Monday, June 27, 2011

လူသားအနှစ် တရားစစ်

လူသားရဲ့ အနှစ်ဟာ နောက်ဆုံးတရားအစစ် တစ်ခုတည်းပဲ။ လူ့ဘုံဘ၀ရဲ့ အနှစ်ချုပ်ဆိုတာ ကောင်းမှုတစ်ခု တည်းရယ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူမှန်ရင် အတူတူပဲ။ ကုသိုလ်မှ ရအောင် မယူနိုင်ရင် လူ့ဘ၀ အနှစ် မရှိဘူး။

မိမိတို့ အစမထင် သံသရာက အစ ယနေ့ထိ ကောင်းမှုဆိုတဲ့ ကံတရားနဲ့ အားယူ လာခဲ့ကြရတာ။ ကောင်းမှုအား သာလွန်မှ အထက်ကို တက်နိုင် ခွင့် ရကြတယ်။ ကောင်းမှုအား ပျော့ညံ့လို့ မကောင်းမှုအား တင်းမာသာလွန်သွားရင် အောက်ကို ပြန်ဆင်းကြရ ပြန်တယ်။ တကယ်တော့ တက်ရတာနဲ့ ဆင်းရတာ ယှဉ်ကြည့်ရင် ဆင်းရတာက ပိုများပါတယ်။ ပုထုဇဉ်ဆိုတာ စိတ်နိုင်တာနဲ့ စိတ်မနိုင်တာ ယှဉ်ကြည့်ရင် စိတ်မနိုင်တာက များတာကိုး။

ကောင်းမှုကို ဘ၀ရဲ့ နောက်ဆုံး လက်ကျန်ပစ္စည်းလို့လည်း ခေါ်တယ်။ ကောင်းမှုမှ မကျန်ရင်လည်း အားကိုးစရာ လုံးဝရှိမှာမှ မဟုတ်တော့ဘဲ။ ဘ၀ရဲ့ အနှစ်ချုပ်လို့လည်း ခေါ်တယ်။ အလုပ်တစ်ခု လုပ်ရင် လောကအဖိုးအခ လုပ်ခ ရတတ်တယ်။ ဒီရတဲ့ လုပ်ခ က မကြာခင်သုံးရင် ကုန်သွားမယ်။ ကုန်သွားမယ့် လုပ်ခလောက်နဲ့ လူ့လုပ်ခတန်ပြီလို့ မဆိုနိုင်သေးဘူး။ မကုန်နိုင်တဲ့ လုပ်ခကိုပါ ယူတတ်ဖို့ လိုသေးတယ်။ လူ့ဘ၀ လုပ်ခရလဒ် က အဓိက ကတော့ ကောင်းမှု တရားပဲ။

ဒါန ရနိုင်တဲ့နေရာမှာ ဒါန ရနိုင်လောက်အောင် အသိဉာဏ် ရှိရမယ်။ ဝေယျာဝစ္စ သီလရနိုင်တဲ့ နေရာမှာ ဝေယျာဝစ္စ သီလ လိမ္မာပါးနပ် ကျွမ်းကျင်စွာ ယူတတ်ရမယ်။ မေတ္တာစတဲ့ သမာဓိစွမ်းအား ရနိုင်တဲ့နေရာမှာ သမာဓိစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ၀ိပဿနာ စွမ်းအား ရနိုင်တဲ့ နေရာမှာ ၀ိပဿနာစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ဒီလို ယူတတ်မှ လူအား၊ လူ့စွမ်းအား။

ကျွမ်းကျင်တဲ့ ဉာဏ်ရှိသူ၊ သတိအမြဲ ကိုင်ထားသူအတွက် ၀ိပဿနာစွမ်းအားက မရှား ပါဘူး။ အလုပ်တိုင်း၊ နေရာတိုင်း၊ အခါတိုင်း ရနိုင်ပါတယ်။ ရနိုင်တာကိုတော့ လိမ္မာပါးနပ်စွာ ယူထားမှဖြစ်မယ်။ လူ့ဘ၀ လက်ကျန် ပစ္စည်းက ဒါပဲရှိတာကိုး။ ပစ္စည်းဥစ္စာကို နောက်ဆုံး လက်ကျန်ပစ္စည်း လုပ်လို့မရဘူး။ ကုန်ကုန်သွားတယ်။ ဆွေမျိုးကို နောက်ဆုံး လက်ကျန်လုပ်လို့လည်း မရဘူး။ အချိန်စေ့ရင် ခွဲကြရတာ။ ဘယ်တော့မှ မခွဲရတဲ့ လက်ကျန် ပစ္စည်းက တရားပဲရှိတာ။

တရားသိလို့ တရားရှိတဲ့လူဟာ ပစ္စပ္ပန်မှာ နေတတ်တယ်။ တစ်ယောက်တည်း နေရဲ တယ်၊ နေတတ်တယ်၊ ဘ၀ကူး ပြဿနာအားလုံး ပြေလည် တယ်။ ပစ္စပ္ပန် သေချာတော့ နောင်ရေး အကုန်စိတ်အေးရပြီးသား။ တကယ် စိတ်အေးစေတဲ့ လူသားအနှစ်က တရား အစစ်ပဲ။

