ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် 'ဤ၍ ဤမျှ ရှိ၏' ဟုဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များမြောင်လှပေ၏။ ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရာရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်ယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏။ ထိုမျှလောက်များပြာသော ပါရမီတို့ ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး စုဆောင်းတော်မှုခဲ့သောကြောင့် 'ဤ၍ ဤမျှ မည်မျှရှိသည်' ဟုပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။
အသင်္ချေတွက်ပုံ
ကမ္ဘာကြီးတည်၍ ပျက်စီးသည့်တိုင်အောင်သော အခါကို ' တစ်ကပ်-တစ်ကမ္ဘာ' ဟုခေါ်သည်၏။ အလျား အနံ တစ်ယူဇနာရှိသော ဂိုဒေါင်တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင် အနှစ်တရာကြာမှ တစ်စေ့ကျ ယူပစ်ရာ ထိုမုန်ညင်းစေ့များ ကုန်သွားသော်လည်း တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင်မိန့်  တော်မူသည် (နိဒါန၀ဂ္ဂ-အနမတဂ္ဂသံယုတ်၊ ကဿပသုတ်ပါဠိတော်)။ ထိုမျှကြာ သော ကမ္ဘာပေါင်း မည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင်များမြောင်သော ကမ္ဘာကို အသင်္ချေဟု ဆိုသည်။ ထိုသို့ ရေတွက်၍ မရသောကြောင့် ဘုရားတစ်ဆူနှင့် တစ်ဆူအကြား၌ တစ်သင်္ချေဟု မှတ်ထားရသော လေကြိမ်ကို လေးသင်္ချေဟု ဆိုရသည်။
ထိုလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံး အချိန်ခါတည်း။ အချို့  ဘုရားရှင်များမှာ ပါရမီဖြည့်ဖို့ ရာ ရှစ်သင်္ချေနှင့် ကမ္ဘာတစ် သိန်း၊ တစ်ဆယ်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာသည်။
ထိုလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော်မူအပ်ခဲ့သော ပါရမီတော်တို့ သည် အလွန့် လွန်များပြားရကး အကျိုးပေးခွင့် အလှည့်မရဘဲ အကျိုးပေးပည်ဟု တခဲခဲ နေခဲ့ကြရာ သိဒ္ဓတ်မင်းသား ဘုရားဖြစ်မည့် ဘ၀၌ကား ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ် အကျိုးပေးခွင့် အကျိုးပေးရမည့် အခါကြီး ဖြစ်ပေသည်။
ထိုကြောင့်ထိုပါရမီတော်များသည် ရှင်တော်ဘုရားကို မျက်နှာတော်ကျက်သရေ ရှိအောင်လည်းကောင်း၊ လက်ခြေတော် ပြေပြစ်ညက်ညော ချောမောအောင် လည်းကောင်း၊ ကိုယ်လုံးတော်နှင့် အရပ်တော်ခန့် ညားညီညွတ်အောင်လည် ကောင်း၊
ဤသို့ အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောင်္ကျားမြတ်တို့ ၏ အမှတ်အသား ဖြစ်သော လက္ခဏာကြီး ၃၂ပါး၊ ရှစ်ဆယ်သော လက္ခဏာငယ်တော်များဖြင့် တံဆိပ်ခတ်လျက် သပ္ပာယ်စွာ ဖန်းဆင်းလိုက်ရကား လူမင်းနတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူ တစ်ယောက်နှင့်မျှ နှိုင်းပြိုင်၍ မရဘဲ ဇမ္ဗူရာဇ် သိင်္ဂီ နာရဏီရွှေတုံး ရွှေနှစ်ကဲ့သို့  သာကီဝင်မင်းမျိုးတွင် အလှဆုံး အယဉ်ကျေးဆုံးဖြစ်ပါပေသည်။
