Monday, June 27, 2011

စိတ်ချမ်းသာချင်ရင် ဒါလေးဖတ်ဖြစ်အောင်ဖတ်ပါ

စိတ်ညစ်တယ်၊စိတ်ဆိုးတယ်ဆိုတာ အလကားဖြစ်တာမဟုတ်ပါဘူး။ စိတ်ဆိုးစရာတစ်ခုခုနဲ့တွေ့လို့ပေါ့။ စိတ်ဆိုးစရာတစ်ခုခုက- အကြောင်းပဲပေါ့။ စိတ်ညစ်စိတ်ဆိုးရတာကတော့- အကျိုးပဲပေါ့။

Ø ဥပမာဗျာ-လူတစ်ယောက်ယောက်က ပုဆိန်နဲ့ပေါက်လိုက်သလို စကားပြောလိုက်လို့၊ လုပ်လိုက်လို့ ကိုယ်ကစိတ်ဆိုးရတာလေ။ ဒါဆို ဒီလိုတွေးပစ်လိုက်-

Ø ပထမ စိတ်ဆိုးအောင်လုပ်တဲ့လူကို မြင်အောင်ကြည့်လိုက်ဗျာ။ ဒီလူဟာ ငါ့ကို ဒေါသဖြစ်အောင်၊ စိတ်ဆိုးအောင် ပြောတာ လုပ်တာ ဒေါသ ကိလေသာ အပူကပ်နေလို့ ဒေါသအာဠာဝက ဘီလူးကြီး အပူးခံနေရလို့၊ ဒီလိုပြောလိုက်တာ ဒီလိုလုပ်လိုက်တာပဲ။ သူ့ခမျာ မသိရှာပဲကိုး ကျွတ်…. ကျွတ်…. ကျွတ်…… သနားစရာ သတ္တဝါတစ်ခုပါလား။

ဒီလိုတွေးလိုက်ယင် ပုဂ္ဂိုလ်နဲ့ ဓမ္မကို ခွဲပေးလိုက်တဲ့ အသိဝင်လာလို့ အခဲမကြေဖြစ်နေတဲ့ ဒေါသ လျော့လာလိမ့်မယ်။

ဒေါသဆိုတာ အဘိဓမ္မစေတသိက်လေ၊ သူက ပုဂ္ဂိုလ်မဟုတ်တော့၊ သူ့ကိုဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ၊ ပုံသဏ္ဍာန်မရှိဘူးလေ။ ဒါပေမယ့် ကြောက်စရာကောင်းမှကောင်း၊ သူ့လက္ခဏာက ကြမ်းတမ်းတဲ့လက္ခဏရှိသတဲ့ တစ်ယောက်နဲ့တစ်ယောက်မတည့်အောင်လုပ်တာသူပေါ့၊ သမီးရည်းစားကွဲအောင်လုပ်တာ သူပေါ့၊ လင်မယားကွဲအောင်လုပ်တာသူပေါ့၊ မိသားစုအစိတ်စိတ်အမွှာအမွှာ ဖြစ်အောင်လုပ်တာသူပဲပေါ့၊ မိသားစုကစလို့ ကမ္ဘာစစ်အထိ ပြောင်းဆန်စေတာသူပေါ့၊ ကိုယ့်စိတ်ထဲ အလည်ရောက်လာရင် သတိသာထားပေတော့ ဘယ်သူ့ကို ဒုက္ခပေးမလဲတော့မသိ။ ဒါကြောင့်စိတ်ဝင်ပေါက်တံခါးကို သတိနဲ့လုံအောင်သာပိတ်ထားတော့ဗျို။

Ø ဒုတိယ- ဒေါသဟာ သံယောဇဉ် ဆိုတဲ့ချည်တတ်၊ တုတ်နှောင်တတ်တဲ့ကြိုး(၁၀)

မျိုးထဲမှာ ပဋိဃကြိုးပဲ။ ပကတိကြိုးက သူများချည်မှ သူများလက်ထိပ်ခတ်မှ ကိုယ်ကခံရတာပါ။

