Sunday, June 19, 2011

ရယူခြင်းနှင့် ပေးဆပ်ခြင်း

ရယူခြင်းနှင့် ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့်သူတော်ကောင်း ဖြစ်သည်။ မျှော်လင့်ချက်တစ်ခုခုဖြင့် ပေးကမ်းခြင်းကို ဒါနဟု မခေါ်သင့် အမြတ်ရဖို့ အရောင်းအ၀ယ်လုပ်ခြင်း၊ တစ်မျိုးဟုသာ ခေါ်သင့်သည်။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပေးကမ်းထောက်ပံမှုကိုသာ လောဘကုန်ဖို့ပြုသော ပါရမီထိုက်သည့် ဒါနဟု ဆိုသင့်သည်။

မည်မျှ လှူပြီးပြီဟု ကြွားဝါဖို့မလို လောဘကိလေသာ မည်မျှကုန်သွားပြီဟုသာ သိဖို့ လိုသည်။

ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျှက် ချမ်းသာအောင် စီးပွားရှာတာချင်းလည်း တူပါလျှက် လူတစ်ရာတွင် တစ်ယောက်သာချမ်းသာပြီး၊ ကျန် ၉၉ယောက်က ဆင်းရဲနေရသည်မှာ အဘယ်ကြောင့်နည်း။

အဖြေကား - လူတစ်ရာတွင် တစ်ယောက်ခန့်သာလှူရမှု၌ ပျော်မွေ့ပြီး၊ ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ ခဲ့သောကြောင့် ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့် ပြုသောပါရမီမထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာ ကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့မပို့၊ အကြောင်းကား အလှူခံကောင်းစားဖို့၊ ချမ်းသာဖို့ လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်သည်။ ငါ-ဟူသည် ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိ နှင့် လောဘ၀င်ရှုပ်သောကြောင့် ပါရမီ မထိုက်သောဒါနသည် နိဗ္ဗာန်သို့  မပို့နိုင်ခြင်းဖြစ်၏။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပြုသောပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကိုလည်း ပေးသည်။ နိဗ္ဗာန်သို့လည်း ပို့သည်။ အကြောင်းကား ဒါနပြုစဉ်ကတည်းက ငါကောင်းစားဖို့ဟူသော ဒိဋ္ဌိနှင့် လောဘကို သတ်ပြီးသား ဖြစ်နေသောကြောင့်ပေတည်း။

သဒ္ဒါစိတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပိုနေတတ်သည်။ လောဘဓါတ် ကြီးမားသူ အတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်သည်။

အသာစံခြင်းဝါဒကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး ပန်းတိုင်သည် အပါယ်လေးပါး၊ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။ အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို ဆောင်ထားခြင်း ဖြစ်သည်

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင် တည်ထောင်တော်မူခဲ့သည်။ အနာခံခြင်းဝါဒ၏ နောင်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်ကိုယ်တိုင် ယခုအခနိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီဖြစ်သည်။ အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့် လက်တွေ့ပယ်သတ်ခြင်း ဖြစ်သည်။

ကမ္ဘာတွင် ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျှက် အဆင်းရဲဆုံးတွင်လည်း မြန်မာဖြစ်နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့ သည့်နေရာများတွင် အိတ်သွန်ဖါမှောက် လှူနေကြ သောကြောင့်ပင်ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော စာသင်ကျောင်းပေါင်း လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ ကျန်နှစ်ထောင်ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူဘဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင် အာဏာတည်မြဲအောင် ဟူသော ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဘုရားတည် နေကြခြင်းမျိုးပင်တည်း။

မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဒါနပြုပါလျှက် ဆင်းရဲရခြင်းအကြောင်း ၁၁ ချက်-

၁။ လိုအပ်နေသောနေရာတွင် မလှူဘဲ၊ မလိုအပ်သောနေရာတွင် စုပြုံ၍ လှူကြခြင်း။

၂။ သမ္ပဒါလေးးပါး ချို့ယွင်းခြင်း။

၃။ စီးပွါးရှာရာ၌ မေတ္တာစေတနာကို အဓိကမထားဘဲ၊ ငွေကြေးကိုသာ အဓိကထားခြင်း။

၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။

၅။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊ နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း၊ လောင်းကစား လုပ်ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထိုကြောင့် ခေတ်သစ် စကားပုံတစ်ခုပေါ်နေ၏ ။ မြန်မာ ကောင်းစား တစ်မွန်းတည့်။