ထိုသို့  ဖန်းဆင်းရာ၌ ပါရမီတော်များသည် သူမရ၊ ငါမရ အလုအယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင် အစွမ်းကုန်ဖန်ဆင်း လိုက်သည့် အခါကြီးဖြစ်၍ ဘုရားရှင်၏ ပုံဟန်တော်သည် ဖူးမျှော်၍ မ၀နိုင်အောင် တက်သစ်စနေ၀န် ထွန်းသစ်စလစန်းနှင့် ပွင့်ခါစပန်းကဲ့
သို့ အလွန်ကျက်သရေ ရှိတော်မူပါပေသည်။ ဘုရားရှင်သည် ဘုရားဖြစ် တော်မူပြီး၍ တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့ ၏ အလယ်မှာ အဘိဓမ္မာတရားတော်ကို ဟောတော်မူ၏။ ထိုအခါ ထိုနတ်ဗြဟ္မာတို့ ၏ ရုပ်အဆင်းထက် ဘုရားရှင်၏ အဆင်းတော်က သာလွန်၍ တင့်တယ်တော် မူပါပေသတဲ့။
ထိုစကားကို ဆိုသင့်ပါပေ၏။ နတ်ဗြဟ္မာတို့ သည် အလွန်လှကြပါပေ၏။
သို့ သော် သူတို့ ကိုယ်တွင်း၌ ရာဂ ဒေါသ မောဟ စသော အညစ်အကြေး
မကင်းပါပေ။ ဘုရားရှင်ကား အညစ်အကြေးကင်း၍ သန့် ရှင်းသော စိတ်တော်
ဝယ် သဗ္ဗညုတဥာဏ်တော်နှင့် မေတ္တာ ကရုဏာ ထုံမွှမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။
ထိုမျှလောက် သပ္ပာယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင် ကိုယ်တွေ့ူဖူးမြော်၍လျှင် တရားစစ် တရားမြတ်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့  လွန်စွာကံဆိုး လှချေတကား။ သို့ သော် ဘုရားရှင်၏ ဓမ္မစကြာ အနတ္တလက္ခဏသုတ်၊ သတိပဌာန် စသည်ဖြင့် အဖိုးတန် တရားတော်ကြီးများ မပျက်မပြား တည်ရှိနေ သောကြောင့် ထိုတရားတော်များကို ကိုယ်တွေ့ လိုက်စား၍ တရားထူးရအောင် တရားထူးမရသေလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင်ကြိုးစားကြပါလေ။
ဘုရားရှိခိုး ဂါထာ
ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမီ၊
ယဿ ဝေသံ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။
ဗဟုံ- ဤ၍ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမသိရလေအောင်၊ ပစိတပါရမီ- လေးသင်္ချေကိန်း ကပ်တစ်သိန်းက ထိန်းသိန်းစုဆောင်း ပါရမီတော် အပေါင်းတို့  သည်၊ ပစ္ဆိမံ ဖလဒါနေန- ဖြစ်ပျက်ဖန်ခါ သံသရာဝယ် ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုးပေးသောအားဖြင့်၊ ယဿ ဘဂ၀တော- အကြင်ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဝေသံ- ရွှေမျက်နှာတော် လက်ခြေတော်နှင့်၊ ကိုယ်တော် သဏ္ဍာန် ပုံဟန်ထင်ပေါ် အသွင်ပြင်တော်ကို၊ ကေနာပိ- လူမင်း နတ်မင်းဗြဟ္မာ မင်း ၀ယ် ဘယ်သူတစ်ယောက်နှင့်မျှ၊ အသမံ- လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် ဘယ်ဝယ်တိုင်းကာ မနှိုင်းသာသည်ဖြစ်၍၊ သမံ- တကိုယ်တော်လုံး ရွှေတုံး ရွှေနှစ် ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီမျှ သာကီဝင်သွေး အယဉ်ကျေးဆုံးဖြစ်ရလေအောင်၊ သုမာပေန္တိ- တက်သစ်နေ၀န် ထွန်းသစ်လစန်း ပွင့်သစ်ပန်းသို့  ဆန်းအဖုံဖုံ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
No comments:
Post a Comment