Monday, June 27, 2011

ဘာသာကူးပြောင်းရာ၌ သတိပြုဖွယ်

ယခုအခါ ကမ္ဘာနှင့်အ၀န်း ဗုဒ္ဓဘာသာဘက်သို့ မျက်နှာမူလာသူများ၊ အစုလိုက် အပြုံလိုက် ဘာသာကူးပြောင်းသူများ များပြားလာသဖြင့် သရဏဂုံအကြောင်း ခြေခြေမြစ်မြစ် တိတိကျကျ နားလည်ထားသင့်၏။

ဘုရားလက်ထက်တော်က သရဏံဂုံ သုံးပါးဖြင့်ပင် ရဟန်းပြုခွင့်ပေးခဲ့၏။ ယခုအခါတွင်လည်း သရဏဂုံသုံးပါးဖြင့်ပင် သာမဏေပြုပေးလျှက်ရှိ၏။ ရွတ်ဆိုရာ၌ မပီသလျှင်ပင် သာမဏေမဖြစ်။ ဗုဒ္ဓဘာသာခံယူရာတွင်လည်း ပါဠိဘာသာစကားဖြင့် ရွတ်ဆိုဆောက်တည်သင့်ကြောင်း အထူးပြောဖွယ်ရာ မရှိ။ မည်သည့်ဘုရားစာကိုမျှ မရသည့်တိုင်အောင် ဤ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို မပြတ်အောက်မေ့ ရွတ်ဆိုနေခြင်းဖြင့် ဘေးရန်ကင်းကွာ၍ ချမ်းသာစီးပွားများကြရသည်မှာ လက်တွေ့ဖြစ်နေကြလေသည်။ သရဏဂုံ ပါဠိများကို “သဝေမပါ ကိုးဂါထာ” ဟု လည်းကောင်း၊ “အရိယာ သာဝိတ္တိဂါထာတော်ကြီး” ဟု လည်းကောင်း အထွတ်အမြန်ပြုကြရသည်။

မြတ်စွာဘုရားရှင်က ဗုဒ္ဓဘာသာဝင် မဖြစ်သေးသူကို ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ပြုလုပ်ပေးသော ကုသိုလ်ထက် ကြီးသော ကုသိုလ်မရှိကြောင်း ဗုဒ္ဓဘာသာဝင်အဖြစ် သရဏဂုံ ခံယူဆောက်တည်ထားရုံမျှဖြင့် အပါယ်မကျနိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူသကဲ့သို့ မိစ္ဆာအယူ အစွဲသန်သူသည် ငရဲနှင့် တိရစ္ဆာန်ဘ၀သို့ မုချကိန်းသေ ရောက်ရတော့မည်ဖြစ်သဖြင့် မိစ္ဆာဒိဋ္ဌိအယူထက် ကြီးလေးသော အပြစ် မရှိကြောင်းကိုလည်း ထပ်တလဲလဲ ဟောကြားတော်မူသည်။

သို့ရာတွင် ငါဘုရားရှင်ကိုသာ ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ရမည်၊ အခြားဘာသာ အယူဝါဒကို မကိုးကွယ်ရဟု မည်သည့်နေရာ၌မျှ မိန့်ကြားထားခြင်း မရှိပေ။ အကြောင်းသင့် အကျိုးသင့်သာ ညွှန်ပြမိန့်ဆိုတော်မူခဲ့သည်။“ငါ့အယူမှ အယူ၊ ငါ့ဘာသာမှ ဘာသာ” ဟု တရားသေ မမိန့်ဆိုရုံမျှမက ဘာသာအယူဝါဒအမျိုးမျိုးကြားနေရပြီး မည်သည့် အယူကို ယူရမှန်း မသိ၊ “ငါ့ အယူသာလျှင် အကောင်းဆုံး” ဆိုသူများကြားတွင် နားယောင်တွေဝေနေကြရှာသော ကာလာမ အမျိုးသားများနှင့် တွေ့ဆုံရာ၌ပင် “ဤအယူကိုသာ ယူ” ဟု မိန့်တော်မမူ၊ “သင်ကိုယ်တိုင် လေ့လာကျင့်သုံးပြီးမှ မကောင်းတာရှောင်၊ ကောင်းရာဆောင်” ဟု ကိုယ်ပိုင် စဉ်းစား ဆုံးဖြတ်ခွင့်ကို ပေးတော်မူခဲ့ဖူးသည်။

