Monday, June 27, 2011

အတ္တ၀ါဒနှင့် အတ္တ၀ါဒတည်ဆောက်ထားပုံ

အတ္တဆိုတာဘာလဲလို့မေးရင် ဖြေဖို့ခပ်ခက်ခက်ဘဲ၊ အနိစ္စ, ဒုက္ခ, အနတ္တဆိုပြီး ဗုဒ္ဓဘာသာတွေ ပုတီးစိပ်လေ့ရှိကြတယ်၊ အဓိပ္ပါယ် ဘယ်လိုပြန်ဆိုလဲ၊ အနိစ္စ အမြဲမရှိ၊ ဒုက္ခ ဆင်းရဲ၏၊ အနတ္တ ငါမဟုတ်လို့ ပြန်ကြတယ်၊ အနိစ္စနဲ့ ဒုက္ခမှာ မေးခွန်းထုတ်စရာမရှိဘူး၊ အနတ္တ ငါမဟုတ် ဆိုတာကျတော့ နားမလည်ဖြစ်နေသေးတယ်၊ ဒါကြောင့် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ, ငါ့ဝိညာဉ် မရှိဆိုပြီး ထပ်ဖွင့်ရသေးတယ်၊ ထပ်ဖွင့်လည်း ရှင်းတော့မသွားဘူး၊ ဘာကြောင့်လည်း အတ္တ၀ါဒကို နားမလည်လို့ဘဲ။ ဒီကနေ့ ကမ္ဘာလူအများစု ကိုးကွယ်နေကြတဲ့ ဘာသာတွေကိုကြည့်ရင် အတ္တလွှမ်းမိုးနေတာကို တွေ့ရပါတယ်၊ နာမည်သာ ကွဲပြားနေတာ၊ အနှစ်သာရပိုင်းမှာ အတူတူဘဲ၊ အတ္တ၀ါဒတည် ဆောက်ထားပုံကို ကြည့်ရမယ်ဆိုရင်ဖြင့် -

ပရမအတ္တ(သို့) မဟာအတ္တဆိုတဲ့ အရာရှိတယ်၊ အဲဒီ မဟာအတ္တကြီးမှာ ဘုရားတစ်ဆူ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်တွေအားလုံးရှိတယ်။ ထာဝရအမြဲ တည်နေတယ်၊ ဖြစ်တဲ့ပျက်တဲ့ သဘောကင်းတယ်လို့ ဆိုတယ်၊ လျှောက်ပြောမယ်ဆိုရင် ဂုဏ်ပုဒ်တွေအများကြီး ရှိပါတယ်၊ ထားပါတော့ ဘုရားသခင်ဆိုတာ သူပါဘဲ။

အဲဒီအတ္တကြီးကနေပြီး အတ္တအသေးလေးတွေ ခွဲထုတ်ပြီး သတ္တ၀ါ တွေဖန်ဆင်း ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြတယ်၊ သတ္တ၀ါတွေရဲ့ အတွင်းထဲမှာပါနေတဲ့ အတ္တလေးဟာ တစ်ဘ၀ကနေ တစ်ဘ၀ပြောင်းလဲပြီး နိမ့်တဲ့ဘ၀ရောက်လိုက် မြင့်တဲ့ဘ၀ရောက်လိုက်နဲ့ သံသရာလည်နေတာပေါ့။ သံသရာထဲလည်ရင်းနဲ့ အကုသိုလ် ဒုစရိုက်တွေပြုမိရင် အဲဒီအတ္တလေး ညစ်နွမ်းသွားတာပေါ့၊ ညစ်နွမ်းရင် အလွန်သန့်ရှင်းဖြူစင်တဲ့ ပရမအတ္တကြီးနဲ့ ပြန်လည်ပေါင်းဆုံဖို့ ဝေးသွားရော၊ အဲဒီမှာ ဘာသာရေးက ချမှတ်ပေးတဲ့ ကျင့်စဉ်တွေကို ကျင့်ပြီး အတ္တလေး ဖြူစင်အောင် ကောင်းမူကုသိုလ်ကို ကြိုးစားလုပ်ရတာပေါ့။ ကျင့်စဉ်တွေကို များများကျင့်ပေးနိုင်ရင် အတ္တလေးဖြူစင်လာပြီး ပရမအတ္တကြီးနဲ့ ပေါင်းစုံမိတဲ့အခါ ဘ၀သံသရာ အဆက်ပြတ်သွား တော့တာပါဘဲ၊ ဒါကို ကျွန်ုပ်တို့ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင် နိဗ္ဗာန်ရောက်တော့တာပေါ့။

သတ္တ၀ါအသီးသီးမှာ အတ္တပါရှိပြီး အဲဒီသတ္တ၀ါ ပြုသမျှ အကောင်း, အဆိုးကို အဲဒီအတ္တလေးက အကျိုးခံစားရတယ်။ သတ္တ၀ါသေရင် အတ္တလေးက ခန္ဓာကိုယ်ကို စွန့်ပြီး တခြားခန္ဓာကိုယ်နဲ့ တခြားဘ၀ရောက်သွားတယ်၊ ခန္ဓာကိုယ်သာ ပျက်စီးတယ်၊ အတ္တလေးက မပျက်စီးဘူး၊ ဒါကို အတ္တမြဲတဲ့ဝါဒလို့ဆိုတယ်၊ သဿတ-ပေါ့။