ဒေါသဆိုတဲ့ ပဋိဃကြိုးကတော့ ကိုယ့်ဟာကိုချည်မှ ကိုယ်ဒုက္ခဖြစ်တာပါ။ သူများက ကိုယ့်ကိုစိတ်ဆိုးအောင်ပြောလိုက်ရင် ကိုယ်ကစိတ်ဆိုးစရာအဖြစ်နဲ့လက်ခံမထားရင် စိတ်ဆင်းရဲရမှာမဟုတ်ပါ။ ကိုယ့်စိတ်ကို ကိုယ်ဆင်းရဲအောင် ကိုယ်ကဥပါဒါန်အစွဲနဲ့ ကိုယ့်စိတ်ထဲမှာ သိမ်းဆည်းထားလို့ ကိုယ်စိတ်ညစ်ရတာဆိုတော့ ကိုယ်ကပဲ ကိုယ်တိုင်တရားခံဖြစ်နေတာမဟုတ်လား။

ဒါဆိုရင် စိတ်ထဲမှာစိတ်ညစ်စရာမထားနဲ့ပေါ့၊ စိတ်ထဲမှာတခြားကောင်းတာလေးတွေကို အမြန်လဲထားလိုက်ပေါ့ ဒါဆို စိတ်ချမ်းသာသွားမှာနော်။ 

Ø ဥပမာဗျာ- ဘုရားဂုဏ်တော် အရဟံကိုပဲဖြစ်ဖြစ်ပွားထည့်လိုက်ပေါ့၊ အရဟံကိုပါဠိလိုရွက်နေလို့တော့ သိပ်အဆင်ပြေချင်မှ ပြေမှာ၊ ဒီလိုရွက်လိုက်လေ- “အရဟံ-ဒေါသကိလေသာ အပူကင်းဝေး၍ အမြဲတမ်းစိတ်နှလုံး ငြိမ်းအေးတော်မူသော မြတ်စွာဘုရား” ဒီဂုဏ်တော်လေးကို ထပ်ကာထပ်ကာ ပွားလိုက်ရင် ကိုယ့်စိတ်ထဲမှာ ဂုဏ်တော်ကနေရာယူနေတော့ ဒေါသက နေရာယူစရာမရှိတော့ဘူးလေ။ ဒါဆို စိတ်ညစ်စရာ မရှိတော့ဘူးပေါ့။ ဒီဒေါသက ခက်တော့အခက်သားပဲဗျာ၊ ဥပါဒါန်အစွဲ စကားနဲ့ပြောကြစို့ဆိုရင်- ဥပါဒါန်အစွဲဆိုတာ ကြောင်ငယ်လေးက ကြွက်ကိုခဲထားသလို၊ မြွေကဖားကို မျိုသလို၊ သိန်းငှက်က ကြက်ကလေးကို ကုပ်ချီထားသလိုမျိုး တစ်ခုခုကို အဲသလို မျိုထား၊ ခဲထားတာမျိုးလိုပေါ့ဗျာ…။

ဒါကြောင့်လည်း အခဲမကြေ၊ အလွမ်းမပြေဖြစ်ကြတာပေါ့၊ ဒါဆို ဥပါဒါန်နဲ့ စိတ်ကိုခွဲထုတ်လိုက်ဗျာ….ဥပါဒါန်ရဲ့တရားသားက လောဘ- တပ်မက်တဲ့တရားဗျာ၊ ဒိဋ္ဌိ- အမှားယူထားတဲ့တရားဗျာ၊ မောဟ- အမှားအမှန်ခွဲခြားလို့မသိနိုင်လောက်အောင် တွေဝေ နေတဲ့သဘောဗျာ၊ ဒီလောဘ၊ ဒိဋ္ဌိ၊ မောဟ တွေကလည်း အဘိဓမ္မာစေတသိက်တွေပဲဗျာ၊ သူတို့က စေတသိက် ၅၂ ပါးထဲကလေ။

ဥပါဒါန်ထိုက်နေတဲ့ ဒီလောဘ၊ဒိဋ္ဌိ၊ မောဟတို့ကလည်း ပုံသဏ္ဍာန် အကောင်အထည်မဟုတ်ဘူးဗျ။ ဒါပေမယ့် ကိုယ်က ဥာဏ်နဲ့မသိတတ်ယင် စိတ်ကိုမကြာမကြာလာကိုက်တတ်တယ်၊ ကုပ်တယ်၊ မျိုထားတတ်တယ်ဗျာ၊ ကြောင်ကလေးက ကြွက်ကိုကိုက်သလိုပေါ့၊သိန်းငှက်က ကြက်ကလေးကို ကုပ်ချီသလိုပေါ့ဗျာ၊ ကိုယ်စိတ်ကို ဒီစေတသိက်ဆိုးတွေက လွတ်မြောက်အောင် ဆွဲထုတ်တတ်ဖို့ ဒီစေတသိက်ဆိုးတွေကို ဝေးဝေးကရှောင်ရမည်ပေါ့ဗျာ။

ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ်ပြောကြစို့ _

ရှေးတုန်းကပေါ့ဗျာ-မင်းတုန်မင်းကြီး၏လက်ထက် မြန်မာပြည် အထက်အညာမှာ မတ္တရာရွာဆိုတာရှိတယ်ပေါ့၊ အဲဒီရွာမှာ ဆရာတော်ကြီးတစ်ပါးကျောင်းထိုင်ခဲ့ပါသတဲ့ အဲဒီဆရာတော်ကြီးကို စိတ်ဆိုး၊ စိတ်ညစ်အောင်လုပ်လို့မရဘူးတဲ့ဗျာ။ စိတ်မဆိုးအောင်ကို တွေးတတ်ပါသတဲ့…အဲဒီသတင်းနာမည်ကြီးလွန်းလို့ မင်းတုန်းမင်းကြီးက စိတ်ဝင်စားကြည်ညိုသွားပါသတဲ့။

တစ်နေ့တော့ မဟာဒဏ်ဝန်မင်းကို သွားရောက်စုံစမ်းခိုင်းတယ်တဲ့ဗျာ၊ မဟာဒဏ်ဝန်ကြီးလည်း ခရီးသွားဟန်ပုံစံနဲ့ကျောင်းဝင်ကာ တည်းခွင့်တောင်းလို့ ဆရာတော်ကြီးကျောင်းမှာ တည်းနေပါသတဲ့။ မနက်ပိုင်းကျတော့ မဟာဒဏ်ဝန်ကပဲ ဆွမ်းချက်ကပ်ပါသတဲ့။ ဆွမ်းကလည်းစားမရအောင် ဆန်ပြုတ်နီးနီး ပျော့နေတာတဲ့။ ပြီးမှ ဆရာတော်ကြီးကို ဘယ်လိုလျောက်သလဲဆိုတော-့

“ ဆရာတော်ဘုရား တပည့်တော်အိပ်ငိုက်သွားတာနဲ့ ဆွမ်းပျော့သွားပါတယ်ဘုရား”

“ဒကာကြီး ဆွမ်းပျော့တော့လည်း အစာကျေလွယ်တာပ” လို့ ပြုံးပြုံးကြီး မိန့်ကြားလိုက်သတဲ့။ နောက်တစ်နေ့ ဆွမ်းဟင်းချက်ကပ်တော့ မစားနှိုင်လောက်အောင် ဆားထည့်ထားသတဲ့။ ဆားများသွားကြောင်း ပြန်လျောက်တော့လည်း-ဆရာတော်ကြီးက

“ ဆားများတော့လည်း သွေးကြည်တာပ” လို့ပြုံးပြုံးကြီးပဲ ပြန်မိန့်ကြားပါသတဲ့။

နောက်တစ်နေ့ကျတော့လည်း ဆွမ်းဟင်းချက်တဲ့အခါ ဆားမပါဘဲ ချက်ကပ်ပါသတဲ့။ ဘာများမိန့်ကြားမလဲလို့လျှောက်ကြည့်ပြန်တော့ - “ ဆားမပါတော့လည်း ရေငတ်ပြေတာပ” ယခင်အတိုင်း မိန့်တော်မူသတဲ့။

ဆရာတော်ဘုရားကြီးဟာ စိတ်ထဲမှာ ဒေါသကို ဝင်ခွင့်မရအောင် ကိုယ့်စိတ်ကို အကောင်းဘက်ချည်း လှည့်တွေးလို့ ဒေါသမဖြစ်တာပေါ့ဗျာ။

အဲသလို သဘောအမှန်နဲ့ စဉ်းစားနှိုင်ယင် မဖိတ်ခေါ်ဘဲလာလည်တတ်တဲ့ ဒေါသ ဆိုတဲ့ ဧည့်သည်ဆိုးဟာ ကိုယ်ကနှင်စရာမလိုဘဲ မိမိအလိုလျောက်ပြန်သွားရမှာပေါ့ဗျာ။

ဝိပဿနာဥာဏ်နဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ဒေါသကို ရူမှတ်လို့ အနိုင်ယူနည်းကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါ့ထက်ကောင်းတာတော့ မရှိတော့ပါဘူး။

ဒေါသမှကင်းဝေးကာ စိတ်နှလုံးချမ်းမြေ့နှိုင်ကြပါစေ…။



Posted by ငြိမ်း သစ္စာ

No comments:

Post a Comment