Monday, June 27, 2011

အနန္တမေတ္တာ

အဇာတသတ်၊ ကိန်းဝပ်သန္ဓေ
တည်နေချိန်က၊ အဖသတ်သား
မွေးမည်ငြားဟု၊ ဟောကြားကြိုတင်
သူသိမြင်လည်း.....
ချစ်ကြင်မဆုံး၊ ပီတိဖုံး
ဗိမ္ဗိသာရ မြတ်နှလုံး။

မင်းမြတ်မဟာ၊ အဇာတသတ်
ဒေ၀ဒတ်အား၊ လူပေါင်းမှား၍
တရားမမြင်၊ အမှားဝင်ပြီး
ဖခင်သတ်စေ၊ သူမိန့်ခြွေလည်း
အသေခံချစ်၊ အဖမေတ္တာ
နှိုင်းစရာကား.....
ကမ္ဘာအနန္တ၊ ရှာမရနိုင်.....။

ရှင်မောဂ္ဂလာန်လောင်း
မျိုးကောင်းသားလှ၊ ဖြစ်ခဲ့ကြစဉ်
မယားစကား၊ သူယုံမှား၍
နွားလှည်းပေါ်တင်၊ မွေးမိခင်ကို
တမင်လှည့်စား၊ ခေါ်ဆောင်သွားပြီး
နယ်ခြားတောတောင်၊ ညဥ့်အမှောင်မှာ
ဟန်ဆောင်သရုပ်၊ သူခိုးလုပ်၍
တုတ်နှင့်ရိုက်သတ်နေစဉ်ဝယ်...

မျက်စိမမြင်၊ မွေးမိခင်က
သားလှလူလေး၊ လွတ်အောင်ပြေး-ဟု 
ငိုကြွေးရင်ထိတ်၊ ဖိတ်ဖိတ်ယိုကျ 
မျက်ရည်စနှင့်၊ သောကဝေဖြာ
ပူဆွေးရှာလျက်.....

ဝေးပါစေသား ဘေးရန်များ။
သားလှအတွက် မေတ္တာပွား။

မိဘမေတ္တာ နှိုင်းစရာကား
ဘယ်မှာရှာတွေ့နိုင်ပါအံ့။
မိဘမေတ္တာ စမ်းသီတာကား
ဘယ်ခါခန်းခြောက်နိုင်ပါအံ့။
မိဘမေတ္တာ ရတနာကို 
ဖွေရှာအစား မထိုးနိုင်တကား။

Posted by "Buddha In My Life"

No comments:

Post a Comment