ခန္ဓာကိုယ်ပျက်စီးတာနဲ့ အတ္တပါပျက်စီးသွားတယ်လို့ ယူဆတဲ့ ဥစ္ဆေဒ၀ါဒကတော့ အတ္တပါပျက်စီးသွားတဲ့အတွက် နောက်ထပ်ဘ၀ရှိစရာ မလိုတော့ဘူး၊ သူက နောက်ဘ၀ဆိုတာကိုပါ ပယ်တယ်၊ ဒီဘ၀မှာခံစား၊ ခံစား၊ နောက်ဘ၀မမျှော်နဲ့။

အတ္တ၀ါဒတည်ဆောက်ထားပုံမှာတော့ သတ္တ၀ါတွေမှာရှိတဲ့အတ္တဟာ ပရမအတ္တကြီးကနေ ခွဲထုတ်ထားတာဖြစ်တဲ့အတွက် ပရမအတ္တကြီးနဲ့ အဆက်အသွယ်ရှိနေတယ်၊ ပရမအတ္တကြီးရဲ့ အုပ်စိုးမူကို အဆက်အသွယ်ရှိနေတယ်၊ ပရမအတ္တကြီးရဲ့ အုပ်စိုးမူကို ခံယူရတယ်၊ ပရမအတ္တကြီးက ဖန်ဆင်းရှင်ဖြစ်ပြီး အတ္တလေးတွေက ဖန်ဆင်းခံသတ္တ၀ါတွေ ဖြစ်တယ်၊ ပရမအတ္တကြီးက ချမှတ်ပေးတဲ့ ကျင့်စဉ်တွေကို လိုက်နာကျင့်ကြံရမယ်၊ ရှောင်စရာ ရှောင်ရမယ်၊ ဒါပေမဲ့ အဲဒီပရမအတ္တကြီးက ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး၊ ဒါကြောင့် သူကိုယ်တိုင် အတ္တလေးတွေအတွက် လမ်းညွှန်ချက်တွေချမှတ် မပေးနိုင်ဘူး။ ဒီအခါ သူကိုယ့်စား စီမံဖို့ တမန်တော်ဆိုတာ လိုအပ်လာတယ်၊ အဲဒီတမန်တော်က ပုဂ္ဂိုလ်သတ္တ၀ါဖြစ်ပြီး ပရမအတ္တကြီးရဲ့ ကိုယ်စားအနေနဲ့ အတ္တလေးတွေ လိုက်နာဖို့ လမ်းညွှန်ချက်တွေ ချမှတ်ပေးတယ်၊ ချမှတ်ပြီးရင် အဲဒီတမန်တော်ဟာ တခြားအတ္တလေးတွေလို ဘ၀သံသရာကျင်လည်နေဖို့ မလိုဘူး၊ ကိစ္စပြီးတာနဲ့ တစ်ခါထဲ ပရမအတ္တကြီးဆီ ပြန်သွားပေါင်းစုံတော့တာပေါ့။

လူသားဘုရားအဖြစ်နဲ့ သတ္တ၀ါတွေကို တရားလိုက်ဟောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာ့ဘာသာ တော်တော်များများမှာ ရှိတယ်၊ ဗုဒ္ဓဘာသာက ဘုရားကတော့ တမန်အမျိုးအစားထဲ မပါဘူး၊ မပါဘူးဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာအနေနဲ့ ပြောတာ၊ ဟိန္ဒူတွေကတော့ ဗုဒ္ဓဂေါတမဟာလည်း ပရမအတ္တကြီး စေလွှတ်လိုက်တဲ့ တမန်တော်တစ်ပါးလို့ ယူဆပြီး သူတို့ ဟိန္ဒူဘုရားတွေထဲမှာ ထည့်သွင်းဖော်ပြကြတယ်။

ဒီလောက်ဆိုရင် အတ္တ၀ါဒအကြောင်း အကြမ်းဖျဉ်း သိလောက်ပါပြီ၊ သူက ဘာသာတရားထဲမှာ အရင်ဆုံးပေါ်တဲ့ ၀ါဒဘဲ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာတွေက နောက်မှပေါ်တာ၊ ဟိန္ဒူ အတ္တ၀ါဒ ဘယ်အချိန်လောက်ကပေါ်သလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရဘူး၊ လူ့ယဉ်ကျေးမူ ကနဦးလောက်ကစပြီး အခြေတည်လာတာ၊ ဒါကြောင့် နောက်ပေါ် ဘာသာတွေအပေါ် အနည်းနဲ့အများ လွှမ်းမိုးနေတာ တွေ့ရပါတယ်။

မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment