Saturday, June 11, 2011

တကယ်ချစ်ကြတယ်ဆိုတာ ဟုတ်လား။

တကယ်ချစ်ကြတယ်ဆိုတာ ဟုတ်လား။ ဒါ ကျွန်တော် မေးချင်တဲ့ မေးခွန်းပါ။ ဘယ်သူ့ကို မေးချင်သလဲ။ မိန်းကလေးတွေကို မေးချင်တယ်။ ဘယ်မိန်းကလေးကိုလဲ။ ကျွန်တော်သိတဲ့ အွန်လိုင်းက ချစ်သူရှာကြတဲ့ မိန်းကလေး သုံးယောက်ကို။ အပြင်မှာ ကျွန်တော်နဲ့ တကယ်သိတဲ့ မိန်းကလေး သုံးယောက်နော်။ ပထမတစ်ယောက် ကျွန်တော်တို့ရဲ့ မျက်နှာချင်းဆိုင်ရပ်ကွက်က မိန်းကလေး။ ကျွန်တော် သိသလောက် အပြင်မှာ သူ့ရည်းစား နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကျွန်တော်နဲ့ နည်းနည်းပါးပါး သိပါတယ်။ ကျန်တစ်ယောက်ကတော့ မသိဘူး။ အဲဒီမိန်းကလေးက အဲဒီကောင်လေးတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြပါတယ်။ ဘယ်လောက်ပဲ ချစ်ကြပါစေ။ တစ်သက်လုံး အတူနေရမယ့် သူတွေပဲ မဟုတ်လား။ ဒီတော့ သူ့သဘောကိုယ်သိ ကိုယ့်သဘောသူသိ ဖြစ်လာတဲ့အခါ နားမလည်နိုင်တာ ခွင့်မလွတ်နိုင်တာ ပါဝင်လာမှာပဲလေ။ ဒီတော့ တစ်သက်လုံး လက်တွဲလို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်မိလို့ လမ်းခွဲခဲ့ကြတာပဲ။ ချစ်တယ် ကြိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ အဖက်ဖက်က ကြည့်ပြီး ချစ်ရတာပဲ။ ချစ်ပြီး ကြိုက်ပြီး တွဲသွားတွဲလာလုပ်ပြီး သဘောထားချင်း ညှိပြီး အဆင်မပြေရင် လမ်းခွဲရမှာပဲ။ အဲလို လူချင်းရင်းနှီး တွဲသွားတွဲလာလုပ်ပြီးမှ သိရတဲ့ တစ်ချို့ကဏ္ဍတွေရှိနေပါရက်နဲ့ အွန်လိုင်းပေါ်မှာ စာလုံးလေးပဲပေါ်တဲ့ ချစ်သူကို ထားလိုက်ပါတော့ (VZO နဲ့ တစ်ပိုင်းလေးပဲ မြင်ရတဲ့လူနဲ့) သတင်းစာထဲ ထည့်ပြီး စေ့စပ်ပြီးစီးကြောင်း ကြော်ငြာလိုက်တယ်ဆိုတာ ဖြစ်သင့်မလား။ တစ်ဖက်က ကောင်လေးက မြန်မာနိုင်ငံမှာ မဟုတ်တဲ့အတွက်တဲ့။ အဲဒါက ပိုဆိုးတဲ့ အကြောင်းရင်း မဟုတ်ဘူးလား။ ချစ်စရာကောင်းတဲ့ အမိမြေကို စွန့်ပြီး နိုင်ငံခြားမှာ နေနေတာနော်။ သဘောထားချင်း ဘယ်လိုညှိကြမလဲ။ သူ့အကြိုက်ကိုယ့်အကြိုက် စာရေးပြရုံနဲ့ လုံလောက်သွားပြီလား။ မမြင်ဖူးတဲ့ နေရပ်ချင်းမတူတဲ့ စရိုက်အနေအထား မှန်မမှန်မသိရတဲ့ အွန်လိုင်းပေါ်က ချစ်သူကိုမှ အသည်းအသန်ချစ်မိသွားတာလား။ တကယ်လား။

