Saturday, June 11, 2011

သူရဲကောင်းတို့၏ နှလုံးသား

လောကမှာ လူရယ်လို့ အခေါ်ခံနိုင်တာဟာ အမှန်နှင့် အမှားကို ခွဲခြား တတ်တဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်တယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ သတ္တဝါတွေ အားလုံးထဲမှာ လူဟာ စဉ်းစား ဝေဖန် ဆုံးဖြတ်တတ်တဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါ ဖြစ်ပါတယ်။

လူတိုင်း စဉ်းစားတတ်တဲ့ အသိ ဉာဏ်ရှိကြတာ များပါတယ်။ အမှား အမှန်ကို ခွဲခြားပြီး သိတဲ့လူတွေလည်း များပါတယ်။မသိခင်ကာလနဲ့ မသင်ကြားဖူးတဲ့ အချိန်လောက်မှာသာ အမှား အမှန်ကို မခွဲခြား တတ်သေးပေမဲ့ သင်ကြားပေးလိုက်ရင် များသေား အားဖြင့် တတ်မြောက်ကြတာက များပါတယ်။ ဒါပေမဲ့ အမှန်တရားကို တကယ် လက်ခံနိုင်ကြ ရဲ့လား….?့ ။

အမှန်အမှားကို သိယုံနဲ့ အမှန်တရားကို မြတ်နိုးသူ တစ်ယောက် ဖြစ်နိုင်ပါ့ မလား။အမှန်တရားကို လက်ခံယုံနဲ့ အမှန်တရားကို မြတ်နိုးတဲ့သူ တစ်ယောက် ဖြစ်နိုင်ပြီလား။ မှန်တဲ့ဘက်ကနေ ဘယ်လောက်အတိုင်း အတာထိ သတ္တိရှိရှိနဲ့ ရပ်တည်နိုင်ပြီလဲ? ။ အမှန်တရား အတွက် ကိုယ်ဘယ်အတိုင်း အတာ အထိ စွန့်လွတ်နိုင်ပါသလဲ?။

ဒီနေရာမှာ စွန်စားနိုင်သလဲလို့ မပြောလိုပါဘူး ဘာကြောင့်လည်းဆိုတော့ စွန့်စားနိုင်ဖို့ အတွက် ကိုယ့်ရဲ့ အကျိုး အတ္တတွေကို စွန်လွတ်နိုင်မှသာ သူဟာ စွန့်စားနိုင်မှာ ဖြစ်လို့ စွန့်လွတ်ခြင်းက အခြေခံကြပါတယ်။

မြတ်စွာဘုရာတောင်မှ ဘုရားဖြစ်ဖို့ရန် တောထွက်ပြီး အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ဖို့ အတွက် သူ့ ပိုင်ဆိုင်သမျှ စည်းစိမ်မှန်သမျှကို လုံးဝဥဿုံ စွန်လွတ် ခဲ့တယ် ၊ သူအသက်ကို အလေ့မမူပဲ ပင်ပန်းဆင်းရဲ ခံခဲ့ရတာကို သိနိုင်ပါတယ်။
အမှား အမှန်ကိုခွဲခြားပြီး အမှန်ကို သိနေကြပေမဲ့ အမှန်တရား ဘက်ကနေ မားမားမတ်မတ် ရပ်တည်နိုင်သူက နည်းပါတယ်။ အထူး သဖြင့်တော့ အမှန်ကို အမှန်အတိုင်း ပြောဖိုနဲ့ လုပ်ဆောင်ဖို့ မှားနေတဲ့ အရာတွေကို တွန်းလှန်ဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။