သည်မျှသာမကသေး၊ နိဂဏ္ဌနယဋပုတ္တ၏ အမာခံပစ္စည်းလေးပါး ဒါယကာ (ဂျိန်းဘာသာဝင်တို့ ခေါင်းဆောင်) တစ်ဦးဖြစ်သူ ဥပါလိသူကြွယ် သူ့ဆရာ၏ စေခိုင်းချက်အရ ဘုရားရှင်နှင့် ၀ါဒယှဉ်ပြိုင် စကားစစ်ထိုးလာရာ နောက်ဆုံးတွင် ကြည်ကြည်လင်လင် သဘောပေါက်သွားသဖြင့် ဘုရားရှင်ထံ သရဏဂုံ ဆောက်တည်ပြီး ဥပါသကာအဖြစ် ခံယူဖူး၏။ ထိုသို့ စီးပွားရေး၊ လူမူရေးအားဖြင့် မြို့နယ်မျက်နှာဖုံးဖြစ်သူ ဥပါလိသူကြွယ်ကဲ့သို့သော သူတစ်ဦး ဗုဒ္ဓဘာသာသို့ ကူးဝင်လာရာ၌ ကြိုဆိုကောင်းချီးပေးရမည့်အစား -

“ဥပါလိသူကြွယ် - သင်လို ထင်ရှား ကျော်ကြားသူတစ်ဦးအား အလျင်စလို မလုပ်သင့်၊ စိတ်လိုက်မာန်ပါ မလုပ်သင့်၊ အချိန်ယူပြီး စဉ်းစဉ်းစားစား လုပ်ပါ” ဟုပင် အကြိမ်ကြိမ် ဟန့်တားတော်မူခဲ့သေးသည်။

ဗုဒ္ဓဘာသာသည် ဇွတ်အယုံ စဉ်းစားဉာဏ်ဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ဦးစားပေးကြောင်း နားလည်သင့်၏။ တနည်းအားဖြင့် ဗုဒ္ဓဘာသာအဖြစ် ခံယူရာ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ရွတ်ဆိုရုံမျှဖြင့် မပြီး၊ (ပြဆိုခဲ့သည့်) အခြေခံစိတ်ထား ကြည်လင်ပြတ်သားမူ၊ ကြည်ကြည်လင်လင် လေးလေးမြတ်မြတ်ရှိမူသည် မည်မျှအရေးကြီးကြောင်း ထပ်ဆင့် သဘောပေါက်သင့်ပေသည်။

သာသနာပုဂ္ဂိုလ်များ ဗုဒ္ဓသာသနာ ဗုဒ္ဓဘာသာသို့ ၀င်၍ ရဟန်းပြုလိုလျှင်သော်မှ ချက်ချင်းရဟန်းပြုခွင့် မပေး၊ အသိအမြင် ကြည်လင်ခိုင်မာအောင်၊ ဓလေ့ထုံးတမ်းကျွမ်းကျင်အောင် လေးလတိုင်တိုင် လေ့လသူအရံအဖြစ် စောင့်ဆိုင်းနေရသေးသည်။ “တတ္ထိယပရိဝါသ်” ဟု ခေါ်၏။
ဘုရားရှင်လက်ထက်တော်က အသိအမြင် ကြည်လင်လေးမြတ်မူ ပြတ်သားမူ မရှိဘဲ ဘုရားရှင်ထံမှ သရဏဂုံဆောက်တည်၍ ဥပါသကာအဖြစ် ခံယူသွားသော သောဏဒဏ္ဍပုဏ္ဏားကြီးသည် ဘာသာကူးပြောင်းရာ၌ လွယ်သလောက်၊ ပြတ်သားမူ မရှိ၍ ဘ၀ရပ်တည်ရာ၌ အခက်တွေ့ခဲ့သည်။ ဗုဒ္ဓဘာသာခံယူပြီးလျှင် ခရီးဦးကြိုဆိုခြင်း၊ အထူးသဖြင့် တုပ်ပျပ်ဝပ်လျိုး ရှိခိုးဦးချခြင်းကို လွယ်လွယ်ကူကူပင် ပြုနိုင်ရ၏။ ထိုသို့ ရှိခိုးဦးချရသည်ကိုပင် မင်္ဂလာတစ်ခု၊ ကုသိုလ်တစ်မျိုးဟု ကြည်ကြည်လင်လင် ရူမြင်နိုင်ရ၏။

