့ကို ဝေဒနာကသတ်လာတာ.. ခုလို ဘုရားပွင့်တဲ့ ကာလနဲ့ကြုံမှ ဝေဒနာကို ခင်ဗျားတို့ကပြန်သတ်တဲ့နည်း သိခွင့်ရတာ”
ဆိုတဲ့ တရားသံဟာ ငြိမ်းသစ္စာ နားထဲမှာ ပဲ့တင်လွင့်ပျံနေပါတော့တယ်...... ။

အနန္တကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်နှင့် တပည့်သားသံဃာတော်အရှင်မြတ်အပေါင်းတို့အား
ရှိခိုးဦးခိုက် ကန်တော့လိုက်ပါ၏ဘုရားးးးးးးးးးး...............။   ။

ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော်ကြောင့် ဘုရားတပည့်တော်..
အနေတတ်၍ အသေလဲတတ်ခဲ့ပါပြီဘုရား...။  ။

မိသင်္ဂဟ အပေါင်း...
စိတ်အစဉ်လှအောင် ပြောင်းနိုင်ကြပါစေ...

မေတ္တာဖြင့်..

ငြိမ်းသစ္စာ...း)

No comments:

Post a Comment