အမှန်အတိုင်း ပြောရလျှင် ကျွန်တော် ကိုယ်တိုင်ကလည်း အမှားနဲ့ အမှန်ကို အတော် အသင့် ခွဲခြား နားလည်ထားသူ တစ်ယောက်ဖြစ်ပါတယ်။မှန်ကန်တာကိုလည်း လက်ခံတတ်ပါတယ်။ ဒါပေမဲ့ အများအတွက် အမှန်တရားကို လုပ်ဖို့ နေနေသာသာ အမှန်အတိုင်း မှန်တဲ့ သူဖက်က မားမား မှတ်မှတ် ရပ်တည် ပြောဖို့တောင် မစွမ်းနိုင်သူတစ်ယောက်ပါ။
ဒါနဲ့များတောင် မင်းလိုလူတစ်ယောက်က သူတစ်ပါကို အမှန်အမှားကို နားလည်ဖို့ ပြောနေရသေးတယ်လို့ အပြစ်တင်ရင်လည်း ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံပါမယ်။
ဒါဆို ဘာလို့ရေနေတာလည်း ပြောနေသေးလည်း ဆိုရင် ကျွန်တော်ထက် သတ္တိရှိရှိ နဲ့ အမှန်တရားဖက်က ရပ်သွားကြတဲ့ ပုဂ္ဂိုလ်များကို လေးစားလို့ပါ။ဂုဏ်ယူလွန်းလို့ဖြစ်ပါတယ်။
ကျွန်တော်တို့တစ်တွေဟာ အမှာ နဲ့ အမှန်ကို သိပါတယ်။အမှန်တရားကို ပြောဖို့ လုပ်ဖို့ ရဲရဲဝံ့ဝံ့ မှန်တဲ့ဘက်ကနေ ရပ်တည်ဖို့ မရဲကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ သူရဲကောင်းဆိုတဲ့ စကားလုံးကို ကျွန်တော် ထပ်ပြီးသုံးချင်ပါတယ်။ သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲ။ ဘယ်လို လူမျိုးကို သူရဲကောင်းလို့ သတ်မှတ်ကြမလဲ?
ကျွန်တော်ကတော့ ကိုယ့်အကျိုး အတွက် လုံးဝ မငဲ့ကွက်ပဲ မှန်တဲ့ ဘက်ကနေ သတ္တိရှိရှိ လုပ်ဝံ့တဲ့ အကြောက် တရားကိုဖယ်ရှား ထားတဲ့ သူတွေကို သူရဲကောင်းလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် သူရဲကောင်း မဖြစ်ကြသလဲ ဆိုရင် မှန်တာကို မှန်မှန်း သိရက်နဲ့ အကြောက်တရားကြောင့် မလုပ်ရဲပါဘူး မပြောရဲပါဘူး ။ဒီတော့ ကျွန်တော်တို့ သူရဲကောင်းတွေ မဖြစ်နိုင်ဘူးပေါ့။

စစ်ပွဲမှာ တိုက်ရင်းသေတာ မဆန်းပေမဲ့ မှန်တဲ့ ဘက်က ရပ်ပြီး လုပ်ဖို့ ပြောဖိုကို အင်မတန် ကြောက်ကြပါတယ်။ တိုက်ပွဲတစ်ခုမှာ အောင်တဲ့ စစ်သူရဲကောင်းဆိုတာ မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ စစ်ပွဲမှာ ထူးချွန်စွာ နိုင်အောင် တိုက်နိုင်ခိုက်နိုင်ရင် သူရဲကောင်း ဖြစ်နိုင်ပါတယ်။ ခုခေတ် မြန်မာစစ် သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကြောက်တတ်လို့ ပုန်းနေတဲ့ ရဲဘော်ဟာ စစ်ပွဲပြီးလို့ မသေပဲ ကျန်ခဲ့တော့ သူရဘွဲ ချီးမြင့်ခံခဲ့ရတယ်တဲ့။ စစ်သူရဲကောင်းများဟာ လူတော်တွေ ဖြစ်နိုင်သလို မိုက်ရူးရဲဆန်သူ တွေလည်း ဖြစ်နိုင်ပါတယ်။ စစ်သူရဲကောင်း တိုင်းဟာ လူတော်တွေ မဟုတ်ဘူး ဆိုတာ မြန်မာ သမိုင်းထဲမှာလည်း တွေနိုင်ပါတယ်။