သောဏဒဏ္ဍပုဏ္ဏားကြီးမှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာစဖြစ်၍ ထိုသို့ သဘောမပေါက်နိုင်ရှာ၊ တွေးတောပူပန်မူတွေ တသီကြီးဝင်လာ၏။ မြို့မျက်နှာဖုံးပညာရှိ သူဌေးကြီး၊ ဗြဟ္မဏ၀ါဒခေါင်းဆောင် သက်ကြီးဝါရင့် ဆရာကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ -

“အိုကြီးအိုမ - ကိုယ့်မြေးလောက်ရှိတဲ့ ဂေါတမကို ရှိခိုးရတယ်လို့များ ရှိရပလေ” ဟု ပတ်ဝန်းကျင်က ရူတ်ချကဲ့ရဲ့မူ၊ လူမူအသိုင်းအ၀ိုင်းနှင့် ကင်းကွာပြီး စီးပွားဥစ္စာ အခြံအရံ အကျော်စောမဲ့မူ၊ ဂုဏ်သိက္ခာကျဆင်းမူ ဖြစ်လာမည်ကို စိုးရိမ်စိတ်ဝင်နေခဲ့သည်။ ထို့ကြောင့် ဘုရားရှင်အား -

“ပရိသတ်အလယ်မှာ ရှိနေခိုက် လက်အုပ်ချီလိုက်တာမြင်လျှင် နေရာမှထပြီး ခရီးဦး ကြိုဆိုတယ်လို့ မှတ်ယူတော်မူပါ၊ ဦးရစ်ခေါင်းပေါင်း ချွတ်ပြလျှင်လည်း ဦးခေါင်းညွတ်လျှို ရှိခိုးတယ်လို့ မှတ်ယူတော်မူပါ၊ ယာဉ်ရတားနှင့် သွားရင်း နှင်တံကို မြှောက်ပြလျှင်လည်း ဝေါယာဉ်ပေါ်မျှဆင်းပြီး အရိုအသေပြုတယ်လို့ပဲ မှတ်ယူတော်မူပါ။ ယာဉ်ပေါ်က ဆောင်းထားသော ထီးကို ဖယ်လိုက်လျှင်လည်း ရှိခိုးတယ်လို့ မှတ်ယူတော်မူပါ” ဟုပင် ဘုရားရှင်အား စိုးရိမ်တကြီး ကြိုတင်၍ အချိန်းအချက်ထားကာ ခွင့်ပန်စကား လျှောက်ခဲ့ဖူး၏။

ဘာသာကူးပြောင်းရာ၌ ထိုသို့ အသိအမြင် ကြည်လင်ပြတ်သားမူ မရှိသည့်အတွက် သောဏဒဏ္ဍပုဏ္ဏားကြီးမှာ မည်သည့်တရားထူးမျှ မရခဲ့ရှာပေ။
သရဏဂုံ ခံယူဆောက်တည်စ၊ ဘာသာကူးပြောင်းစတွင် လူတိုင်းအသိဉာဏ် မကြွယ်ဝနိုင်သေး၊ ယုံကြည်မူ - သဒ္ဓါစင်စစ်ဖြစ်လျှင်ပင် တော်လှပြီ။
“မဆုံးနိုင်သော ဘ၀သံသရာခရီးတလျှောက်လုံး တွေ့ကြုံရမည့် ဘေးရန်အန္တရာယ်အမျိုးမျိုး၊ ကိုယ်စိတ်ဆင်းရဲခြင်း အမျိုးမျိုးက လွတ်ကင်းချမ်းသာအောင် ကယ်မနိုင်တဲ့ တကယ့်အစစ်အမှန် ကိုးကွယ်အားထားရာဆိုတာ ရတနာသုံးပါးကလွဲလို့ တခြားမရှိဘူး” ဟု မမှိတ်မသုန် ယုံကြည်ရင်းစွဲ ရှိထားလျှင် အသိဉာဏ် ကြွယ်ဝအောင် ဆက်လက်လေ့လာရန် မခက်တော့ပြီ။

Posted by "Buddha In My Life"

No comments:

Post a Comment