ခန္ဓာတို့၏ ဖြစ်ပေါ်မှုကို ဘဝ-ဟု ခေါ်၏။ အချို့ဘဝမှာ ခန္ဓာငါးရပ် ပေါင်းစပ်၍ ဖြစ်၏။ သို့သော် အချို့ဘဝမှာ ခန္ဓာလေးရပ်သာ ပေါင်းစပ်၍ ဖြစ်၏။ ထိုဘဝမှာ ရုပ်ခန္ဓာ မရှိ။ အချို့ဘဝမှာ ခန္ဓာတစ်မျိုး သာ ဖြစ်၏။ ထိုဘဝမျိုးမှာ နာမ်ခန္ဓာလေးမျိုး မရှိ။ လူ့ဘဝကား ခန္ဓာငါးရပ် ပေါင်းစပ်ထားသော ဘဝဖြစ်သည်။
ယေဘုယျအားဖြင့် လူ့ဘဝသည် မိခင်ဝမ်းတွင် သန္ဓေတည်ခြင်းမှ စတင်ခဲ့သည်။ လက်ရှိဘဝ၏ အစ-အလယ်-အဆုံးကို လူတိုင်းလိုလို သိရှိနိုင်ကြ၏။ သို့ရာတွင် လက်ရှိဘဝမတိုင်မီက ဘာဖြစ်ခဲ့သည်ကို လူတိုင်းမသိနိုင်ကြ။ အချို့ပုဂ္ဂိုလ်များသာ (ဥပမာ- ဇာတိဿရ နှင့် ပုဗ္ဗေနိဝါသဉာဏ်ရသူများသာ) သိနိုင်ကြ၏။ အတိတ်ဘဝဆိုသည်ကို အမျိုးမျိုးကြံတွေးကြည့်ကြ၏။ အချို့က အတိတ်ဘဝဆိုသည်ကို ငြင်းပယ်ထားကြပြီး အချို့က အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည် ကြ၏။
အတိတ်ဘဝ ငြင်းပယ်ထားသူတို့က အဘယ့်ကြောင့် လက်ရှိဘဝ ရလာသည်ကို အဖြေရှာကြ၏။ အချို့က “လက်ရှိဘဝကို မမျှော်လင့်ဘဲ ရလာခြင်း၊ အကြောင်းမဲ့ရလာခြင်း”ဟု ဆိုကြ၏။ ထိုသူတို့ကို “အဟေတုကဝါဒီ” ဟု ခေါ်၏။ အချို့ကမူ လက်ရှိဘဝသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရသည်ဟု ဆိုကြ၏။ ထိုသူများကို “ဣဿရနိမ္မာနဝါဒီ” ဟု ခေါ်၏။
အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည်သူတို့ကမူ အကြောင်းကံ နှင့် သံသရာကို ရှင်းပြကြ၏။ ယခုဘဝဖြစ်လာသမျှ သုခ ဒုက္ခတို့သည် ရှေးဘဝကပြုလုပ်ခဲ့သည် ကံ၌သာ လုံးဝ အခြေခံသည်ဟု ဆိုကြ၏။ ထိုသူများကို “ပုဗ္ဗေကတဟေတုဝါဒီ” ဟု ခေါ်၏။ လူတိုင်းမှာ အစဉ်ထာဝရ ခိုင်မြဲသော အတ္တ သို့မဟုတ် ဇီဝ-ရှိ၏။ ထိုအတ္တဇီဝသည် ကောင်းဆိုးနှစ်တန် ကံစီမံသည့်အတိုင်း ကံ၏ အကျိုးကို ခံ-စံရင်း သံသရာလည်နေသည်ဟု “သဿတဝါဒီ”တို့က ဆိုကြ၏။
ဗုဒ္ဓဝါဒအရမူ အတိတ်ဘဝရှိသည် သို့သော် အတ္တဇီဝ မရှိ။ အတ္တ ဇီဝ-ဆိုသည်မှာ တွေးယူကြံဆချက်မျှသာ ဖြစ်၏။ အတိတ်ဘဝ- ဟူသည် ချုပ်ငြိမ်းနှင့်ပြီးသော ရုပ်နာမ်နှစ်မျိုးသာ ဖြစ်သည်။ ရုပ်နာမ်နှစ်မျိုးသည် သတ္တဇီဝမဟုတ်သော ကြောင်းကျိုးဆက်နွယ်ကာ စဉ်ဆက်မပြတ်ဖြစ်နေသော ဓမ္မသက်သက်သာ ဖြစ်၏။ ရုပ်နာမ်ခန္ဓာ တို့၏ စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေခြင်းကို သံသာရ- သံသရာ ဟုခေါ်၏။
ရုပ်နာမ်ခန္ဓာတို့သည် အကြောင်းမဲ့ မတော်တဆ ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင် ဣဿရ၏ လက်ရာလည်း မဟုတ်။ စင်စစ်မှာမူ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်နှစ်ရပ် အပြန်အလှန် ဆက်စပ်ကာ အကြောင်းအကျိုးအဖြစ် လည်ပတ်ဖြစ်ပေါ်နေခြင်းသာ ဖြစ်၏။
ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ဟု ဟောတော်မူ၏။
“ဤအရာ (အကြောင်းတရား) ရှိနေလျှင် ဤအရာ အကျိုးတရား ရှိ၏။ ဤအရာ (အကြောင်းတရား) ဖြစ်လာခြင်းကြောင့် ဤအရာ (အကျိုးတရား) ဖြစ်လာရ၏။”
သံသရာလည်ခြင်းဆိုသည်မှာ ကြောင်းကျိုးနွယ်ဆက် စဉ်ဆက် မပြတ် လည်ပတ်နေခြင်းပင်တည်း။ ထိုသို့ အစဉ်မပြတ် လည်ပတ် နေခြင်းကိုပင် “ဝဋ္ဋ”ဟုလည်းခေါ်၏။ ဝဋ္ဋ-သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်- ဟု သုံးမျိုးရှိ၏။ အမှန်မသိခြင်း၊ လိုချင်တပ်မက်ခြင်း၊ တပ်မက်စွဲ အယူစွဲတို့ဖြင့် စွဲလန်းခြင်းတို့ကို ကိလေသာဟု ခေါ်၏။ အကောင်းအဆိုး အမှုမျိုးကို ဖြစ်စေတတ်သည့် လှုံ့ဆော်မှုစေတနာကို ကမ္မ-ဟု ခေါ်၏။ ထိုကမ္မကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို ဝိပါက-ဟု ခေါ်၏။
ဤ၌ ကိလေသ-ရှိသောကြောင့် ကမ္မရှိသည်။ ကမ္မ-ရှိသောကြောင့် ဝိပါက-ရှိရလေသည်။ အရပ်သုံးစကားဖြင့် ဆိုရသော် “လိုချင်သည်၊ လုပ်သည်၊ ရသည်” ဟု ဆိုရမည် ဖြစ်၏။ ဤ၌ လိုချင်သည်-ဆိုသည်မှာ ကိလေသ၊ လုပ်သည်ဆိုသည်မှာ ကမ္မ၊ ရသည်ဆိုသည်မှာ ဝိပါက-ဖြစ်၏။ ထိုတရားသုံးပါးသည် ကြောင်းကျိုး အဖြစ် ဆက်နွယ်နေ၏။ “ရလျှင် လိုချင်ပြန်သည်၊ လိုချင်၍ လုပ်ပြန်သည်၊ လုပ်လျှင် ရလာပြန်သည်” ဟု စဉ်ဆက်မပြတ် လည်ပတ်နေမှုသည် မည်သည့်အချိန်မှ စတင်ခဲ့သည်ဆိုသည်ကို မသိနိုင်၊ “အနမတဂ္ဂေါ ယံ သံသာရော” = “ဤသံသရာ၏ အစကို မသိနိုင်” ဟု ဗုဒ္ဓမြတ်စွာက ဟောတော်မူသည်။
အလွန့်အလွန်ကြာလှပြီဖြစ်သည့်အတွက် သံသရာ၏အစကို မသိနိုင်သော်လည်း ၊ သံသရာ၏အဆုံးကိုမူ သိနိုင်၏။ အကြောင်း အကျိုးတို့၏ လုံးဝချုပ်ငြိမ်းမှုသည် သံသရာ၏ အဆုံးပင်ဖြစ်၏။
အလွန်ရှည်ကြာလှပြီဖြစ်သော သံသရာကို ရပ်တန့်စေလိုလျှင် အကြောင်းကိုရှာ၍ ဖျက်ဆီးရမည်။ အကြောင်းပြတ်လျှင် အကျိုးရပ်မည်။ သိသာအောင်ဆိုရသော် “လိုချင်မှုသည် အကြောင်း၊ လုပ်မှုသည်အကျိုး၊ တဖန် လုပ်မှုသည် အကြောင်း၊ ရမှုသည် အကျိုး၊” ဤသို့ အစဉ်အဆက်မပြတ် အကြောင်းအကျိုး လည်ပတ်လျက်ရှိရာ “လိုချင်မှု” ဟူသော အကြောင်းကို ဖယ်ရှားရမည်။ မလိုချင်လျှင် မလုပ်၊ မလုပ်လျှင် မရ၊ မရလျှင် လိုချင်မှုဆိုသည်မှာ ထပ်၍ မလာတော့သဖြင့် ကြောင်းကျိုးဆက်ပြတ်သည်။
ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ” ဟု ဟောတော်မူ၏။ အဓိပ္ပါယ်မှာ “ဤအရာ (အကြောင်းတရား) မရှိလျှင် ဤအရာ (အကျိုးတရား) မရှိ။ ဤအရာ၏ (အကြောင်းတရား) ချုပ်ငြိမ်းမှုကြောင့် ဤအရာ (အကျိုးတရား) ချုပ်ငြိမ်း၏။” ဟု ဆိုလို၏။ ဗုဒ္ဓဝါဒအရ အကျိုးမှန်သမျှ အကြောင်းတရားကြောင့် ဖြစ်၏။ မည်သည့်အရာမျှ အကြောင်းကင်း၍ မဖြစ်။ အကြောင်းမဲ့ဖြစ်သည်ဟူသော အဟေတုကဝါဒ-ကို ဗုဒ္ဓက ငြင်းပယ်တော်မူ၏။ အကျိုးကိုဖြစ်စေသည့် အကြောင်းဆိုရာ၌လည်း မဆီဆိုင်သော အကြောင်း (ဝိသမဟေတု) များကို ဗုဒ္ဓက လက်ခံတော်မမူ။ ဖန်ဆင်းရှင် ဖန်ဆင်းမှုကြောင့် (ဣဿရနိမ္မာန) စသော အကြောင်းများကို လက်ခံတော်မမူ။ အကြောင်းစစ် အကြောင်းမှန်များကိုသာ လက်ခံတော်မူသည်။ အကြောင်းစစ် အကြောင်းမှန်များကို သစ္စာလေးပါးဖြင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ဖြင့်လည်ကောင်း၊ ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့်လည်းကောင်း ရှင်းပြ တော်မူ၏။
အကြောင်းအကျိုးဖြစ်စဉ်သည် စာပေါင်းသိုက်ပမာ အလွန်ပင် ရှုပ်ထွေးလှ၏။ သာမန်အသိမျိုးဖြင့် နားလည်ရန် ခက်ခဲ၏။ အကြောင်း အကျိုးဖြစ်စဉ်ကို ထက်မြစူးရှသော ဉာဏ်ဖြင့်သာ ထိုးထွင်းသိနိုင်၏။ ထိုဉာဏ်မျိုးကို ရရှိရန် ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာကို လေ့လာသင်ယူ ရမည်ဖြစ်၏။ အဘိဓမ္မာကို သင်ယူခြင်းဖြင့် ဘဝ၏ အဓိပ္ပါယ်ကို တိတိကျကျ ပြည့်ပြည့်ဝဝ နားလည်နိုင်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်ရှိ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ သဘာဝကို သိနိုင်၏။ ရုပ်နာမ်စဉ်ဆက် ကြောင်းကျိုးနွယ်လျက် ဖြစ်နေပုံကို သဘောပေါက်၏။
အကြောင်းအကျိုး နှစ်မျိုးအနက် အကြောင်းကို ဖယ်ရှားခြင်းဖြင့် အကျိုးဇာတ်သိမ်းနိုင်ပုံကို နားလည်၏။ အကောင်းအဆိုး သဘာဝနှစ်မျိုးကို ခွဲခြားမြင်၏။ ထိုနှစ်မျိုးအနက် အကောင်းကို တိုးပွားစေခြင်းဖြင့် အဆိုးများ ဖယ်ရှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိလာ၏။ အဆိုးကုန်လျှင် အကောင်းတို့၏ အဆုံးသို့ ရောက်၏။ အကောင်းကုန်လျှင် အကြောင်းကုန်၏။ အကြောင်းပြတ်လျှင် ဖြစ်ပေါ်လာမှု အကျိုးရပ်၏။ သင်္ခါရတရားတို့၏ ဖြစ်မှုငြိမ်းခြင်းသည် ဘဝချုပ်ငြိမ်းခြင်းပင် ။
ဗုဒ္ဓမြတ်စွာက “ဘဝနိရောဓော နိဗ္ဗာနံ” ဟု ဟောတော်မူ၏။ ရဟန္တာအရှင်တို့က ဘဝချုပ်ငြိမ်းမှုကို နိဗ္ဗာန်-ဟု ရှုမြင်ကြ၏။ နိဗ္ဗာန်၌ ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၏။ ခံစားမှုမှန်သမျှ ချုပ်ပြတ်သွား၏။ ခံစားမှု မဖြစ်ပေါ်ခြင်းသည်ပင် နိဗ္ဗာန်ချမ်းသာ သန္တိသုခ ဖြစ်ပါသတည်း။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
Posted by Shwe Yee
No comments:
Post a Comment