နောက်တစ်ယောက်။ သူက ကျွန်တော့် သူငယ်ချင်းရည်းစားရဲ့ ညီမ။ အဲဒီမိန်းကလေးက အွန်လိုင်းပေါ်က သူ့ချစ်သူအကြောင်း ကျွန်တော့်ကို စုံစမ်းခိုင်းတယ်။ အွန်လိုင်းပေါ်မှာ “နင် သူ့လိပ်စာကို add လုပ်ပြီး နည်းနည်း Check လုပ်ပေးပါလား” တဲ့။ ခေါင်းမခါတတ်တဲ့ ကျွန်တော့်ဝသီကြောင့် ကျွန်တော် လုပ်ပေးပါတယ်။ ဟိုက ပြောတဲ့အတိုင်းပဲ ကျွန်တော် ပြန်ပြောခွင့်ရှိတယ်။ နည်းနည်း ကမ်းတက်လာပုံက “သူ့လိပ်စာကို hack ပေးပါလား” တဲ့။ မရနိုင်ဘူးလို့ကျွန်တော် အဲဒီကောင်မလေးကို ရှင်းပြတယ်။ ကျွန်တော့်ကို မလုပ်ပေးချင်ဘူးထင်ပြီး သူနည်းမျိုးစုံ ကြိုးစားတယ်။ နင် ပင်ပန်းရုံပဲ ရှိမှာနော်။ G-mail ကို အဲလို နင့်လို ကောင်မလေးက hack လုပ်လို့ရနေရင် ကမ္ဘာက မဟုတ်ဘူး။ မြန်မာကတောင် သုံးမှာ မဟုတ်ဘူးလို့။ ဒါပေမယ့် မရပါဘူး။ သူ့ကြောင့် ကျွန်တော် hack နည်းပေါင်းတစ်ထောင် ဆိုတဲ့ file လေးတောင် ရလိုက်သေးတယ်။ နောက်ဆုံး သူ့မေးလ် password ပျောက်တာက လွဲလို့ ဘာမှ ဖြစ်မသွားခဲ့ပါဘူး။ သူအပြင်မှာ (သိရင်လည်း မတတ်နိုင်ဘူး ဖွင့်ပြောပြီ) ရည်းစား (၈) ယောက်နဲ့ တွဲပြီး လမ်းခွဲခဲ့ပြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကလည်း ခုနက သဘောထားချင်း တိုက်မိမှု ပြိုလဲမှုတွေ ဖြစ်ခဲ့တာကြောင့် လမ်းခွဲခဲ့ကြတာတွေပါ။ အကွဲအပြဲဇာတ်လမ်းရဲ့ မင်းသားတွေက မြန်မာနိုင်ငံမှာ။ ခု သူမရဲ့ ဒီသူရဲကောင်းလေးက နိုင်ငံခြားမှာ။ သူ့ကောင်လေးမိဘက မန္တလေးကမို့လို့တဲ့ ချောင်းသာပေါက်တတ်ရင် အဲဒီမိန်းကလေး အဲဒီအိမ်ရှေ့ ဆိုင်ကယ်နဲ့ ကားဖြတ်မောင်းနေတာ ဧရာဝတီမြစ်တောင် အဲဒီချောင်းလောက် ရေစီးမသန်နိုင်ဘူး။ အပြင်က တကယ်ချစ်ခဲ့ တွဲခဲ့တာတွေကိုကျတော့ နစ်နစ်ကာကာ မချစ်နိုင်ဘူးတဲ့။ ဟိုး လူချင်း တစ်ခါမှ မဆုံဖူးတဲ့ နာမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ မျိုးရိုးအတိအကျမသိရတဲ့ သူကိုကျတော့ အသည်းအသန်ဖြစ်နေသတဲ့။ ဒီတစ်ခါ တကယ်ချစ်မိတာဆိုပဲလေ။

