Sunday, June 19, 2011

မသေခင် တစ်လ အလို

၁၊ ဘယ်သူတွေနဲ့ ရှိနေချင်လဲ -
သေခါနီးလူတယောက်အတွက် ဘယ်သူမှ မရှိပဲတစ်ယောက်ထဲ တရားနှလုံးသွင်း
နေနိုင်ရင် အကောင်းဆုံးပါပဲ၊သံယောဇဉ်ရှိသူတွေကို ကြိုတင် ဖြတ်သင့်ပါတယ်၊
ဘာကြောင့်ဆို သူတို့က ၀မ်းနည်းလို့ ငိုနေပေမယ့် ဘယ်သူမှ မကယ်နိုင်ပါဘူး။
သံယောဇဉ်တွေကြောင့် သေသွားခဲ့ရင် ခံရမှာက ကိုယ်တစ်ယောက်ထဲမို့ပါ -

၂။ ဘာတွေ ခံစားနေရမလဲ -

တလ လွန်ရင် သေရမှာ သိနေတဲ့ လူတယောက်အတွက် လုံးဝ မပျော်ရွှင်နိုင်တော့ပါဘူး၊
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၂၀၀ ကျော်က သာသနာပြုဘုရင်ကြီး သီရိဓမ္မာသောက လက်ထက်မှာ
ညီတော် တိဿ မင်းသားက ဒီရဟန်းတော်တွေ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊
ပြီးတော့ တရားအားမထုတ်ဘူး၊ဇိမ်ယစ်နေကြတာပဲ - ဆိုတဲ့ စကားကို ကြားတဲ့ ဘုရင်က
ကိုင်း ဒါဆို မောင်မင်း ဒီနေ့က စပြီး ပလ္လင်ပေါ်တက်၊ စိတ်ကြိုက် ကာမဂုဏ်တွေကို ခံစားပါ၊

ဒါပေမယ့် ရ ရက်လွန်ရင်တော့ သတ်ပစ်ပါမယ်၊ ဆိုပြီး ခံစားခိုင်းသတဲ့ ၊ တိဿမင်းသားခင်ဗျာ
ကိုယ့်စကားနဲ့ ကိုယ်မို့ ရ ရက်ကျော်ရင် သေရမှာ သိနေတာ သေချာနေတာကြောင့် အာရုံတွေ
ကို မခံစားနိုင်ပဲ ဇောချွေး ပြန်နေသတဲ့၊ ဒီတော့မှရှင်ဘုရင်က ညီတော်က ရ ရက်လောက်နေပြီး
သေရမှာ ကြောက်နေတာလား- ဘုရားသားတော်ရဟန်းတော်တွေက မောင်မင်းကြောက်တယ်
ဆိုတဲ့ သေခြင်းတရားကို နေ့ည မပြတ် ပွားများနေလေ့ ရှိကြတယ်၊
ဒါကြောင့် မပြစ်မှားရဘူး ဆိုတော့မှ ညီတော် မှားပါတယ် ဆိုပြီး တောင်းပန်ခဲ့ဘူးတယ်၊
ဒါကြောင့် ဘာဝနာမရှိရင် လူတိုင်း ခံစားနေရမှာပါပဲ၊

၃။ ဘာတွေ ပြန်ဆင်ထားမလဲ -

သေခြင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့က ငါသေရအုံးမယ် လို့ အမြဲတမ်း နှလုံးသွင်းခြင်း
မရဏနုဿတိ ပါ၊ ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာတွေလဲ အားကိုးစရာ
ဖြစ်နိုင်ပါတယ်၊ တကယ် ထိရောက်တဲ့ နည်းကတော့ မရဏဿတိ ဘာဝနာပါပဲ၊

၎။ ၀မ်းနည်းမိမှာက -

ကောင်းတဲ့ စိတ်ကူး အကြံဥာဏ်တွေ အလုပ်တွေ အကောင်အထည်မဖော်နိုင်ခင် သေရမှာ
က ၀မ်းနည်းစရာပါ၊

၅။ ကြောက်လန့်မိတာက -

ကိုယ့်ဘက်က မပြည့်စုံခင် သေသွားခဲ့ရင် အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ ဖြစ်တာမို့ ကြောက်လန့်
မိပါတယ်၊

၆။ ဆောင်ထားချင်တာက -

ဓမ္မပဒ ထဲမှာ မိန်းကလေးတယောက်က အိမ်သာ( ရေအိမ် )တက်ရင်း မစင်တွေကို ကြည့်ပြီး-
အော် ငါကသာ ခန္ဓာကိုယ်ကြီးကို တက်မက်နေတာ၊ တကယ်တော့ မစင်တွေ သိုလှောင်ရာ
ဋ္ဌာနကြီးပဲ၊ ဘာမှ တက်မက်စရာ မရှိပါလား ဆိုပြီး အသုဘ ဘာဝနာကို တကြိမ်ပွားများလိုက်
တာ ဒီဘုရားရှင်လက်ထက်မှာ အဲဒီဘာဝနာအထုံကြောင့် သောတာပန် ဖြစ်ခဲ့ရတယ် ၊
ဒါကြောင့် ဘာဝနာတခု ခု ကို အနည်းဆုံး အထုံဝါသနာဖြစ်အောင်တော့ ပွားများသင့်ပါတယ်၊

၇။ ဘာတွေ ရေးမိမလဲ -

စန္ဒကူး နံ့သာတုံး ဟာ နောက်ဆုံးမီးသွေးဖြစ်ချိန်ထိ လူအများကို နံ့သာဖြင့် သင်းပျံ့စေသလို
သေဖို့ တလတာ အချိန်အတွင်းမှာ ငါ့လို ၀မ်းနည်းမှု့မျိုး မခံစားရအောင် ကောင်းကောင်းနေ
ရစ် ခဲ့ကြ လို့ သတိပေးစကား ရေးဖြစ်ပါလိမ့်မယ်၊

၈။ တွေးမိတွေးရာ -

ငါ သေသွားခဲ့ရင် ငါ့ကို မုန်းတီးနေသူတွေ ငါ မရှိတော့တဲ့အတွက် မုန်းတဲ့ ဒေါသစိတ်တွေ
လျော့သွားပြီး အကုသိုလ်နည်းသွားကြလိမ့်မယ် ။

ချစ်ခင်နေသူတွေလဲ လောဘတွေ သံယောဇဉ်တွေ နည်းပြီး ငါ့ကို အကြောင်းပြုပြီး ကုသိုလ
်ကောင်းမှု့တွေ ပြုလုပ်ဖြစ်လိမ့်မယ် -

ဒါဟာ ငါ့ပတ်ဝန်းကျင်ကို နောက်ဆုံးကျေးဇူး ပြုခြင်းဖြစ်လိမ့်မယ် လို့ တွေးမိပြီး စိတ်ချမ်းသာ
ရပါတယ်၊

၉။ ဂုဏ်ယူ ချင်တာက -

သေခြင်းတရား နဲ့ အသုဘ ဘာဝနာကို အကြိမ်များစွာ ပွားများပြီးသား ဖြစ်တဲ့ အတွက် ဘဝ
အတွက် မလုံလောက်သေးသော်လည်း ဂုဏ်ယူ ချင်စရာ စိတ်ကြည်နူးမှူ့ပါပဲ၊

၁၀။ ရှာကြံ ဖြေသိမ့်မိတာက -

မသေခင် ကိုယ့်အတွက်ရော အများအတွက်ပါ ကြိုတင်ပြင်ဆင်ခွင့် ရနေခြင်းပဲ၊ ( ဒါပေမယ့်
အချိန် တလ အတွင်းမှာ မလုံလောက်သေးဘူး ထင်ပါတယ် )

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း-

နောင် နှစ်ပေါင်း တစ်ရာ တစ်ထောင် ကျော်မှ လူအဖြစ်ေ၇ာက်ရင် ဒီထက် အကုသိုလ်ထူပြော
တဲ့ လောကမှာ လူဖြစ်ရမှာမို့ မတွေးဝံ့စရာပဲ၊ ဒါကြောင့် ကုသိုလ် အကုသိုလ် အားလုံးပြုနိုင်ရာ
လမ်းဆုံ ဖြစ်တဲ့ လူ့ဘ၀ မှာ လူဖြစ်နေရတာ တော်သေးတယ်၊
ဘုရားသာသနာနဲ့ တွေ့နေရတဲ့ အတွက် ပိုကံကောင်းတယ် လို့ ဥဒါန်းကျူးချင်ပါတယ်၊

( တကယ်တော့ ဥဒါန်းကျူးတယ် ဆိုတာ ရင်ထဲမှာ ၀မ်းသာလွန်းလို့ မအောင့်အီးနိုင်ပဲ ပီတိတွေ
ကို ပါးစပ်က ထုတ်ဖော်ပြောဆိုတာ မျိုးပါ၊ ဥပမာ- ဘုရားရှင်ရှေ့မှာ တရားနာပြီး သောတာပန်
ဖြစ်သူက မိမိတရားထူးရလို့ ပျော်ရွှင်ပြီး ဥဒါန်းကျူးတာမျိုးပေါ့၊)

အဲလို ဥဒါန်းမျိုး ကျူးရင့်နိုင်အောင် ကြိုးစားအားထုတ်ဆဲပါ၊ အားလုံးလဲ ကျူးရင့် နိုင်ကြပါစေ-

ရေးသားသူ- အရှင်သုနန္ဒာလင်္ကာရ

ကူးယူဒါနပြုပါသည်

သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်အောင်ထားတဲ့သူတွေဖြစ်ပြီး
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ

ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

No comments:

Post a Comment