“ဘုရင့်နောင်နှင့် တပင်ရွှေထီး တို့လို”ဆိုပြီး ငယ်ငယ်က မူလတန်းဖတ်စာမှာ ပါတဲ့…. မြန်မာသူရဲကောင်းလို့ အများက သိထားတဲ့ တပင်ရွှေထီး ဆိုရင် စစ်ပွဲတွေကို အောင်ခဲ့တဲ့ နာမည်ကြီး သူရဲကောင်း တစ်ယောက်ဖြစ်ပေမဲ့ တိုင်းသူပြည်သားတွေ အပေါ်မှာ မှန်မှန်ကန်ကန် မအုပ်ချုပ်တော့တဲ့ အချိန် ၊ အမှန်တရာကနေ သွေဖီသွားတော့ အရက်သမား ဘဝနဲ့ ကြက်ကလေး ငှက်ကလေး တစ်ကောင်လို ရန်သူတွေ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရဘူးပါတယ်။
(တပင်ရွှေထီးအကြောင်းကို သီးခြား မျှဝေပေးပါအုံးမယ်)

သူရဲကောင်းတွေအကြောင်းနဲ့သူတို့ရဲ့စိတ်ဓါတ်ကို ပြောချင်ပါသေးတယ်။ စာပေဟောပြောပွဲ တစ်ခုက အသိလေး ဆိုပါတော့ ဟောတဲ့ သူကို သိပ်မမှတ်မိပါဘူး။ ဆရာ ချစ်ဦးညို နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) သူတို့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်မယ် ထင်ပါတယ်။
သီရိဓမ္မာသောကမင်း အကြောင်း ဟောပြောတာပါ။တကယ်တမ်း သီရိဓမ္မာသောကမင်းက ဇာတ်လိုက်နေရာမှာ နေပေမဲ့ အဓိက သူရဲကောင်းနှစ်ယောက် ဖြစ်တဲ့ (ကာလိန္ဒ)နိုင်ငံ စစ်ရှုံးစစ်သူကြီး(ဒေဝိန္ဒ)နဲ့ သူရဲ့စစ်သူကြီး(ဝိဇယကေတု)တို့နှစ်ဦးဟာ ကျွန်တော်အတွက်တော့ တကယ့် သူရဲကောင်း လို့ ကျွန်တော်ခံယူပါတယ်။ အဲ့ဒီ စစ်သူကြီး နှစ်ဦးရဲ့ အမှန်ဘက်မှ ရပ်တည်ရဲတဲ့ သတ္တိကို အလွန်ကို လေးစားမိပါတယ်။

သူတို့တွေ ပြောခဲ့တဲ့ စကားလုံးတွေကိုလည်း နားထဲမှာ တကယ်ကြားနေရသလို ခံစားလိုက်ရပါတယ်။သူတို့ နှစ်ဦးကြောင့်လည်း စစ်သွေးဆာနေတဲ့ (စဏ္ဍာသောက) အဖြစ်ကနေ (သီရိဓမ္မာသောက) ဘဝကို ပိုင်ဆိုင်ခဲ့တယ် လို့တောင် ပြောနိုင်ပါတယ်။ရေတွင်း ရေကန် စေတီပေါင်း မြောက်များစွာ လှူဒါန်ခဲ့တဲ့ အသောက …. သူတိုတွေ …..
အဓိကကျတဲ့ အကြောင်းလေး နဲနဲပြောပြချင်ပါတယ်။
အသောကမင်းရဲ့ နောက်ဆုံးတိုက်ပွဲ ကာလိန္ဒ တိုက်ပွဲ ပြီးတော့ စစ်ရှုံးတဲ့ နိုင်ငံက စစ်သူကြီးကို ဖမ်းဆီးခဲ့ပါတယ်။
အသောကမှာ အင်မတန်မှ ချောမောလှပတဲ့(ရက္ခိတာ)ဆိုတဲ့ မိဘုရား ရှိပါတယ်။ အဲ့ဒီ မိဘုရားဟာ စစ်ပွဲတွေနဲ့တာ အချိန်ကုန်နေတဲ့ သူရဲ့ ကြင်ယာတော် အသောကကို တော်တော်ကို စိတ်ကုန်နေတယ်လို့ ဆိုပါစို ။
မိဘုရားက ကာမဂုဏ်ကို တောင်းတတယ် ။ အသောက မှာတော့ စစ်ရေး နိုင်ငံရေးတွေနဲ့တာ အချိန်ကုန်နေတယ်။သူ့အပေါ် အလေးမထားဘူး မမြတ်နိုးဘူး သူမအထင်ပေါ့။
သူမပြောတာက…. “ကြည့်စမ်း မောင်တော်ဟာ ချောမော ပြေပြစ်တဲ့ ငါ့ခန္ဓာကိုယ်ကို ပွေ့ဖက်ရမဲ့ အစား သူစစ်မြင်းတွေကိုပဲ မြတ်မြတ်နိုးနိုး ကိုင်တွယ် ပွေ့ဖက်နေတယ်။ မွှေးပျံတဲ့ ငါ့ရဲ့ ကိုယ်သင်းနံ့ကို နမ်းရှိုက်ရမဲ့ အစား စစ်မြေပြင်က သွေးညှီနံ့တွေကို ပိုသဘောကျ နေတယ်။ နုညံ့ချောမွှေ့တဲ့ ငါ့ပါးပြင်ကို နမ်းရှိုက်ရမဲ့ အစား ချွန်ထက်နေတဲ့ သူရဲ့ ဓါးလှံတွေကိုသာ နမ်းရှုတ်နေလေရဲ့” ဒီစကားလုံးတွေနဲ့တင် မိဘုရားဟာ သူမောင်တော်ကို မကျေနပ်တော့ဘူး ဆိုတာ သိလောက်ပြီပေါ့နော်။