ဒါပဲရှာနိုင်တော့ ဒါပဲပေါမှာပေါ့

တချို့နိုင်ငံတွေမှ ပစ္စည်းတွေ အလွန်ပေါများ ကြွယ်ဝနေတယ်။ ရှာဖွေစုဆောင်း နေကြတယ်။ ပိုက်ဆံ၊ ပစ္စည်းတွေ ပေါများနေတဲ့သူကို ဘေးက လူတွေက `လူချမ်းသာ တွေလို့` သမုတ်ကြတယ်။ ပိုက်ဆံ၊ ပစ္စည်းကို ကြည့် သမုတ်ကြတာ။ သူတို့မှာ ရှာစရာ ပိုက်ဆံပဲရှိတယ်။ ကုသိုလ်ရှာပုံ နည်း စနစ် မသိလို့ ပိုက်ဆံ၊ ပစ္စည်းလောက်ပဲ ရှာတတ်တော့ ပိုက်ဆံ၊ ပစ္စည်းပဲ ပေါမှာပေါ့။

`ဒီအချိန်က ဒါနကွဲ့၊ ဒါနမလုပ်လို့ မဖြစ်ဘူး။ ကိုယ့်အတွက် ရိက္ခာလိုတယ်။ ရိက္ခာ တောင့်မှ သီလစောင့်နိုင်မယ်။ တရားကျင့်နိုင်မယ်။ သူချမ်းသာဖို့လည်း ဝေငှ ကူညီရမယ်၊ ဒီအချိန်က သီလကွဲ့၊ သီလ ဆောက်တည်ရမယ့် အချိန်ကွဲ့၊ သီလ မဖြည့် လို့ မဖြစ်ဘူး။ သီလဟာ ဘ၀အလှ၊ လူ့အလှပဲ။ သီလခြုံမှ ဘ၀လုံမယ်။ သီလ အခြေခံ တောင့်တင်းမှ အထက်တရားကို တက်နိုင်မှာ။ ဒီအချိန်က သမာဓိကွဲ့၊ သမာဓိ မပွားလို့ မဖြစ်ပါဘူးကွာ။ မပွား ရင် အာရုံ အနိုင်ကျင့်ခံရမှာ။ စိတ်စွမ်းအား တည်ဆောက်လို့ မရဘဲ ပြိုကျကုန်မှာ။ ဒီအချိန်က ၀ိပဿနာကွဲ့၊ သောက ပရိဒေ၀စတဲ့ လူ့အပူတွေ ငြိမ်းစေ နိုင်တာ က ၀ိပဿနာပဲရှိတာ။ ၀ိပဿနာ မပွားရင် အာရုံဖိစီးမှု ဒုက္ခအောက်မှာ ပြားပြားဝပ် နေရမယ်။ ဉာဏ်တွေ ပိတ်ဆို့ကုန်မယ်။ မလုပ်လို့ မဖြစ်ပါ ဘူး`ဆိုတဲ့ အဲဒီ အသိမျိုး မရှိ ရင်တော့ တစ်ဖက်မြင် တစ်ဖက်ကန်းတဲ့ ဧကစက္ခုတွေပဲ ဖြစ်မယ်။ သူတို့ကို ချမ်းသာ တယ်လို့ သမုတ်ပေမဲ့ ခုနကပြောတဲ့ လူသုံးမျိုးထဲမှာ အထမ်းသမား အဆင့်ပါ။ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက်၊ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက် ဆိုတဲ့ အထမ်းသမားဘ၀ နဲ့ပဲ အချိန်ကုန် နေကြတာ။

ပစ္စည်းတစ်ခုပဲ ရှာတတ်လို့ ပစ္စည်းတစ်ခုပဲ ဖိရှာ၊ ပစ္စည်းရှာတော့ ပစ္စည်းပဲပေါ့၊ ပေါပေမဲ့ အရှိကိုနိုင်တဲ့ အသိမရှိရင် အရှိအောက် အသိက ရောက်သွားရင် ခုနပြောတဲ့ အထမ်းသမားပဲ ဖြစ်မျာပဲ။ တရားလမ်း ညွှန်ပြသူနဲ့ မတွေ့ရလို့ တရားအသိ လက်မဦးရင် အထမ်း သမားဘ၀ကနေ နောက်တော့ အရမ်းသမား ဖြစ်သွား တတ်ကြတယ်လေ။

အပူထိန်းနည်း၊ အပူငြိမ်းနည်းကို မသိလို့ အပူဝင်လာတော့ အပူချိန်ကို နိုင်အောင် မထိန်းချုပ်နိုင်၊ အပူငြိမ်းအောင် နှိပ်တဲ့ စိတ်ခလုတ်ကို မကိုင်တွယ်တတ်၊ မနှပ်တတ် ရုပ်ပိုင်းဆိုင်ရာ ခလုတ်တော့ သူတို့ သိပ်ကျွမ်းကျင်ကြတယ်။

