အရှင်မဟာကဿပ မထေရ်သည် နိရောဓသမာပတ်မှ ထတော်မူ၍ ဆင်းရဲသူ-ဆင်းရဲသားတို့အား ချီးမြှောက်လိုသော ဆန္ဒရှိသည်။ ထိုဆန္ဒတော်ဖြင့် ဗာရာဏသီမြို့၏ ဆင်းရဲသားရပ်ကွက်သို့ ဆွမ်းခံရန် ကြွလာတော်မူသည်။ ထိုအခွင့်အရေးအထူးကို စောင့်မျှော်နေသော သိကြားမင်းနှင့် သုဇာတာတို့သည် အရှင်၏ လာရာလမ်းတွင် တဲငယ်တလုံး ဖန်ဆင်းလိုက်သည်။ ထို့နောက် ဆင်းရဲသော ရက်ကန်းသည်လင်မယား ပုံသဏ္ဍာန်ဖြင့် အရှင်မြတ်ကို ကြိုလင့်နေ၏။
မထေရ်သည် ဆင်းရဲသော အဘိုးအို အဘွားအို၏ တဲရှေ့တွင် ဆွမ်းရပ်တော်မူသည်။ အဘိုး အဘွား လင်မယားက ရိုသေစွာ ဆွမ်းလောင်းလှူ၏။ ထိုဆွမ်းနှင့် ဟင်းလျာများသည် ဗာရာဏသီတမြို့လုံး ပျံ့နှံ့ကြိုင်လှိုင်သွားသည်။ ထိုအခါ အရှင်မြတ်က အံ့အားသင့်ကာ ဆင်ခြင်၍ ကြည့်ရှုလတ်သော် သိကြားမင်းအဖြစ်ကို သိတော်မူ၍ အပြစ်တင်စကား ပြောကြားတော်မူသည်။
အသင် သိကြားမင်းသည် ဆင်းရဲသားအား ချီးမြှာက်မည့် ကောင်းကျိုးစည်းစိမ်ကို လုယူဘိ၏။
ထိုအခါ သိကြားမင်းက အရှင်ဘုရား တပည့်တော်သည်လည်း ဆင်းရဲလှပါ၏။ တပည့်တော်သည် ဘုရားမပွင့်မီ သာသနာပအခါက ပြုခဲ့သောကောင်းမှုကြောင့် သိကြားမင်း ဖြစ်လာခဲ့ပါ၏။ သို့ဖြစ်လင့်ကစား ယခု ဘုရားသာသနာတော်တွင်းမှာ ပြုခဲ့ကြသော ကောင်းမှုကြောင့် နတ်ဖြစ်လာသော နတ်များလောက် တန်ခိုးဣဒ္ဓိပါဒ် မရှိပါ။ ထိုနတ်များနှင့်ယှဉ်လျှင် တပည့်တော်၏ တန်ခိုးအရှိန်အရောင်သည် နိမ့်ကျပါသည် ဘုရား-ဟု လျှောက်ထားသည်။
ထိုအကြောင်းကို သံဃာများက ဘုရားရှင်အား-သိကြားမင်းသည် အရှင်မဟာကဿပ နိရောဓသမာပတ်မှ ထသည်ကို ဘယ်ပုံသိပါသနည်း-ဟု လျှောက်ထားကြရာ မြတ်ဗုဒ္ဓက- ငါ့ရှင်တို့ အရှင်မဟာကဿပ၏ ဖြူစင်သော အကျင့်သီလအနံ့သည် အထက်နတ်ဗြဟ္မာပြည်တိုင်အောင် ပျံ့နှံ့မွှေးကြိုင်သဖြင့် သိကြားမင်းကိုယ်တိုင် ဆွမ်းလောင်းလှူရသည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။
( ပါဠိဂါထာ )
အပ္ပမတ္တော အယံ ဂန္ဓော ၊ ယွာယံ တဂရစန္ဒနံ ။
ယော စ သီလ၀တံ ဂန္ဓော ၊ ၀ါတိ ဒေဝေသု ဥတ္တမော ။
( မြန်မာပြန် )
တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက်၊ အနည်းငယ်မျှသာ ဖြစ်၏။
သူတော်ကောင်းတို့၏ သီလအနံ့သည်ကား ထူးကဲလွန်မြတ်လှသည်ဖြစ်၍ အထက်နတ်ပြည်တိုင်အောင် ပျံ့နှံ့ကြိုင်လှိုင်၏။
( ဆောင်ပုဒ် )
တောင်ဇလပ် စန္ဒကူး၊ မွှေးပုံထူးလည်း၊ ချီးကျူးစရာ၊ နည်းငယ်သာတည်း။
ကောင်းစွာစောင့်ထ၊ သီလရှိသူ၊ ဂုဏ်နံ့မူကား၊ ကြီးထူလွန်မြတ်၊ နတ်ဗြဟ္မာတိုင်၊ ပျံ့ကြိုင်လှိုင်၏။
( ပုပ္ဖ၀ဂ်၊ မဟာကဿပတ္ထေရ၀တ္ထု )
Posted by "Buddha In My Life"
No comments:
Post a Comment