Monday, June 27, 2011

မေတ္တာလွှမ်းခြုံ အလုံးစုံအောင်မြင်

မြတ်စွာဘုရားသည် သာဝတ္ထိပြည်တွင် စံနေတော်မူစဉ် ငါးရာသောရဟန်းတို့သည် ဘုရားရှင်ထံ၌ ကမ္မဋ္ဌာန်းတရားများ သင်ယူ၍ မဟာဝါသရွာအနီး တောအုပ်သို့ သွားကြပြီး တရားအားထုတ်ကြကုန်၏။ တောစောင့်နတ်တို့သည် သီလရှိသော အရှင်ကောင်းများ ရောက်လာ၍ အနေကျဉ်းကျပ် မလွတ်လပ်ဖြစ်နေသည်။ ထို့ကြောင့် တောအုပ်က အမြန်ပြန်ကြွကြစေရန် အထူးထူးသော ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန်နှင့် အသံများ ပြုလုပ်၍ ချောက်လှန့်ကြကုန်၏။

ထိုအာရုံများကြောင့် စိတ်နှလုံးချောက်ချား၍ အဖျားအနာထူပြောပြီး တရားမရနိုင်ဖြစ်နေကြသည်။ ထိုအခါ ဘုရားရှင်ထံပြန်လာပြီး အကြောင်းစုံလျှောက်ထားကြသည်။ ဘုရားရှင်က-ရဟန်းတို့-သင်တို့အတွက် ထိုတောအုပ်သည် အသင့်တော်ဆုံးဖြစ်သည်။ သင်တို့အေးချမ်းစွာ တရားအားထုတ်နိုင်ရန် မေတ္တသုတ်-ဟူသော လက်နက်ကို သင်ပေးလိုက်မည်။ ထိုမေတ္တာသုတ်ကို ရွတ်ဖတ်ကျင့်ဆောင်ကြလေ-ဟု မိန့်တော်မူကာ ထိုတောအုပ်သို့ ပြန်ကြွစေလေသည်။

ရဟန်းတို့သည် ဘုရားရှင်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံးကြရာ တောစောင့်နတ်များသည် မေတ္တာသက်ဝင် ရိုသေကြပြီးလျှင် ကိစ္စအမျိုးမျိုး ဆောင်ရွက်ကူညီပေးကြ၏။ ရဟန်းတို့သည် စိတ်နှလုံးတည်ငြိမ်စွာ ၀ိပဿနာပွားကြကုန်လျက် ခန္ဓာကိုယ်၏ ပျက်စီးတတ်သောသဘောကို နှလုံးသွင်းနေကြသည်။ ဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို လွှတ်တော်မူပြီးလျှင် ကိုယ်တိုင်ကြွရောက်တော်မူသကဲ့သို့ ဖန်ဆင်းကာ အောက်ပါဒေသနာတော်ကို ဟောတော်မူရာ ရဟန်းငါးရာလုံး ရဟန္တာဖြစ်ကြလေကုန်၏။

( ပါဠိဂါထာ )
ကုမ္ဘူပမံ ကာယမိမံ ၀ိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

( မြန်မာပြန် )
ဤခန္ဓာကိုယ်ကို မြေအိုးသဖွယ် ပျက်စီးလွယ်၏-ဟုသိ၍ မိမိ၏ ၀ိပဿနာစိတ်ကို ရန်သူမ၀င်နိုင်သည့် မြို့ကြီးပမာ ထားပြီးလျှင် ၀ိပဿနာပညာ မဂ်ပညာတည်းဟူသော လက်နက်ဖြင့် ကိလေသာမာရ် ရန်သူကို တွန်းလှန်တိုက်ဖျက်ရမည်။
အောင်မြင်ပြီးနောက် ရရှိလာသည့် နုသေးသော ၀ိပဿနာဉာဏ်ကိုလည်း မပျက်ရအောင် စောင့်ရှောက်ရမည်။
သမာပတ်ချမ်းသာမှာ သာယာငြိကပ်၍ မနေသင့်။

( လင်္ကာ )
ဤခန္ဓာဆိုး၊ မြေအိုးသဖွယ်၊ ပျက်စီးလွယ်ဟု၊ ဉာဏ်ဝယ်ထင်မှတ်၊ ၀ိပဿနာ၊ စိတ်မှာခိုင်လုံ၊ မြို့ကြီးပုံသွင်၊ ထားပြီးလျှင်မှ၊ လန်းရွှင်ထက်မြက်၊ ဉာဏ်လက်နက်ဖြင့်၊ မာရ်ပျက်ကိလေ၊ စစ်ထိုးပေလော့။
အောင်လေနုပြန်၊ ၀ိပသ်ဉာဏ်ကို၊ မြဲမြံသတိ၊ စောင့်ရှောက်ဘိလော့၊ ရရှိချမ်းသာ၊ သာယာကင်းစေ၊ နေသင့်ပေ၏။

( ပဉ္စသတဘိက္ခုဝတ္ထု )

Posted by "Buddha In My Life"

No comments:

Post a Comment