သာသနာနှင့် မတွေ့ရလို့ စိတ်ပိုင်းဆိုင်ရာ ခလုတ်ကို ဘာမျှမသိ၊ ဒါကြောင့် ကိုယ့်အပူကို ကိုယ်အပူကို ကိုယ်မနိုင်တော့ နိုင်ငံခြားက လူတချို့ တိုက်အမြင့်ကြီးတွေ တွေပေါ်တက်ခုန်ချ သတ်သေ ကြတာတွေ၊ အဆိပ်သောက် သတ်သေကြတာတွေ နိုင်ငံခြားမှာ တယ်ပေါတယ် ဆိုပါလားဗျ၊ ထမ်းရာက မနိုင်တော့ ရမ်းရတာပေါ့ဗျာ။ ကမ္ဘာမှာ မူးယစ် ထုံထိုင်းဆေးတွေ ဈေးကောင်း နေရတာဟာလည်း အထမ်းသမားတွေ အထုပ်မနိုင်လို့ ရမ်းသွားကြတာကြောင့်ပဲ ဖြစ်မှာပါဗျာ။

လူချမ်းသာကို အလုပ်နဲ့ တိုင်းတာတယ်

လောကလူသား အထမ်းသမားတွေက လူချမ်းသာကို အထုပ်နဲ့ တိုင်းတာကြတယ်။ ဒေါ်လာသန်းချီပြီး ပစ္စည်းထုပ်၊ ငွေထုပ်ကြီးတွေ များများ ပြုနိုင်ရင် လူချမ်းသာလို့ သမုတ်ကြတယ်။ အထုပ်ကိုနိုင်တဲ့ အသိမရှိရင် အထုပ်ပိပြီး၊ ဒုက္ခရောက်တတ်တာကို ထည့်မတွက် မိတတ်ဘူး။ အထုပ်ကို မနိုင်ရင် ရှိဒုက္ခဟာ မရှိဒုက္ခတွေ ထက်ပိုပြီး အခံရ ခက်တတ်ပါတယ်။ ပစ္စည်းပေါလွန်းလို့ ချောင်လည် ရင်လွန်းရင် ဘ၀ခန္ဓာကို မသုံးဖြစ်ဘဲ မေ့နေတတ်တယ်။

ပစ္စည်းဥစ္စာဆိုတာ လူ့ဘ၀ရဲ့ အနှစ်မဟုတ်သေးဘဲ လူ့ဘ၀အနှစ် ကောင်းမှုတရားရဲ့ အထောက်အကူ မျှသာ ဖြစ်ပါသေးတယ်။ ပစ္စည်းကို ဉာဏ်နဲ့အားယူပြီး ကောင်းမှုတရား ပေါ်လာအောင် ဖော်ထုတ်တတ်ဖို့ အရေးကြီးပါတယ်။

ဓမ္မလူသား အစွမ်းသမား တွေကတော့ လူချမ်းသာကို အလုပ်နဲ့ပဲ သတ်မှတ်ကြ ပါတယ်။ အထုပ်ပေါများ ရုံလောက်နဲ့ လူချမ်းသာလို့ မသတ်မှတ် ကြသေးပါဘူး။ ကောင်းမှု စွမ်းအားပေါ်အောင် အထုပ်ကို ဉာဏ်နဲ့ ထိုးဖောက် အနိုင်ယူနိုင်တဲ့ အလုပ်ပေါ် လာမှ ချမ်းသာကို အတည်ပြု လက်ခံကြတယ်။ အထုပ်မများရင် တောင်မှ လုပ်အား ကောင်းရင် ချမ်းသာကို ရယူနိုင်ကြတယ်။

နိုင်ငံခြားက တချိုလူတွေ မြန်မာကို ဆင်းရဲတယ်လို့ ပြောကြတာက လူတို့ကို အထုပ်ကြီးတွေ မပြနိုင်လို့ အထုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ တချို့ နိုင်ငံခြားသား တွေကျပြန်တော့ မြန်မာကို ကမ္ဘာ့ အချမ်းသာဆုံး လူလို့ ပြေကြပြန်တယ်။ စိတ်ချမ်းသာ အောင် ဖန်တီးနိုင်တဲ့ အလုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ ထုပ်ထားတဲ့ ပစ္စည်း တွေ သူတို့လောက် မကြီးပေမယ့် ချမ်းသာအောင် ဖန်တီးနိုင်တဲ့ လုပ်အားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေတာကိုး။ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာလောက်နဲ့ တောထဲ ထွက်ပြီး တရားကျင့်နေတဲ့ ယောဂီရဟန်းတို့ လောက လူသားတွေ မြင်တွေ့သွားရင် အဆင်းရဲဆုံး လူလို့ ပြောချင်ပြောမှာ။ အထုပ်မှ မရှိဘဲကိုး။ ဓမ္မလူသားမြင်သွားရင်တော့ အချမ်းသာဆုံး လူလို့ ပြောမှာ ဧကန်ပဲ။ အလုပ်ရှိနေတာကို။

မြန်မာတွေဟာ ငါတို့နှင့်စာရင် ပစ္စည်းထုပ် ကြီးကြီးတွေ မရှိပါဘဲနဲ့ ဘယ်လိုများ စိတ်ချမ်းသာအောင် နေကြပါလိမ့်မလဲ။ လူတွေကြည့်တော့လည်း အများအားဖြင့် အေးအေး မြမြ ရွှင်ရွှင်ပြုံးပြုံး ဘယ်လိုပါလိမ့်လို့ စုတ် တသပ်သပ်နဲ့ အံ့သြနေကြတယ် ဆိုပဲ။

