zatila2010 မှ August 26, 2012 12:48am တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
*****************************************
မငိုကြသူများ
ဘုရားရှင်ဟာ သားသေတဲ့ သူကြွယ်ရဲ့ အိမ်ကို ကြွပါတယ်။ ဘုရားရှင်ကို ရှိခိုးပြီး ထိုင်နေတဲ့ အဲဒီသူကြွယ်ကို ``အို သူကြွယ်၊ ဘာလို့ ၀မ်းနည်းနေသလဲ`` လို့ မေးပါတယ်။ `` မြတ်စွာဘုရား၊ တပည့်တော်သား သေတဲ့အချိန်ကစပြီး ၀မ်းနည်းနေပါတယ်``လို့ လျှောက်တော့ အို သူကြွယ်၊ ကွဲတတ်တဲ့သဘော ရှိတဲ့အရာဆိုတာ ကွဲတာပဲ။ ပျက်တတ်တဲ့ သဘောရှိတဲ့ အရာဆိုတာ ပျက်တာပဲ။ အဲဒီ ကွဲပျက်တာဟာလည်း တစ်အိမ်တည်းမှာသာ မဟုတ်၊ တစ်ရွာတည်းမှာသာ မဟုတ်၊ တကယ်တော့ အတိုင်းအတာ မရှိတဲ့ စကြ၀ဠာတွေမှာ ဘ၀သုံးပါးမှာ မသေသူ ဆိုတာ မရှိ၊ မပျက်ဘဲ မြဲတည်နိုင်တဲ့ သင်္ခါရတရား တစ်ခုလေးတောင် မရှိ၊ သတ္တ၀ါမှန်သမျှ သေကြရတယ်။ သင်္ခါရမှန်သမျှ ပျက်ကြရတယ်။ ရှေးပညာရှိတွေဟာလည်း သားသေတဲ့အခါ ``သေတတ်တာ သေတယ်၊ ပျက်တတ်တာ ပျက်တယ်``လို့ တွေးကာ ၀မ်းမနည်းခဲ့ကြဘူးလို့ မိန့်တော်မူပါတယ်။
ပြီးတော့ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူပါတယ်။
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုတဲ့အခါ ဘုရားလောင်းဟာ ဗာရာဏသီမြို့တံခါးအနီးရှိ ရွာလေးတစ်ရွာက ပုဏ္ဏားအိမ်မှာ ဖြစ်ကာ ဥစ္စာနှစ်ကို ဖြစ်စေပြီး လယ်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ပါတယ်။ သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ အရွယ်ရောက်လာတဲ့ သားကို အမျိုးတူထဲက ကလေးမတစ်ယောက်နဲ့ ပေးစားလိုက်ပါတယ်။ ဘုရားလောင်းရယ်၊ သူ့ဇနီးရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမရယ်၊ ကျွန်မရယ်လို့ (၆) ယောက်ဟာ ညီညီညွတ်ညွတ် ၀မ်းမြောက်ဝမ်းသာ ချစ်ချစ်ခင်ခင်နဲ့ နေကြပါတယ်။
ဘုရားလောင်းဟာ ကျန်တဲ့လူ (၅)ယောက်ကို ဒီလို သြ၀ါဒ ပေးပါတယ်။
``သင်တို့ဟာ သင်တို့ ရရှိတဲ့ ပစ္စည်းအခြေအနေနဲ့ပဲ ဒါနပြုကြပါ။ သီလစောင့်ကြပါ။ ဥပုသ်ဆောက်တည်ကြပါ၊ မရဏဿတိ(သေခြင်းအေက်မေ့မှု)ကို ပွားများကြပါ။ သင်တို့ သေရမှာကို အမှတ်ရကြပါ။ ဟုတ်တယ်။ ဒီသတ္တ၀ါတွေရဲ့ သေရတာဟာ မြဲတယ်၊ အသက်ရှင်ရတာဟာ မမြဲဘူး။ သင်္ခါရအားလုံးဟာ မမြဲဘူး။ ကုန်တတ် ပျက်တတ်ကြတယ်။ နေ့မှာရော ညမှာပါ မမေ့မလျော့ နေကြပါ``
ကျန်တဲ့လူ(၅)ယောက်က `` ကောင်းပါတယ်``လို့ သြ၀ါဒကို ခံယူကာ မမေ့မလျော့ မရဏဿတိကို ပွားများကြပါတယ်။