နောက်တစ်ယောက်ကတော့ အသည်းကွဲနေသူပါ။ အပေါ်က ကောင်မလေးတွေက ဒီကောင်မလေးရဲ့ အဖြစ်ကို မသိလို့ပါ။ ဒါပေမယ့် ဒီကောင်မလေးလည်း တစ်ခါခါ သူ့ကောင်လေးကို သတိရတယ်လို့ ညည်းတယ်။ ကျွန်တော် လူသတ်ချင်စိတ် အပေါက်ဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့ မေးရင် အဲဒီကောင်မလေး အရင် အွန်လိုင်းက သူ့ရည်းစားဟောင်း အကြောင်း ပြောတဲ့အချိန်ပါပဲ။ မြန်မာနိုင်ငံထဲမှာပဲ ဖြစ်တာပါ။ ကောင်လေးကို ဘယ်မြို့ကရယ်လို့ ကျွန်တော် မပြောတော့ပါဘူး။ ကောင်မလေးက ချမ်းသာမှန်းသိတော့ ကောင်လေးက ဘာဝယ်ပေးဦး ညာဝယ်ပေးဦးနဲ့ တောင်းပါတယ်။ ကောင်မလေးက ၀ယ်ပေးတယ်။ ဘယ်လောက်အထိ ၀ယ်ပေးသလဲ သိလား။ ကောင်လေး ကိုင်နေတဲ့ ဟမ်းဖုန်းကစလို့ ကောင်လေး နေတဲ့ တိုက်ခန်းအထိပေါ့။ အဲဒီငွေတွေကို ကျွန်တော်ဆို အရမ်းနှမြောနေတုန်းပဲ။ “သူလည်း ငါ့ကိုချစ်ပါတယ်၊ သူ့မိဘကို သူမလွန်ဆန်နိုင်လို့ တခြားကောင်မလေးနဲ့ လက်ထပ်လိုက်ရတာပါ” တဲ့။ တကယ်ပါ။ ကျွန်တော် လူတကယ်သတ်ချင်တာပါ။ ကောင်မလေးဆီမှာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ သိပ်မကြာသေးခင်ကမှ သူတို့အဖြစ်ကိုသိတဲ့ သူ့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို “နင်ဘာသိလို့လဲ၊ ဟိုတစ်နေ့က အဲဒီကောင်လေးသုံးဖို့ဆိုပြီး ငွေပို့ပေးသေးတယ်” တဲ့။ ကောင်လေးကို မနာလိုဖြစ်ရမလား။ ကောင်မလေးကို သတ်ရမလား။ သူတို့က မြန်မာနိုင်ငံမှာမို့လို့ လူချင်းတွေ့ဖူးကြပါတယ်။ ကောင်လေးက မန္တလေးကို လာပြီးတွေ့တာပါ။ သူလက်ထပ်ရတော့မှာပြောတော့ ဒီကကောင်မလေးက သူ့ကိုခိုးဖို့အကြောင်းပြောတယ်။ ဟိုက “အမေကို ချစ်တဲ့သား” လုပ်သွားတယ်လေ။ ဒါကို ကောင်မလေးက ပိုသဘောကျနေပြန်တယ်။ အဲဒါ အချစ်လား။ အွန်လိုင်းပေါ်က ချစ်သူဟာ တကယ်ယုံကြည်နိုင်စရာ အနေအထားမှာ ရှိသွားပြီလား။ မမြင်ဖူးသေးတဲ့ တစ်စုံတစ်ယောက်ရဲ့ အချစ်က ပိုခိုင်မာသလား။

