Monday, June 27, 2011

ရဟန်းပြုလျှင် ဇနီးကို မတိုင်ပင်သင့်

ဓမ္မိက ဥပါသကာသည် ရဟန်းပြုရန် စိတ်ထက်သန်လာသည်နဲ့ ဇနီးဖြစ်သူအား တိုင်ပင်ရာ ကိုယ်ဝန် မီးဖွားပြီးမှ သွားပါ-ဟု တားမြစ်၏။ မီးဖွားပြီးသော အချိန်၌လည်း သား-လူလားမြောက်မှ သွားပါဟု တားပြန်၏။ ကာလအတန်ကြာသော် ဇနီးအားတိုင်ပင်၍ အကျိုးမများ၊ ငါ့အကျိုးစီးပွားအတွက် ငါကြိုးစားမှဖြစ်မည်ဟု စိတ်ကူးမိကာ မတိုင်ပင်တော့ဘဲ ထွက်လာခဲ့လေသည်။ သာသနာဘောင် ၀င်ပြီးနောက် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ရာ မကြာမီပင် ရဟန္တာအဖြစ်သို့ ရောက်လေသည်။ နှစ်အတန်ကြာပြီးနောက် ဇနီးဟောင်းနှင့် သားထံသို့ သွားရောက်၍ တရားဟောရာ ရှေးဦးစွာ သားက ရဟန်းဘောင်ဝင်သည်။ ထို့နောက် မိခင်ပါ သာသနာ့ဘောင်သို့ ၀င်လေသည်။ သူတို့လည်း ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ ကြိုးစားအားထုတ်ရာ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ဤအကြောင်းကို ဇေတ၀န်ကျောင်းတော် တရားသဘင်၌ ရဟန်းများ ချီးမွမ်းပြောဆိုနေကြရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
န အတ္တဟေတု န ပရဿဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော ၊ သ သီလ၀ါ ပည၀ါ ဓမ္မိကော သိယာ ။

( မြန်မာပြန် )
ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတပါးအကြောင်းကြောင့်ဖြစ်စေ၊ မကောင်းမှုကို မပြု၊
မကောင်းမှုဖြင့် သားသမီး ဥစ္စာ တိုင်းပြည်ကို အလိုမရှိရာ။
မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ။
ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူဖြစ်၏။

( ဆောင်ပုဒ် )
ကြောင်းကျိုးမြင်သိ၊ ပညာရှိသည်၊ မိမိအတွက်၊ သူ့တွက်ဖြစ်စေ၊ ညစ်ပေယုတ်မာ၊ မပြုပါတည်း။
ဥစ္စာစီးပွား၊ သမီးသားနှင့်၊ တိုင်းကားပြည်ရွာ၊ ကိုယ်ချမ်းသာကို၊ ကင်းကွာတရား၊ အကျင့်များဖြင့်၊ လိုလားရယူ၊ မရှိဟူ၏။
ထိုသူမျိုးကား၊ ပြည့်ဖြိုးသီလ၊ ပြည့်ဝဉာဏ်အား၊ တရားစောင့်သူ၊ ဖြစ်သည်ဟူ၏။

( ပဏ္ဍိတ၀ဂ် ဓမ္မိကတ္ထေရ၀တ္ထု )

Posted by "Buddha In My Life"

No comments:

Post a Comment