ဒီတော့ ဖမ်းဆီးလာတဲ့ ကာလိန္ဒ စစ်သူကြီး (ဒေဝိန္ဒ)ကို ဖမ်းချုပ်ထားတဲ့ အကျဉ်းထောင်မှာ သွားတွေ့တယ်။ ဘုရင်ရဲ့ လက်သုံးတော် ဓါးပါသူက တပါတည်း ယူဆောင်သွားတယ်။ ဒီမှာ အကျဉ်းကျနေတဲ့ စစ်သူကြီးကို သူပြောတာက “စစ်သူကြီး သင့်ထံမှ တောင်းစရာရှိလို့ လာခဲ့တာပါ ကျွန်ုပ်တောင်းတာကို သင်ပေးနိုင်မယ်ဆိုရင် သင်ဒီညတွင်းချင်းပဲ သင့်ရန်သူ ဖြစ်တဲ့ အသောကမင်း ကိုဟောဒီဓါးနဲ့ သတ်လိုက်ပါ မနက်လင်းတာနဲ့ ထီးနန်းကို သိမ်းပိုက်ပြီး ဘုရင်လုပ်ပါ။
သင်အလွယ်တကူ လုပ်ကြံနိုင်ဖို့ အားလုံးကို ကျွန်ုပ်စီစဉ်ပါ့မယ်။အောင်မြင်ဖို့ရန် အတွက် အားလုံး ကျွန်ုပ်တာဝန်ယူပါတယ်။ သင်ပေးရမဲ့ အရာကတော့ ကျွန်ုပ်ကို ချစ်ပါ သင့်ထံမှ အချစ်ကို ကျွန်ုပ်အလိုရှိတယ်။ ကျွန်ုပ်ကို သိမ်းပိုက်ဖို့ပါပဲ” တဲ့