သာသနာနှင့် တကယ်တွေ့နေရတဲ့ မြန်မာတွေဟာ ရှိတာနဲ့ တင်းတိမ်ရောင့်ရဲ ကျေနပ်ပြီး အေးမြတဲ့ နှလုံးနဲ့ ရွှင်ပြုံးစွာ နေတတ်ကြတယ်။ တရားနဲ့ အညှိတတ်တော့ အသိကပ်ပြီး အေးချမ်းအောင် နေတတ်တာပေါ့။ မြန်မာတိုင်းတော့ မဟုတ်သေးပါဘူး။ သာသနာနှင့် တကယ်ထိထိ ခိုက်ခိုက် မတွေ့ရသေးတဲ့ မြန်မာတွေ အများကြီး ကျန်နေကြ ပါသေးတယ်။

နိုင်ငံခြားက လူတွေ အထူးအားဖြင့် အနောက် ဥရောပက လူတွေ မြန်မာပြည်ရောက် တဲ့ အခါ ပြောကြတယ်။ ကမ္ဘာမှာ အချမ်းသာဆုံး လူတွေက ဒီမြေပေါ်မှာတဲ့။ အထုပ်ပြောတာ မဟုတ်ဘူး၊ အလုပ်ကြည့် ပြောတာ၊ အချမ်းသာဆုံး ဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တာကိုပြောတာ။

“ဒီလူတွေဟာ ဘာနဲ့တွေ့တွေ့ အရှိနဲ့ ချမ်းသာအောင် တကယ်နေတတ်တဲ့ လူတွေပဲ။ ပိုအံ့သြစရာ ကောင်းတာက သာသနာကို အနီးကပ် စောင့် ရှောက်နေတဲ့ သံဃာထုကြီးကို စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အကုန်တာဝန်ယူထားတာ။ အဲဒါ လူဆင်းရဲတွေရဲံ အလုပ်မဟုတ်ဘူး။ လူချမ်း သာတွေရဲ့ အလုပ်။ အဲဒါ လူစွမ်းကောင်း တွေရဲ့အလုပ်။ ဘာနဲ့ တွေ့တွေ့ သူတို့ ချမ်းသာအောင် တကယ်နေတတ်ပါလား”တဲ့၊ နိုင်ငံခြားက လူချမ်းသာလို့ သမုတ်ခံရသူတွေ ပြောတဲ့ စကားပဲ။ အရှိကိုနိုင်တဲ့ တရားအသ ရှိတယ်ပေါ့။ ဘုရားသွားလိုက်၊ ကျောင်းသွားလိုက်၊ အလှူတွေလုပ်၊ ကုသိုလ်တွေလုပ်၊ သာသနာကို လူအားနဲ့ စောင့်ရှောက်နေကြတယ်။ သဒ္ဓါ၊ မေတ္တာ၊ သမ္မာဒိဋ္ဌိ ပညာပေါတော့ သာသနာ မပျောက်အောင် စောင့်ရှောက်ထားနိုင်တဲ့ လူအားရှိတယ်။ ကိုယ့်သန္တာန်မှာ တကယ်ရနိုင်တဲ့ လူ့တရားကို လူအားနဲ့ ဖော်ထုတ်နိုင်တယ်။

အရှိကနိုင်ရင် ထမ်းထား ၊ အရှိကိုနိုင်တော့ စွမ်းအား

ဗုဒ္ဓသာသနာနှင့် တကယ် တွေ့ရတာဟာ အရှိကို တကယ်နိုင်တဲ့ အသိတွေ ရထားကြတယ်။ ဒါကြောင့် စိတ်ကြံ့ခိုင်တယ်။ ဘ၀အနှစ်စွမ်းအား ပိုင်အောင် အရယူနိုင်တယ်။ သူက ဘာပဲကြည့်ကြည့် ကုသိုလ်ထုပ် တွေချည်း မြင်နေတော့တာပဲ။ ဒါကြောင့်

အရှိကိုနိုင်၊ အသိပိုင်၊ ကြံ့ခိုင်စွမ်းအားရ။

အရှိကို အသိကနိုင်တော့ စွမ်းအားရှင် ဖြစ်သွားတယ်။ ရှိတာကိုနိုင်မှ တကယ့် လူအားပဲ။ သူရဲ့ စားဝတ်နေရေးဟာ ဘယ်တော့မှ ကုန်ကျ မဟုတ် တော့ဘူး။ ကုန်ပြန်ရင် ပြန်ရတဲ့ ကုန်ရချည်းပဲ။

