ဥုံနှင့်ပတ်သက်သော အသေးစိပ်ရှင်းလင်းချက်ကို ကိုဇာမဏီမင်းကအီးမေးပို့လာ၍ အခုမိတ်ဆွေအားလုံးဖတ်နိုင်ရန် မျှဝေပေးလိုက် ပါသည်။ ကိုဇာမဏီမင်းကိုကျေးဇူးတင်ရှိပါသည်။
ဥုံ ဆိုသည်မှာ
ဥုံ ဆိုတာ ဟိန္ဒူဗြာဟ္မဏ ဘာသာဝင်တို့ရဲ့ ဝေဒလေးပုံက ထွက်လာတဲ့ အက္ခရာ စကားလုံး သက်သက်ပဲ။ ဟိန္ဒူဗြာဟ္မဏဘာသာဝင်တွေအတွက်တော့ ဥုံ ဟာ တကယ့်ကို အလေးအမြတ်ထားရာ အထွတ်အထိပ် အက္ခရာ တစ်ခုပါပဲ။
ဗုဒ္ဓဘာသာမှာ ရတနာ မြတ် ၃ ပါးဆိုတာ ရှိသလိုမျိုး ဟိန္ဒူဗြာဟ္မဏတွေမှာလည်း သူတို့တွေ သတ်မှတ်ထားတဲ့ ရတနာ မြတ်သုံးပါး ဆိုတာ ရှိတယ်။
ပြောရရင် မဟာဗြဟ္မာ၊ ဗိဿနိုးနဲ့ သီဝ(မြန်မာအခေါ် ပရမေသွာ) တို့ဟာ တြိမူရ်တိ (ခေါ်) ဟိန္ဒူဗြာဟ္မဏ ဘာသာဝင်တို့ရဲ့ ရတနာ မြတ်သုံးပါး ဖြစ်တယ်။
သန့်ရှင်းသော ၀ိညာဉ်တော်၊ အဖဘုရားသခင်နဲ့ သားတော် သခင်ယေရှုတို့ဟာ တြိနတိ (ခေါ်) ခရစ်ယာန်တို့ရဲ့ ရတနာ မြတ်သုံးပါးပဲ။
ရှေးဟောင်းယုံကြည်ကိုးကွယ်မှုတွေကို ကြည့်မယ်ဆိုရင်လည်း
ဘေဘီလုံတွေက အေနူး(လေ)၊ အဲန်နံလ်(ရေ)၊ အီအာ(မြေကြီး)၊
အီဂျစ်တို့က ဟိုရပ်စ်ဘေ့(သိမ်းငှက်ခေါင်းပုံ)၊ ပျူတိုအကိုရီ(မြွေသဏ္ဍာန်)၊ ဟာသောရိ(ဖားခေါင်းပုံ) တို့ကို ၃ ဆူတွဲ ဘုရားတွေအဖြစ် ကိုးကွယ်ခဲ့ကြတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ ရတနာမြတ် ၃ ပါး အဓိပ္ပါယ်အယူအဆ တွေနဲ့တော့ မတူဘူး။ ဗုဒ္ဓဘာသာရဲ့ ရတနာ မြတ် ၃ ပါး အကြောင်းကိုတော့ သိပြီးသား ဖြစ်မယ်ထင်လို့ မရှင်းတော့ပါဘူး။
ခရစ်ယာန်မှာ သန့်ရှင်းသော ၀ိညာဉ်တော်၊ အဖဘုရားသခင်နဲ့ သားတော်သခင်ယေရှုတို့ သုံးပါးပေါင်းကိုမှ တစ်ဆူတည်းသော ထာဝရ ဘုရားလို့ ယူဆကြသလိုပဲ
ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေကလည်း မဟာဗြဟ္မာ၊ ဗိဿနိုးနဲ့ သီဝ တို့ ၃ ပါးပေါင်းကိုမှ အတ္တ (၀ါ) အတမန် လို့ခေါ်တဲ့ တစ်ဆူတည်းသော ထာဝရ ဘုရားလို့ ယုံကြည်ကြတယ်။
ဟိန္ဒူဗြဟ္မဏ၀ါဒက လောကမှာ ကိုယ့်ကိုယ်ကို အစဉ်အစိုးရပြီး ဘယ်တော့မှ မဖောက်မပြန် ထာဝရတည်မြဲနေတဲ့ အမာခံ အနှစ်သာရ( အတ္တ ) ရှိတယ်လို့ ယူဆတဲ့ အတ္တ၀ါဒ၊ တစ်နည်းပြောရရင် ထာဝရ ဘုရားသခင် ဖြစ်တယ်လို့ ယုံကြည်တဲ့ ဣသာရ ၀ါဒ ပဲ။