စစ်သူကြီး ပြန်ပြောလိုက်တဲ့ စကားကတော့ ကျွန်တော်တို့လုံးဝ မျှော်လင့် မထားတဲ့ စကားလုံးလေးတွေပါ။ “မင်းသမီး မြင်းမြတ်တဲ့ ရတနာတွေထဲမှာ မိန်းမသား ဆိုတဲ့အဖိုး အတန်ဆုံးရတနာ တစ်ပါး ပါဝင်ပါတယ်။အဲ့ဒီ အဖိုးတန်လှတဲ့ ရတနာရဲ့ တန်ဖိုးကို မဖျက်ချင်ပါနဲ့ အချစ်ဆိုတာ တောင်းယူရတဲ့ အရာမျိုး မဟုတ်ပါဘူး ပေးဆပ်ရတဲ့ အရာသာ ဖြစ်ပါတယ်။
မိဘုရာကြီးတောင်းတာကို ကျွန်ုပ်မပေး နိုင်ပါဘူး၊ အသောကနဲ့ ကျွန်ုပ်ဟာ ရန်သူတွေဆိုပေမဲ့ တိုက်ပွဲတွင်းမှာသာလျှင် သူ့အသက် ကိုယ့်အသက် သူနိုင်ကိုယ်နိုင် တိုက်ရင်း အနိုင်ယူမယ်။ စစ်တိုက်ခိုက်ရာမှာလည်း တိုင်းပြည်အတွက် ပြည်သူအတွက် ဖြစ်တယ်။ ကိုယ်တစ်ယောက်တည်း အတွက် မိန်းမတစ်ယောက်အတွက် မဟုတ်သလို ဒီလို ယုတ်ညံ့တဲ့ အကြံနဲ့ ရန်သူကို အနိုင်ယူပြီ ငါ့ရဲ့ ကိုယ်ကျင့် အမှန်ဘက်က အမြဲရပ်ခဲ့တဲ့ ငါ့ရဲ့ စိတ်ဓါတ်ကို အပျက်မခံနိုင်ဘူး။သင် သတ်လို့ သေရင်လည်း ရဲရဲကြီး အသေခံဝံ့ပါတယ်။ သင် တောင်းတဲ့ အရာကိုပေးပြီး ကျွန်ုပ် သံသရာမှာ အဖန်ဖန် အသေမခံနိုင်ပါဘူး။”

ဒီပြောသံတွေကို နံရံ တဖက်ကနေကြားလိုက်သူက မိဘုရား ညအချိန်မတော် အပြင်ထွက် သွားတာကိုမြင်လိုက်လို့ စိုးရိမ်ပြီး တိတ်တဆိတ် နောက်ကလိုက်လာတဲ့ အသောကရဲ့ အား အကိုးရဆုံးသော စစ်သူကြီး ဝိဇယကေတု ဖြစ်ပါတယ်။
အကျဉ်းခန်းကို ဝိဇယကေတု ရောက်လာ ပါတယ်။ ဒီတော့ မိဘုရားက “စစ်သူကြီး သူကို သင့်လက်ထဲက ဓါနဲ့ သတ်လိုက်ပါ ဒီအကျဉ်းသား ထွက်ပြေားဘို့ ကြံစီ နေတဲ့ အပြင် ကျွန်ုပ်ကို စော်ကားတဲ့ စကားတွေ ပြောတယ်။” တဲ့….စစ်သူကြီး ဘာလုပ်မလဲ သူ့အရှင် သခင်ရဲ့ မိဘုရားက အမိန့်ပေးနေပြီ သူသတ်မှာလား?။

သူပြောလိုက်တာက “ကျွန်ုပ် မသတ်နိုင်ပါဘူး” ခုနက မိဘုရားနဲ့ ဒေဝိန္ဒတို့ ပြောနေကြတဲ့ အမှန်နှင့် အမှား ဓမ္မနှင့် အဓမ္မ ကို ပြောဆိုနေတဲ့ အသံတွေ အားလုံး ကျွန်တော်မျိုး ကြားလိုက်ပါတယ်။
မိဘုရားက မှားပြီး ဒေဝိန္ဒက မှန်နေပါတယ်။ ဒါကြောင့် ကျွန်ုပ် မသတ်နိုင်ပါဘူး ဟု့ ဆိုကာ “ကဲ…. ဒေဝိန္ဒ စစ်သူကြီး သင်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို အမှန်အတိုင်း သိလိုက်ရပြီ ဒီတော့ သင် ဒီအကျဉ်းထောင်ကနေ ထွက်သွားပေတော့” ပြောရင်း အစောင့်ရဲမက်ကို ခေါ်ကာ ဒီစစ်သူကြီးကို ဘေးကင်းရာအထိ ပိုဆောင်ပေးရန် အမိန့်ပေးလိုက်ပါတော့တယ်။