“ငါ့ခန္ဓာကို သီလ၊ သမာဓိ၊ ၀ိပဿနာပုံစံနဲ့ ကျွေးလိုက်ရဦးမယ်”ဆိုပြီး ကျွေးလိုက် တယ်။ ကျွေးလိုက် တာတော့ ဘယ်နှစ်ထောင်ဖိုး၊ ဘယ်နှစ်ရာဖိုးလို့ ကျွေးလိုက် တာပဲ။ ပြီးသွားတာနဲ့ ရတာက အများကြီး ဆိုတော့ ကိုယ့်ကိုယ်ကို ကျေနပ်လိုက်တယ်။ “ဟေ့..ခန္ဓာ၊ နင့် ကို ရာတန်၊ ထောင်တန်ပဲ ကျွေးရတာ။ နင့်ကို ကျွေးလိုက်လို့ ရတာက အများကြီး၊ ခန္ဓာကိုသုံးဖို့ ဉာဏ်နဲ့ ဆင်ခြင်ရင်း၊ သီလဖြည့်ရင်း၊ သီလဖြည့်ဖို့ ရည်ရွယ်ရင်း စားလိုက်လို့ သီလတွေ အများကြီးရတယ်”

“မေတ္တာပို့ရင်း၊ စူးစိုက်ရင်း စားလိုက်တာ စားပြီးတာနဲ့ သမာဓိစွမ်းအားတွေ ကျန်နေခဲ့ တယ်။ သိတတ်တာနဲ့ သိစရာလေးတွေ သိသိပြီးရင် ကုန်ကုန်ပျောက်ပျောက် သွားကြတယ်။ နောက်နောက် သိတတ်တတ်တာနဲ့ သိစရာတွေ ထပ်ထပ်ပေါ်းလာကြ၊ ပထမ ထမင်းတလုပ်မှ သိတတ်တဲ့ အသိစိတ်နဲ့ သိစရာရုပ်တရား ထမင်းလုတ် ကလေးတွေက ဒုတိယ ထမင်းလုတ်မှာ ပါမလာကြတော့ဘူး။ ပထမ ထမင်းလုတ်ပဲ ကုန်သွားကြပြီ။ ပထမ ထမင်းလုတ် မရှိတော့လို့ ဒုတိယ ထမင်းလုပ် ပေါ်လာတာပဲလို့ ရှုမှတ် စားလိုက်တာ ၀ိပဿနာ အခြေခံ အသိတွေ အများကြီး ကျန်နေခဲ့တယ်။ နင့်ကို ကျွေးရတာ ကျွေးရကျိုးနပ်တယ်။ အမြတ်တွေ အများကြီး ကျန်တယ်”။

ဒီစွမ်းအားမျိုးက အသိဉာဏ် ရှိသူတိုင်းရနိုင်တယ်။ အားချိန်လည်း လုံးဝ မတောင်း ဘူး။ ပိုက်ဆံလည်း တစ်ပြားမျှ မတောင်းဘူး။ အသိပဲ တောင်းတာ။ အသိကို သတိထဲ သိုမှီးထားတယ်။ နှစ်ဖက်မြင်ပုဂ္ဂိုလ်မှာ ကုသိုလ်ရဖို့ မခက်ခဲဘူး။ ကုသိုလ်မရှားဘူး။ မိသားစုတွေ နေ့စဉ်ကျွေးတော့လည်း ဒီအတိုင်းပဲ။ ကုန်ကျမဖြစ်ဘူး။ ကုန်ရင် လူအားပြန်ရတဲ့ ကုန်ရချည်းပဲ ဖြစ်သွားတယ်။ အရှိက အသိကို နိုင်ရင် ထမ်းထားရပေ မယ့် အရှိကို အသိက နိုင်တော့လည်း စွမ်းအားတွေချည်းပါ။

နိုင်ငံခြားက နတ်ပြည်၊ မြန်မာပြည်က လူ့ပြည်

ဒေါ်လာထက် ဈေးကောင်းတဲ့ ကမ္ဘာ့အဖိုး အတန်ဆုံး တရားက ဒီမြေပေါ်မှာပဲ လိုသ လောက် ရနိုင်တာဖြစ်လို့ မြန်မာ့မြေကို နေရာကောင်း မြေကောင်းလို့ သတ်မှတ်ထားတာ၊ ကံကောင်းမှ ပစ္စည်းဥစ္စာရှာလို့ အဆင်ပြေတာကိုး။

တချို့နိုင်ငံခြားမှာ သွားနေကြတဲ့ လူတွေ မြန်မာပြည်ကို ခဏပြန်လာကြတော့ တချို့လည်း ဘုန်းကြီး အိုကြီးဆီ ရောက်လာတတ်ကြတယ်။ ရောက်လာရင် ဒီကလည်း မေးတတ်တတ်လေ။ “နတ်ပြည်က ဘယ်နေ့က ဆင်းခဲ့ကြသလဲဗျ၊ လူ့ပြည်မှာ ဘယ်လောက် ကြာအောင် နေကြမလဲ?။ နတ်ပြည်ကို ဘယ်တော့ ပြန်တက်ကြမလဲဗျ၊ လူ့ပြည်ကို ဘာကိစ္စနဲ့ လာခဲ့ကြတာလဲဗျ”