အမှန်တော့ ဟိန္ဒူဗြာဟ္မဏတွေဟာ ဖန်ဆင်းရှင်ထာဝရဘုရားကို ရှေးဦးအကျဆုံး ကိုးကွယ်သူတွေပဲ။
ဟိန္ဒူဗြာဟ္မဏတို့ရဲ့ အယူအဆအရ လောကရဲ့ ဖန်ဆင်းရှင်ဟာ ရဂျစ်(ရဇဂုဏ်)၊ ဆက်တွ(သတွဂုဏ်)၊ တမတ်ခ်(တမဂုဏ်)ဆိုတဲ့ ဂုဏ်သတ္တိ သုံးပါးနဲ့ ပြီးပြည့်စုံတဲ့ အတ္တကြီးပဲ၊ တစ်နည်းပြောရရင် ဖန်ဆင်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖျက်ဆီးခြင်းဆိုတဲ့ အစွမ်းသတ္တိ (Shakti ) တွေနဲ့ ပြည့်စုံပြီး အစဉ်မဖောက်မပြန် တည်မြဲနေတဲ့ ထာဝရဘုရားသခင်ပေါ့။
အဲဒီထာဝရ ဘုရားသခင်ရဲ့ ဂုဏ် ၃ ပါးအနက် တစ်ပါးစီကို ကိုယ်စားပြုထားတဲ့ ကိုယ်ပွားတော် ဘုရား ၃ ဆူကတော့ အထက်ကပြောခဲ့တဲ့ တြိမူရ်တိပေါ့၊
မဟာဗြဟ္မာက ရဇဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ဖန်ဆင်းတယ်။
ဗိဿနိုးက သတွဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ထိန်းသိမ်းစောင့်ရှောက်တယ်၊
သီဝ ( မြန်မာအခေါ် ပရမသွာ ) ကတော့ တမဂုဏ်ကို ကိုယ်စားပြုပြီး ထာဝရဘုရားအလိုကျ တစ်နေ့မှာ လောကကို ဖျက်ဆီးဖို့ တာဝန်ယူထားရတယ်။
အဲဒီလို နတ်မင်းကြီး ၃ ပါးရယ်လို့ ကွဲပြားနေပေမယ့် တကယ်တော့ ဖန်ဆင်းရှင် ထာဝရ ဘုရားလို့ ခေါ်ဆိုနိုင်တဲ့ မဟာအတ္တကြီးရဲ့ ဂုဏ်အင်္ဂါသုံးရပ်သာ ဖြစ်တယ်၊ အဲဒီမဟာ အတ္တကြီးကို ပရမအတ္တ လို့ ခေါ်တယ်။
အဲဒီလို မဟာအတ္တကြီးရဲ့ ဂုဏ်တော် ၃ ပါးစလုံးကို တစ်ချိန်တည်းမှာ ရွတ်ဖတ်သရဇ္ဈာယ်ပွားများ ပူဇော်ဝတ်ပြုကြမယ်ဆိုရင်တော့ အ-ဥ-မ ဆိုတဲ့ အက္ခရာ ၃ လုံးထဲနဲ့ ပြီးပြည့်စုံနိုင်တယ်လို့ ဟိန္ဒူတို့ရဲ့ ဥပနိသျှဒ်ကျမ်း ( Upanishad ) တွေမှာ ဆိုထားတယ်။
အ - ဆိုတာက ဂုဏ်အင်္ဂါအားဖြင့် အတ္တရဲ့ ရဇဂုဏ်၊ အသွင်သဏ္ဍာန်အားဖြင့် မဟာဗြဟ္မာကြီးရဲ့ အထိမ်းအမှတ်။
ဥ - ဆိုတာက ဂုဏ်အင်္ဂါအားဖြင့် အတ္တရဲ့ သတွဂုဏ်၊ အသွင်သဏ္ဍာန်အားဖြင့် ဗိဿနိုးနတ်မင်းကြီးရဲ့ အထိမ်းအမှတ်။
မ - ဆိုတာက ဂုဏ်အင်္ဂါအားဖြင့် အတ္တရဲ့ တမဂုဏ်၊ အသွင်သဏ္ဍာန်အားဖြင့် သီဝနတ်မင်းကြီးရဲ့ အထိမ်းအမှတ်။