၆။ အချိန်တန်ဖိုး မသိခြင်း၊ ကုန်သွားသော ဥစ္စာပစ္စည်းတစ်ခုခုကို အချိန်အားဖြင့် ပြန်ရှာ၍ရသော်လည်း အလကား ကုန်သွားသော အချိန်ကို မည်သည့်ဥစ္စာပစ္စည်းနှင့်မျှ မရနိုင်သောကြောင့် လောက၌ တန်ဖိုးဖြတ်၍ မရအောင် အဖိုးတန်သောအရာကား အချိန်ပင်ဖြစ်သည် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်၏။ ထို့ကြောင့် အချိန်ဟူသည် အသက်။ အသက်ဟူသည် အချိန်၊ အသက်တန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကိုတန်ဖိုးထားလျှင် လူ့ဘ၀နေရသမျှ အချိန်တိုင်းမှ ဥစ္စာ၊ ကုသိုလ်၊ ပညာဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရရှိနေရမည်။ ထိုသုံးမျိုးအနက် တစ်မျိုးမှမရဘဲ အချိန်ကိုဖြုန်းသူသည် မိမိ လူ့ဘ၀ရမည့် အသက်ကို ဖြုန်းခြင်းပင်ဖြစ်သည်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း ကိုယ့်ထက်သာသူအပေါ် ၀မ်းသာလျှင် မုတိတာကုသိုလ် ဖြစ်သည်။ မနာလိုလျှင် ဣဿာအကုသိုလ် ဖြစ်သည်။ ကုသိုလ်ယူလို့ရပါလျှက်၊ အကုသိုလ်ကို ယူခြင်းသည် စိတ်ဓါတ်လူစဉ်မမီခြင်းပင် ဖြစ်သည်။ဓမ္မပဒအဋ္ဌကထာ၌ ဆွမ်းငတ်ပြီး ပရိနိဗ္ဗာန်စံရသော လေသကတိဿ အမည်ရှိရဟန္တာတစ်ပါး အကြောင်း ပါရှိသည်။ သူသည် တစ်ခုသောဘ၀က ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သည်။ သူ့ကျောင်းတွင် ခေတ္တလာတည်းခိုသော ရဟန္တာတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်ဖြစ်ခါ ရဟန္တာ အတွက် ထည့်ပေးလိုက်သော ဆွမ်းနှင့်ဟင်းများကို လမ်းမှာ သွန်ပစ်ခဲ့သည်။ ထိုအကုသိုလ်ကံကြောင့် သေသောအခါ အ၀ီစိငရဲသို့ ကျရသည်။ ငရဲမှလွတ်သောအခါ ခွေးဘ၀ငါးရာ၊ ဘီလူးဘ၀ငါးရာ ဖြစ်ရသည်။ နောက်ဆုံး ယခုဘုရားလက်ထက် ရဟန္တာဖြစ်ရမည့် ဘ၀များမှပင် သူတောင်းစားရွာ၌ သွား ဖြစ်ရသည်။ ငယ်စဉ်ကတည်းက ငတ်ပြတ်ဆင်းရဲလိုက်သည်မှာ ရဟန္တာဖြစ်သည့် ဘ၀ထိဖြစ်သည်။ လောသကတိဿမထေရ်ကို ဆွမ်းလောင်းမည့် အလှည့်ရောက်လျှင် လောင်းလှူမည့် ဒကာ၊ ဒကာမတို့က သူ့အား ဆွမ်းလောင်းချင်သော်လည်း လောင်းလှူလို့  မရခြင်းဖြစ်သည်။ထို့ ကြောင့် အသက်ငယ်ငယ်နှင့် ပရိနိဗ္ဗာန်စံခဲ့ရသည်။မွေးမည့်မွေးလျှင် ကြက်တွေ၊ ဘဲတွေပဲ မွေးပါ။ မနာလိုစိတ်နှင့်ဝန်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း တူသော်လည်း ကြက်တွေဘဲတွေ မွေးခြင်းက ကြက်ဥ၊ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းအတွက်ကား ဘာမျှမစားရဘဲ အပါယ်လေးပါးသို့ ကျရသောကြောင့်ပင်တည်း။

၈။ စာပေဗဟုသုတမရှိသောကြောင့်

၉။ ဒေသန္တရဗဟုသုတမရှိသောကြောင့်

၁၀။ ခေါင်းဆောင်စိတ်မရှိသောကြောင့်

၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်မရှိသောကြောင့်

မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲနှင့် ဆင်းရဲနေကြရခြင်းဖြစ်သည်။

ဤ(၁၁)ချက်၏ အကြောင်းအရာအကျယ်ကိုသိလိုလျှင် ဆရာတော်ရေးသားသော “မေတ္တာဖြင့်စီးပွါးရှာခြင်း” စာအုပ်ကို ဖတ်ပါ။

အရှင်ဇ၀န မေတ္တာရှင်-(ရွေပြည်သာ)

သူတော်ကောင်းများဖြစ်ကြပါစေ

ရင်းနှီးစွာဖြင့်
ရောင်နီ၀၇

No comments:

Post a Comment