ဒီက ဘုန်းကြီးအိုကြီးက နိုင်ငံခြားတွေအားလုံးကို နတ်ပြည်လို့ ခေါ်လေ့ရှိတယ်။ မြန်မာ့မြေကိုတော့ လူ့ပြည်လို့ ခေါ်လေ့ရှိတယ်။ နတ်ပြည်လို့ ခေါ်တာက ချမ်းသာကြီး ကျယ်လွန်းလို့ ခေါ်တာ မဟုတ်ပါဘူး။ ဘ၀အတွက် ကိန်း မကိုက်တာပါ။ ကောင်းမှု ကုသိုလ် မြောက်များစွာ နဲ့ ယူခဲ့ရတဲ့ လူ့ဘ၀ကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြလို့ အရမ်းနာတယ်။

ဟောဒီ လူ့ပြည်မှာ နေခွင့်ရတဲ့ လူတွေကတော့ ကိုယ့်ခြေတစ်လှမ်းကို နိဗ္ဗာန်ထိ အားယူ လှမ်းနိုင်တယ်။ ကိုယ့်ထမင်း တစ်လုတ်ကို နိဗ္ဗာန်ထိ အားယူစားတာ။ တစ်ဘ၀ အိုစာ၊ နာစာ၊ သေစာ ကျွေးရုံလေးနဲ့ အရှုံးမခံနိုင်ဘူး။ ကိုယ့်စားဝတ် နေရေးကို နိဗ္ဗာန်ထိ အားယူလုပ်တာ။ ကိုယ့်မိသားစုကို နိဗ္ဗာန်ထိ အားယူကျွေးတာ၊ သူတို့ကို ကျွေးရ ပေးရတာဟာ အကုန် တရားစွမ်းချည်းပဲ။ ဘာမဆို နိဗ္ဗာန်ထိ အားယူနိုင်တာဖြစ်လို့ ဘ၀ အတွက် ကိန်းကိုက်တယ်။

ခုန နတ်ပြည်သို့ သမုတ်ခံရတဲ့ နေရာမှာ နေတဲ့ လူတွေကျတော့ ပစ္စပ္ပန် စားဝတ် နေရေး ပြေလည်ရင် ပြီးပြီလေဗျာ။ အလွန်အံ့သြစရာ ကောင်းတဲ့ လူအားများကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြတယ်။ အဲဒီလို ဘ၀တွက်ကိန်း မကိုက်တာကြောင့် နတ်ပြည်ခေါ်တာပါ။ ဘ၀ တွက်ကိန်း ကိုက်တာကြောင့် မြန်မာပြည်ကို လူ့ပြည် ခေါ်တာပါ။

ကုသိုလ်လိုချင်လို့ လူ့ပြည်ဆင်းခဲ့တာ

“ဘာကိစ္စနဲ့ လူ့ပြည် ဆင်းခဲ့ကြသလဲဗျ?လို့ မေးတော့ တချို့လည်း အလည်သက် သက်လာကြတာ။ အလည်သက်သက် လာတာတောင်မှ မြန့်မာ့မြေကို သူတို့ ခြေနဲ့နင်းမိ တာနဲ့ ဘုရားရိပ်၊ တရားရိပ်၊ မေတ္တာရှင်ကြီးတွေရဲ့ အရိပ်ကြောင့် သူတို့ စိတ်နှလုံးထဲ အေးချမ်း သွားတယ်ဆိုပဲ။ သူတို့ပြောတာပါ။ တစ်ချို့လည်း ကုသိုလ် ရင်းနှီးမြှုပ်နှံဖို့ လာကြ တာဗျ။

“တပည့်တော်တို့က သံဃာ အများကြီးနဲ့ ဆွမ်းလောင်းချင်လို့ လာခဲ့တာဘုရား”၊ “သံဃာအများကြီးနဲ့ ဆွမ်းကပ်ချင်လို့ အလှူလုပ်ချင်လို့ လာခဲ့တာ ပါဘုရား”တဲ့။ သံဃာဆိုတာ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးရာပဲ။

“ဟိုမှာက စီးပွားရေး အလုပ်တွေနဲ့ လုံးလည် ချာလည်လိုက်နေလို့ မွန်းကျပ်ပူလောင် ပင်ပန်းနေတော့ တစ်နေ့လုံး ကုသိုလ်အတွက် အချိန် မပေး နိုင်ဘူးဘုရား။ ဒီမှာ (၁၀)ရက်လောက် ရိပ်သာသွား အနားယူပြီး အားရပါးရ ဘာဝနာ ပွားပစ်လိုက်မယ်ဆိုပြီး တော့ လာခဲ့တာ ဘုရား”တဲ့။ ကုသိုလ်ရင်းနှီး မြှုတ်နှံဖို့ မြန်မာ့မြေ အကောင်းဆုံးဆိုတာ သူတို့သိတယ်ဗျ။

အကြောင်း အားလျော်စွာ နိုင်ငံခြား သွားနေရပေမယ့် ကုသိုလ်များများ စားစား ၊ ထက်ထက် မြက်မြက်၊ ပြည့်ပြည့်စုံစုံ လိုချင်ရင် ဟောဒီ မြန်မာ့ မြေမှာ လာစုကြရတယ်။ လူအား အပြည့်အစုံ လိုချင်ရင် မြန်မာ့မြေ လာယူကြရတယ်။ ဒေါ်လာတို့ ပေါင်စတာလင်တို့ထက် ဈေးအလွန် ကောင်းတဲ့ ကောင်းမှုတရား ‘လူအား’ တွေက ရတနာ(၃)ပါးနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ အပြည့်အစုံရှိတဲ့ ဒီမြေပေါ်မှာမှ အပြည့်အစုံ စုဆောင်းလို့ဖြစ်နိုင်တဲ့ အရာတွေကိုး။