ပုံပြင်လေးပါ။ သိပ်မမှတ်ဘူး။ တစ်ခါက မီးပြတိုက်တစ်တိုက်မှာ မီးပြတိုက်စောင့်တဲ့သူက ပင်လယ်ထဲလှမ်းကြည့်တော့ လက်လက်ကလေး မြင်ရတာနဲ့ “စစ်သင်္ဘောလာနေပြီ” လို့ကြေငြာတယ်။ လက်လက်ကလေးက နီးလာတယ်။ “ဟာ ရိုးရိုးကုန်တင်သဘောင်္ပါ” လို့ပြန်ကြေငြာပြန်တယ်။ လက်လက်ကလေးက ပိုနီးလာတယ်။ “ဟာ ငါဖမ်းသင်္ဘောပါ” လို့ကြေငြာပြန်တယ်။ ပိုနီးလာတော့ “အော် လှေငယ်လေးတစ်စင်းပါ” တဲ့။ ပိုနီးလာတော့ “စည်ပိုင်းတစ်ခုထင်ရဲ့” တဲ့။ တကယ်တမ်းရောက်လာတဲ့အခါ မျှောနေတဲ့ သစ်တုံးတစ်တုံး။ အဲလိုပဲ ကိုယ်လက်လှမ်းမမီတဲ့ အရပ်ကို သိပ်အထင်ကြီးကြတယ်။ ဖေမြင့်ရဲ့ ၀တ္ထုတစ်အုပ်လည်း ရှိပါတယ်။ “စိန်” နဲ့ ပတ်သက်တဲ့ ၀တ္ထုလေး။ ၀တ္ထုအစမှာ “ဟိုဘက်ခြံက မြက်ခင်းကို ပိုစိမ်းတယ်” လို့ လူတွေက ထင်နေကြကြောင်း တကယ်တော့ ကိုယ့်ခြံထဲက မြက်ကသာလျှင် ပိုစိမ်းကြောင်းနဲ့ ဖွင့်ထားတဲ့ ၀တ္ထုလေးလေ။ ကျွန်တော့်အယူအဆအရ ကိုယ်နဲ့ လက်ထပ်တဲ့သူဟာ ရေရှည်နီးစပ်ဖူးမှ လက်တွဲဖူးမှ နောက်နောင် သဘောထားတွေ ကွဲလာတဲ့အခါ ဖြေရှင်းခဲ့ဖူးတဲ့ နည်းတွေနဲ့ ဖြေရှင်းနိုင်ကြမယ်ထင်တယ်လေ။ အိမ်ထောင်ပြုတယ်ဆိုတာ တစိမ်းနှစ်ယောက် အတူနေတာမှန်ပါတယ်။ အဲဒီလူစိမ်းက တစ်ခါမှ မရင်းနှီးဖူးတဲ့ လူစိမ်းဆိုရင် ကြုံလာတဲ့ ပြဿနာတွေကို ဘယ်လိုတူညီစွာ ဖြေရှင်းကြတော့မလဲ။ ဒါက ကျွန်တော့်ရဲ့ ခေတ်နောက်ကျကျန်တဲ့ ကြားနဲ့ ခေတ်ရှေ့ပြေးတဲ့ လူတွေကြား ညှပ်မိနေတဲ့အတွေးပါ။ မြွေတွေထဲမှာ မြွေပွေးကိုက်လို့ (ပိုးထိလို့) သေတာ၊ မြွေဟောက်ပေါက်လို့သေတာ အနည်းဆုံးဗျာ။ မြွေစိမ်းလေး ဒါမှမဟုတ် ရေမြွေလေးကိုက်လို့ သေတယ်ဗျာ။ ပြောလို့ရတယ်ဗျ။ သူ့ခမျာ သနားစရာ မြွေကိုက်လို့ သေတာတဲ့လို့။ အဲ မြွေက သေရုံမလို့ခြောက်တောင်နေပြီဖြစ်တဲ့ မြွေခြောက်ကိုက်ခံရလို့ သေတယ်ဆိုရင်တော့ ကျော်လို့မကောင်း ကြားလို့မကောင်းဘူးဗျနော။ ခုနက ပြောခဲ့သလိုပါပဲ။ လူကြီးလိုလည်း သဘောမထားနိုင် လူငယ်လိုလည်း ခေတ်ကို မလိုက်နိုင်တဲ့ လူလတ်ပိုင်းတစ်ယောက်ရဲ့ အတွေးဆိုတော့ မှားကောင်းမှားနိုင်ပါတယ်။ ကျွန်တော် တွေးကြည့်ရုံသက်သက်လေးပါ။

ဂျေဂျူဝိုင်
[Reference: Myanmar Friends Day Website]

No comments:

Post a Comment