အဲဒီလို မဟာအတ္တကြီးရဲ့ ဂုဏ်တော် ၃ ပါးစလုံးကို တစ်ချိန်တည်းမှာ ရွတ်ဖတ်သရဇ္ဈာယ်ပွားများ ပူဇော်ဝတ်ပြုကြမယ်ဆိုရင်တော့ အ-ဥ-မ အ-ဥ-မ နဲ့တောင် ရွတ်နေစရာမလိုတော့ပါဘူး ဥုံ ဆိုတဲ့ အက္ခရာလေးကို ရွတ်ဆိုရုံနဲ့ အ ၊ ဥ၊ မ တို့ရဲ့ တစ်ဆက်တည်း အသံထွက်သွားပြီါ် ဂုဏ်တော်သုံးပါးစလုံးနဲ့ ပြည့်စုံတော်မူထသော ထာဝရဘုရားသခင်(ခေါ်)မဟာအတ္တကြီး ကို ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်ဆိုတဲ့ သဘောပေါ့။
ဟိန္ဒူဗြဟ္မာဏ၀ါဒီတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဥပနိသျှဒ်ကျမ်းတွေမှာ ဥုံ ဆိုတဲ့ အက္ခရာရဲ့ ဂုဏ်ကျေးဇူးကို အမျိုးမျိုးအဖုံဖုံ အမွှမ်းတင် ဖွင့်ဆိုထားတယ်။ ဥုံသည် လေးနှင့်တူ၏၊ ဇီဝအတ္တသည်မြားနှင့်တူ၏၊ ဗြဟ္မာသည် ပစ်ကွင်းနှင့်တူ၏ လို့ မိန့်ဆိုထားတယ်။ သဘောကတော့.... လူတစ်ဦးဟာ ဥုံ ကို အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆိုပွားများခြင်းအားဖြင့် ဇီဝ အတ္တလို့ ခေါ်တဲ့ မိမိရဲ့ အသက်ဝိညာဉ်ဟာ အပြစ်ကြေးညှော်တွေ ကင်းစင်သန့်ရှင်းသွားပြီး အတိုင်းမသိစင်ကြယ်တဲ့ ဗြဟ္မာ(ခေါ်) ပရမအတ္တ(ခေါ်) ထာဝရဘုရားရဲ့ သန့်ရှင်းသော ၀ိညာဉ်တော်ကြီးနဲ့ ပေါင်းစပ်သွားမယ်၊ သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်စေမယ်လို့ ဆိုလိုတာပေါ့။
ဗြဟ္မာနှင့်တွေ့ဆုံ ပေါင်းစပ်လိုပါက ဥုံအက္ခရာကို ရွတ်ဆိုပွားများရမည်၊ ဗြဟ္မာကို အာရုံပြုရမည်၊ ဗြဟ္မာကို သိသူသည် ဗြဟ္မာအဖြစ်ကို ရရှိ၏၊ ဥုံ ဟူသော အက္ခရာကို ရွတ်ဆိုပွားများလျှင် ဗြဟ္မာ့ဥာဏ်ကို ရရှိ၏ လို့တောင် ဆိုထားကြတယ်။
အနတ္တလက္ခဏသုတ်ကို ဟောပြီး လောကမှာ အစဉ်မဖောက်မပြန်ဘဲ မိမိကိုယ်ကို အစိုးရနေတဲ့ အတ္တဆိုတာ မရှိပါဘူးလို့ မြွတ်ကြားခဲ့တဲ့ ဗုဒ္ဓဒေသနာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲ။
ဥုံဆိုတာဟာ တကယ်တော့ အတ္တ ကို အာရုံပြု လက်ခံယုံကြည်သူတွေ ရွတ်ဆိုရမယ့် အက္ခရာပါပဲ။
မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ...မိမိသည် အနတ္တ၀ါဒကို အခြေခံသလား၊ အတ္တ ၀ါဒကို အခြေခံသလား။
အနတ္တ ၀ါဒကို အခြေခံတယ်ဆိုပါက ဥုံ ဆိုတာကို ရွတ်သင့်သလား၊ မရွတ်သင့်သလား သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။
Posted by အရှင်နာယကာလင်္ကာရ

No comments:
Post a Comment