အများအားဖြင့် ကုသိုလ် ရင်းနှီးမြှုတ်နှံဖို့ မြန်မာမြေ ပြေးလာကြတာ။ ဒီကနေ ကုသိုလ် လုပ်ပြီး ပြန်သွားရင် ဟိုမှာ အလုပ်လုပ်ရတာ တယ်အဆင် ပြေတယ်ဆို ပါလား။ ကံတွေ၊ ဉာဏ်တွေပွင့်လို့ စီးပွားရှာရတာ တယ် ကောင်းသတဲ့ဗျ။

တရားဆက်သွယ်ရေးလိုတယ်

မြန်မာ့မြေပေါ် မွေးဖွားလို့ မြန်မာ့မြေပေါ် နေခွင့် ရပါလျက်သားနဲ့ ကံတွေ၊ ဉာဏ် တွေ ပိတ်ပြီး ရှေ့မတိုးနိုင်သေးတဲ့ မြန်မာတွေ အများကြီး ရှိနေပါသေးတယ်။ တရားဆက်သွယ်ရေး များများလိုပါတယ်။ လောက ဆက်သွယ်ရေးတွေ သိပ်ပေါများ နေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ သိပ်ပေါများနေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ နည်းပါး နေသေးတယ်။

‘တရားနာတာ၊ တရားစာဖတ်တာ၊ တရားအားထုတ်တာဟာ အဘိုးအဘွားတွေ အလုပ်’လို့ ထင်နေရင်တော့ တရားနဲ့တန်တဲ့ ‘လူအား’ တွေ နည်းမှန်း လမ်းမှန် စွမ်းအားပေါ်အောင် အချိန်မီ မသုံးရဘဲ အလကား ကုန်သွားမှာ နှမြောစရာကြီး ဖြစ်သွားမယ်။

တရားဆိုတာ လက်လတ်တဲ့အရွယ်မှာ လန်းဆန်းတဲ့စိတ်နဲ့ ထိတွေ့ခွင့် ရထားမှ တကယ် အသက်ဝင်ပြီး တကယ်စွမ်းအား ပြည့်မှာဖြစ်တယ်။ ဒါမှလည်း တကယ်အားကိုး စရာရမှာပါ။ မရှုနိုင် မရှိုက်နိုင်ကုန်းကောက်စရာ မရှိအောင် ဒုက္ခရောက်လာခါမှ ‘ ဟိုသွား ကယ်တော်မူပါ’ ဒီသွား ကယ်တော်မူပါ’လို့ လို့နေရရင် လူဟာ သိပ်အောက်တန်း ကျသွားပါပြီ၊ ခိုကိုးရာမဲ့တဲ့ တိုင်းပြည်မှ မဟုတ်ဘဲ။

လောကကို အနိုင်ယူဖို့၊ လောကက ပေးသမျှ ဆင်းရဲ အပူတွေကို အနိုင်ယူဖို့ပဲ တရား ပေါ်လာတာ ဖြစ်လို့ လောကထဲမှာ တရားလောက် စွမ်းတဲ့ ဓာတ်ကောင်းဆိုတာ မရှိဘူး။ တရားဟာ အကောင်းဆုံး ‘ဓာတ်ရိုက် ဓာတ်ဆင်နည်း’ ‘ယတြာနည်း’ပဲ။ ဆင်းရဲအပူ အန္တရာယ်တွေ ကိုယ့်ဆီ ရုပ်ပျက်ဆင်းပျက် ရောက်မလာသေးခင် ကြိုတင်ကာကွယ် တားနိုင်ရင် ပိုပြီး စိတ်မအေး ရဘူးလား။ သက်သာခွင့် ရသွားရင်တောင် နည်းသလား။

ကိုယ့်ခန္ဓာ၊ ကိုယ့်ပစ္စည်း၊ ကိုယ့်အလုပ်တွေထဲမှာ ကိုယ့်ကို အားလုံး အာမခံတာဝန်ယူ့ တရားစွမ်း အားတွေ လိုသလောက်၊ ယူတတ်သလောက် ရနိုင်ပါလျက်သားနဲ့ ‘ရနိုင်တယ်၊ ရှိတယ်’ လို့တောင်မှ သိခွင့်မရရင် မရှုံးပေဘူးလား။ ရတနာသုံးပါး ရေခံမြေခံ အလွန်ကောင်းတဲ့ မြန်မာ့မြေပေါ် လူဖြစ်ခွင့်ရတာ ဘာအဓိပ္ပာယ်ရှိမှာတဲ့လဲ။