ဒီတော့ မိဘုရားက “သူ့ကို လွတ်ပေးလိုက်ရင် သင်သေသွားမှာပေါ့။” ဒီတော့ ဝိဇယကေတုက “မိဘုရား မနက်မိုးလင်းလို့ ဘုရင်ကြီး သိပြီး သတ်မယ်ဆိုရင်လည်း ကျွန်ုပ်ရဲရဲကြီး အသေခံရဲပါတယ်။ အမှန်ကို အမှန်အတိုင်း လုပ်ဖို့က ကျွန်ုပ်တာဝန် ဖြစ်ပါတယ်။

အမှန်ကို သိရက်နဲ့ အမှာကိုပြုခြင်းကြောင့် ကျွန်ုပ်ဘဝ အကြိမ်ကြိမ် သေရတာကိုပဲ ကြောက်ပါတယ်။” မိုးလင်းတော့ ဘုရင်ကြီးက ဒေဝိန္ဒ ကို ဝိဇယကေတု လွတ်ပေးလိုက်တယ် ဆိုတာကို သိသွားပါတယ်။ ဘုရင်ကြီးကလည်း စဉ်းစားနိုင်စွမ်း ရှိသူ တစ်ယောက်မို့ သူ့စစ်သူကြီးကို မေးပါတယ်။ “မောင်မင်းဟာ အကြောင်း တစ်စုံတရာ မရှိပဲ ရန်သူတစ်ယောက်ကို လွယ်လွယ် နဲ့ မလွတ်ဘူး ဆိုတာကို ငါသိတယ်၊” အဲဒီအကြောင်းကို ငါ့ကို ပြောပြပါ လို့ပြောတယ်။ စစ်သူကြီးက သူ့ကြောင့် တစ်ပါးသောသူ ထိခိုက်မှာကို စိုးတဲ့ အတွက် မပြောပါဘူး။ သူ့သဘော အတိုင်း လွတ်လိုက်ပါကြောင်း အပြစ်ရှိလျှင် သူ့ကို အပြစ်ပေးဖို့ အကြိမ်ကြိမ် လျှောက်ပါတယ်။ နောက်ဆုံးမှ ဘုရင်ကြီးထံက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပတ်သတ်တဲ့သူတစ်စုံ တစ်ယောက်ကိုမျှ အပြစ်မယူဘူး ဆိုတဲ့ ဂတိ ရတော့မှ ပြောပြပါတယ်။ ဘုရင်ကလည်း ဂတိအတိုင်း မိဘုရား ရက္ခိတာ ကို အပြစ်မပေးပါဘူး။ ဒါပါပဲ…
ဒီနေရာမှာ စစ်သူကြီး နှစ်ယောက်စလုံဟာ သူတို့ အသက်သေရေး ရှင်ရေးနဲ့ အမှား အမှန်ကို ဘယ်လိုရွေးချယ်ခဲ့သလဲ။
ခင်ဗျားတို့ ကျွန်တော်တို့ ဆိုရင်ရော ဘာကိုရွေးချယ်ကြမလဲ?
သူတို့တွေဟာ သူရဲကောင်းတွေ မဟုတ်လား? လက်ရုံးရည်တိုက်ပွဲမှာ ရှုံခဲ့ပေမဲ့ အမှန်တရား တိုက်ပွဲမှာ နိုင်လိုက်တဲ့ ဒေဝိန္ဒ…ကျွန်တော်နှလုံးသားမှာတော့ သူဟာ သူရဲကောင်း အနိုင်ရဖို့ တစ်ခုတည်း ကြည့်ပြီး ဘယ်တော့မှ အမှားလမ်းကြောင်းပေါ် မလျှောက်တဲ့သူ။

အမှန်တရား အတွက်ဆိုရင် ကိုယ့်ကို ပြန်တိုက်မဲ့ ရန်သူကိုတောင် အသက် အသေခံပြီး လွတ်ပေးရဲတဲ့ ဝိဇယကေတု…. သူဟာလည်း ကျွန်တော်နှလုံးသားထဲက သူရဲကောင်း။ ဂတိတစ်လုံးအတွက် ကိုယ့်ကိုလုပ်ကြံဖို့ ကြံစည်ခဲ့တဲ့ သူကို ကျေနပ်စွာ ခွင့်လွတ်နိုင်တဲ့ အသောကမင်း သူကလည်း ကျွန်တော်အတွက်တော့ သူရဲကောင်းပဲပေါ့…..။

