လူသားတစ်ယောက်ရဲ့စိတ်မှာ ပင်ကိုယ်တန်ခိုးသတ္တိအကြည်ဓါတ်အလင်းရောင်ရှိတယ်.. အဲ့ဒါကို ကိလေသာ အညစ်အကြေးတွေဖုံးအုပ်ထားလို့ စိတ်ရဲ့တန်ခိုးသတ္တိအစွမ်းတွေဟာ တိမ်မြုပ်နေရတယ်.. ဒီဖုံးအုပ်နေတဲ့ အညစ်အကြေးတွေကို သမထဆိုတဲ့ ကျင့်စဉ်တခုခုနဲ့ ဖယ်ရှားသုတ်သင်လိုက်ရင် စိတ်ရဲ့မူလ တန်းခိုးအစွမ်း အလင်းရောင်တွေပေါ်ထွက်လာရစမြဲပါပဲ.. အဲ့ဒီလိုမျိုး စိတ်ရဲ့မူလအစွမ်းသတ္တိကို ရှာဖွေဖော်ထုတ် သိမ်းဆည်းထားနိုင်တဲ့လူတယောက်ဟာ ကိလေသာတောထဲက လူသာမာန်တွေ မမြင်နိုင်.. မသိနိုင်တဲ့အရာတွေကို သူ့စိတ်ရဲ့သမာဓိအကြည်ဓါတ်အလင်းရောင်နဲ့ မြင်နိုင်စွမ်း သိနိုင်စွမ်းရှိလာတယ်... ဒီအစွမ်းသတ္တိနဲ့ပဲ လောကအကျိုး.. လောကုတ္တရာအကျိုးကို လူသာမန်တို့ထက် လျင်မြန်စွာ ပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းရှိလာတယ်...
ဒီလိုဖြစ်အောင် လုပ်ဖို့နည်းလမ်းဟာ တက္ကသိုလ်တက်ပြီး သင်ရလောက်အောင် မခက်ခဲပေမဲ့ နည်းသိအောင် လေ့လာဖြစ်တဲ့သူ နည်းတယ်... နည်းသိလာပြန်တော့လဲ လက်တွေ့အကောင်ထည်ပေါ်အောင် ဆောင်ရွက်နိုင်တဲ့သူရှားပြန်တယ်.. ဘာလို့လဲဆိုတော့ တစ်သံသရာလုံး ကိလေသာတောထဲမှာ ပျော်မွေ့လာတဲ့ဒီစိတ်ရိုင်းကို ယဉ်ကျေးအောင်ဆုံးမဖို့ရာ ခက်ခဲနေလို့ပဲ... ဟောဒီကိလေသာတောထဲက ရုန်းထွက်ပြီး စိတ်ရဲ့မူလသတ္တိတွေကို ဖော်ထုတ်နိုင်အောင် ကြိုးစားမဲ့ ကျင့်စဉ်သမားတယောက်ဟာ ရှေးအခါကတော့ ပလိဗောဓဆယ်ပါးကိုဖြတ်ရတယ်... ခုဒီခေတ်မှာတော့ ငါ့အတွက်ဟာ ဒီအင်တာနက်က တပါးအပါအ၀င်ဖြစ်နေတော့ ဆယ့်တစ်ပါးကိုဖြတ်ရမလိုဖြစ်နေတယ်... ရည်းစားမရှိပဲနေလာတာ ဆယ်နှစ်ရှိပြီ.. ရင်ထဲမှာ ဘာခံစားချက်မှမရှိဘူး.. ဒီအင်တာနက်ကို တစ်ရက်လောက် မသုံးလိုက်ရဘူးဆိုရင်... ရင်ထဲမှာ ဟာတာတာနဲ့ ဘာကြီးဖြစ်နေမှန်းကို မသိဘူး... ဆေးလိပ်ဖြတ်တာ ဆရာဝန်မလိုခဲ့ဘူး... အရက်ဘီယာ ဖြတ်တာ ဘာဆေးမှ မကူခဲ့ဘူး... ဒီအင်တာနက်ကိုဖြတ်ဖို့ ဘယ်သမားတော်ဆီမှာ သွားရပါ့မလဲ??? .. အင်တာနက် ဆားဗစ်ပရိုဗိုက်တာကို ပိတ်ခိုင်းဖို့ ဖုန်းဆက်မယ်လုပ်လိုက်တိုင်း ငါ့ရဲ့လက်တွေဟာ သေမင်းကို လက်ဆွဲနှုတ်ဆက်ရမဲ့အလား တွန့်ဆုတ်နေမိတာ.. ဘာကြောင့်လဲ??? ဘ၀ဟာ အချိန်တွေနဲ့တည်ဆောက်ထားတာ.. တန်ဖိုးရှိတဲ့အချိန်တွေကို အရေမရ အဖတ်မရတွေနဲ့ ဖြုန်းတီးပစ်ခဲ့တာ လူ့ဘ၀ သက်တမ်း တစ်ဝက်ကျိုးခဲ့ပြီ... ငါဘာဆက်လုပ်မလဲ???
သံသရာ တဖက်ကမ်းကိုလ..
တက်လှမ်းဖို့ သည်မောင်ကြံ..။ ။
တရက်ဆုံးပြန်တော့..
မက်လုံးရန် အင်တာနက်ကိုလ
ငြင်းထွက်ဖို့လှန်..။ ။
နောက်တရက်ကူးလာပြန်..
ရူးစရာကျန်ပါသေး..။ ။
ခုဘ၀မှာ..
သမုဒယ အင်တာနက်ရယ်က
မရှုမလှ ၀င်လာဖျက်တာကြောင့်
ရင်မှာသက်တဲ့ အဓိဌာန်နဲ့
ပြည်နိဗ္ဗာန် ရွှေပြည်ကြီးရယ်က
နီးရက်နဲ့ဝေး..။ ။ :D)))
Posted by ငြိမ်း သစ္စာ
No comments:
Post a Comment