တရားကင်းကွာနေတဲ့ လူ့ဘ၀ကို ပုံဖော်ကြည့်ပါ။ မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရင်း မဆုံးနိုင်တဲ့အပူကို ဖြတ်သန်း နေရတာကို တွေ့ရမယ်။ ‘မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရတယ်’ဆိုတာ စားဝတ်နေရေး၊ ကျန်းမာရေးကို ပြောတာ။ ခန္ဓာရှိနေသမျှ ပြီးနိုင်မှာမှ မဟုတ်ဘဲ။ တရား အသိ ဉာဏ်ရှိသူက အဲဒီမပြီးနိုင်တဲ့ ကိစ္စထဲမှာ ပြီးနိုင်တဲ့ တရားစွမ်းအားတွေ တန်းစီ ကောက်ယူသွားရုံပဲ။

‘မဆုံးနိုင်တဲ့ အပူကို ဖြတ်သန်း နေရတယ်’ဆိုတာ ကိလေသာ မကင်းသေးတာကိုပဲ ပြောတာ။ ကိလေသာ မကင်းသေးတော့ အချိန်မရွေး ပူရမယ်။ မရှိလည်း ပူရမယ်။ ရှိလည်း ပူရမယ်၊ ကုန်လည်း ပူရမယ်။ ဘာမဆို ပူနိုင်တယ်။ အပူကို ထိန်းနိုင်၊ ငြိမ်းနိုင်တာက တရားပဲရှိတာ။ လူဆိုတာ တရားနဲ့တွေ့ဖို့ အရေးအကြီးဆုံးပဲ။ စောစော တွေ့လေ စိတ်အေးရလေ၊ အသိဦးလေ ကောင်းလေပဲ။

လူတွေ စားဝတ်နေရေး ကျန်းမာရေး လုပ်ရင်း တရား ဆက်သွယ်ရေးရကြဖို့ ဘုန်းကြီး အိုကြီးလည်း ဆက်သွယ်ရေးတာဝန်ကို စွမ်းနိုင်သလောက် ထမ်းဆောင် ပေးနေပါတယ်။ ကိုယ်တိုင်ဟောထားတဲ့ တရားခွေတွေကို အမြောက်အမြား ကူးထားပြီး ကျောင်းရောက် လာသမျှ လူအားလုံးကို စေ့ငအောင် ဓမ္မဒါနအဖြစ် အခမဲ့ ဝေငှ ပေးနေပါတယ်။

အရွယ်မရွေး မြန်မာစာ ဖတ်တတ်သူ အားလုံး ဖတ်ရှုလေ့လာနိုင်အောင် သာမန်လူ နားလည် နိုင်လောက်တဲ့ စကားအသုံး အနှုန်းများနဲ့ အိတ်ဆောင် စာအုပ်ကလေး တွေလည်း အမြောက်အမြား ရေးသားဖြန့်ဝေ ပေးနေပါတယ်။ အခမဲ့ ဓမ္မဒါန ဖြန့်ဝေလှူဒါန်းပေးနေတာပါ။

လူတိုင်း ပေါ့ပေါ့ပါးပါး သွားလေရာ ယူဆောင် ဖတ်ရှု လေ့လာနိုင်အောင် အိတ်ဆောင် စာအုပ်ငယ်တွေပဲ စီစဉ် ပေးထားပါတယ်။ ဖြန့်ဝေပေးကမ်း လှူဒါန်းလို့ မကုန်နိုင်အောင် လည်း စာအုပ်တွေ သိန်းချီပြီး အမြောက် အမြား ရိုက်နှိပ်ထားပါတယ်။

ကျောင်းရောက်လာသူ အားလုံးအတွက် စာအုပ်(၅)မျိုးနှင့် တရား(၁)ခွေစီ အမြဲဝေပေး လှူဒါန်းနေကျပါ။ နေ့နေ့ညည ဘယ်အခါမဆို၊ ဘယ်နေရာမှာမဆို တရားပွဲ ရှိရင် လာသမျှ ပရိသတ် အားလုံးအတွက် စာအုပ်(၂)မျိုးစီ စေ့ငအောင် ဝေငှပေးပါတယ်။ လက်လှမ်းမီရာ စာကြည့်တိုက် တွေမှာလည်း လှူပေးတယ်။ ကိုယ်နှင့်တွေ့သူတိုင်း ဓမ္မ လက်ဆောင် စာအုပ်ပေးလေ့ရှိပါတယ်။

အများနားလည်အောင် မြန်မာစကားပြေနဲ့ပဲ ရှင်းရှင်းလေး ဟောပြော ရေးသားပေး တယ်။ အများနားလည်စေလိုတဲ့ မေတ္တာစေတနာ သက်သက်နဲ့ပဲ ဟောပေးတယ်။ ရေးပေးတယ်။ ဘာအဖိုးအခကိုမျှ မျှော်လင့်ချက် မထားဘဲ ပြန့်ပွားစေလိုတဲ့ မေတ္တာ စေတနာ စစ်စစ်နဲ့သာ အခမဲ့ ဖြန့်ဝေ ပေး တယ်။ လူတွေ ‘လူအား’ ပြည့်စုံဖို့ပဲ အဓိကပါ။ နှစ်ဖက်မြင် ပညာမျက်စိ ရှိမှ ‘လူအား’ ပြည့်စုံပြီး အစွမ်းသမားတွေ ဖြစ်ကြမယ်။

‘ အားလုံး ငြိမ်းချမ်းကြပါစေ’

တိပိဋကဓရ(ယော) ဆရာတော်

No comments:

Post a Comment