တစ်ချို့က မသိချင်ယောင်ဆောင်နေကြတယ်။ တစ်ချို့က မပြောရဲကြဘူး။ ကိုယ့်အတွက် အတ္တမပါပဲ တကယ် အမှန်ဘက်က မားမား မတ်မတ်ရပ်ပြီး လုပ်မယ် ဆိုတဲ့ သူတွေ ကျပြန်တော့ သူတို့ရဲ့ ပါစပ်တွေပိတ်ထားတာကို ခံလိုက်ကြတယ်။ ခြေတွေ လက်တွေကို ရိုက်ချိုးခံထားလိုက်ရပြီ။
တစ်ချို့ကြတော့လည်း ပြောဖို့ လုပ်ဖို့ အခွင့် အရေးတွေ ရှိနေပေမဲ့ ကိုယ့် အကျိုး တစ်ခုတည်း အတွက်ကို ကြည့်ပြီး မပြောဘူး မလုပ်ဖူး။ ဒီထက်ဆိုးတာက တစ်ပါသူကိုလည်း လုပ်ခွင့် မပေးတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ပါးစပ်တွေကို ဘယ်လိုပိတ်ပိတ် လက်တွေ ခြေတွေ ကျိုးကျိုး အမှန်ကို ရဲရဲဝံဝံ လုပ်နေတဲ့သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီ လိုလူတွေဟာလည်း ကျွန်တော် အတွက်တော့ သူရဲကောင်းတွေ ဖြစ်ပါတယ်။ ကောင်းကင်မှာ လင်းလက်နေတဲ့ တစ်ကိုယ်တည်းတည်း ထွန်းလင်းနေတဲ့ ဓူဝံကြယ်လို ၊ အုပ်စုလိုက် ထွန်းလင်း လမ်းပြပေးတဲ့ ခုနှစ်စင်ကြယ်လို သူရဲကောင်း ပုဂ္ဂိုလ်တွေ ဖြစ်နေမှာပါ။နာမည်ရှိတဲ့ အဲဒီလို ကြယ်တွေရှိ သလို နာမည် မသိပဲ ထွန်းတောက်နေတဲ့ ကြယ်တွေလည်း များစွာ ရှိပါတယ်။
အဲဒီလိုကြယ်တွေဟာ လူမသိ သူမသိပဲ အများအတွက် စွန့်လွတ် စွန့်စားသွားကြတဲ့ သူရဲကောင်းတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ကောင်းကင်က ကြယ်တွေကို မော့ကြည့်မိတိုင်း အများအတွက် ကိုယ်ကျိုးကိုစွန့် အသက်ကို စွန့်သွားကြတဲ့ သူရဲကောင်းများကို လေးစားရင်း ဂုဏ်ပြုရင်းနဲ့ ကိုယ်တိုင်က သူတစ်ပါအတွက် လမ်းပြကြယ် မဖြစ်ပေမဲ့ သူတို့ပေးတဲ့ အလင်းရောင် အောက်ကနေ မှန်ကန်တဲ့ လမ်ကို ရွေချယ်ပြီး မှန်မှန်ကန်ကန် လျှောက်လှမ်းကြ ပါစို့လား ခင်ဗျာ။။။။
အမှန်ကို အကြောက်တရားကင်းကင်းနဲ့ ရင်ဆိုင်ဖို့ သူရဲကောင်းတွေရဲ့ စိတ်ဓါတ်မျိုးကို မထားနိုင်သေး ပေမဲ့ ကျနော်ကတော့ အမှားဘက်လိုက်တဲ့ ဘက်တော်သား မဖြစ်အောင် ကြိုးစားရင်း အသက်ရှင်သွားနိုင်မယ် ထင်ပါရဲ့…….။။

အားလုံးကို လေးစားလျှက်
အင်းတော်ရှမ်း
[Reference: Myanmar Friends Day Website]

No comments:

Post a Comment