တစ်နေ့မှာ ဘုရားလောင်းဟာ သားနဲ့အတူ လယ်ကို သွားကာ ထွန်ပါတယ်။ သားက အမှိုက်ကို စုပုံပြီး မီးရှိုးပါတယ်။ အဲဒီရဲ့ အနီးအနားက တောင်ပို့တစ်ခုထဲမှာ အဆိပ်ပြင်းတဲ့မြွေ ရှိပါတယ်။ မီးခိုးက အဲဒီမြွေရဲ့ မျက်စိတွေကို ထိခိုက်ပါတယ်။ အဲဒီမြွေက စိတ်ဆိုးပြီး ထွက်ကာ `` သူ့ကို မှီပြီး ငါ့မှာ ဘေးဖြစ်ရတယ်``လို့ တွေးပြီး အစွယ်(၄)ချောင်း နစ်မြှုပ်ကာ သူ့ကို ကိုက်လိုက်ပါတယ်။ သားဟာ လဲပြီး ကျသွားပါတယ်။ ဘုရားလောင်းက သူ့သား လဲကျသွားတာကို မြင်လို့ နွားတွေကို ထားခဲ့ကာ သွားပြီး သူ့သား သေသွားတာကို သိတဲ့အတွက် သူ့သားအလောင်းကို မြှောက်ချီကာ သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းထားပါတယ်။ အ၀တ်ခြုံပေးထားပါတယ်။ မငိုပါဘူး။ ``ကွဲပျက်တတ်တာ ကွဲပျက်တယ်၊ သေတတ်တာ သေတယ်။ သင်္ခါရအားလုံး အမြဲမရှိ၊ သေခြင်းအဆုံးရှိပါတယ်``လို့ မမြဲတဲ့ အဖြစ်ကိုသာ ရှုမှတ်ကာ လယ်ထွန်နေပါတယ်။
ဘုရားလောင်းဟာ လယ်အနီးက ဖြတ်သွားတဲ့ အိမ်နီးနားချင်းယောက်ျားတစ် ယောက်ကို မြင်လို့ ``မိတ်ဆွေ အိမ်ကို သွားမလို့လား`` လို့ မေးတဲ့အခါ `` သွားပါမယ်``လို့ ပြောလို့ ဒီလိုဆိုရင် ကျွန်တော်တို့အိမ်ကို သွားပြီး ပုဏ္ဏေးမကို ပြောပေးစမ်းပါ။
ဒီနေ့အရင်နေ့တွေကလို ထမင်းကို နှစ်ယောက်စာ မယူခဲ့ဘဲ တစ်ယောက်စာအတွက်ပဲ ယူခဲ့ကြပါ။ အရင်နေ့တွေက ကျွန်မ တစ်ယောက်တည်းပဲ ထမင်းကို ယူခဲ့ပါတယ်။ ဒီနေ့တော့ အခြား(၄)ယောက်ပါ ဖြူစင်တဲ့အ၀တ်ကို ၀တ်ပြီး ပန်းနံ့သာတွေကို ယူကာ လာခဲ့ကြပါ လို့။
အဲဒီလူက ကောင်းပါပြီ လို့ ပြောပြီး သွားကာ ပုဏ္ဏေးမအား မှာတဲ့အတိုင်းပဲ ပြောပါတယ်။ ပုဏ္ဏေးမက ``ဒီသတင်းစကားကို သင့်အား ဘယ်သူက ပေးလိုက်တာလဲ လို့ မေးလို့ အဲဒီလူက ပုဏ္ဏားက ပေးလိုက်ပါတယ် လို့ ပြောပါတယ်။ ပုဏ္ဏေးမက ငါ့သား သေပြီ လို့ သိပါတယ်။ နည်းနည်းလေးမှ စိတ်မတုန်လှုပ်ပါ။ မရဏဿတိ ပွားထားတဲ့ ပုဏ္ဏေးမဟာ ဖြူစင်တဲ့ အ၀တ်ကို ၀တ်ပြီး ပန်း နံ့သာတွေကို ယူကာ ကျွန်မကို အာဟာရကို ဆောင်ယူစေပြီး အခြားသူတွေနဲ့အတူ လယ်ကို သွားပါတယ်။ တစ်ယောက်မှာမျှ ငိုကြွေး မြည်တမ်းတာ မရှိပါ။
ဘုရားလောင်းက သားအလောင်း လဲလျောင်းနေတဲ့ သစ်ပင်အရိပ်မှာပဲ ထိုင်ကာ ထမင်းစားပါတယ်။ စားပြီးတဲ့အခါ အိမ်သား အားလုံး ထင်းတွေကို စုကာ ထင်ပုံပေါ်မှာ အလောင်းကို တင်ပြီး ပန်း နံ့သာတွေနဲ့ ပူဇော်ကာ မီးရှိုးကြပါတယ်။ ဘယ်သူမှာမျှ မျက်ရည်တစ်စက်လေးတောင် မကျပါ။ သူတို့အားလုံးဟာ မရဏဿတိကို ကောင်းကောင်း ပွားများထားကြပါတယ်။
သူတို့ရဲ့ သီလတန်ခိုးကြောင့် သိကြားမင်းရဲ့ နေရာဟာ ပူတဲ့အခြင်းအရာကို ပြလာပါတယ်။ သိကြားမင်းက ဘယ်သူက ငါ့ကို ရာထူးက ရွေ့လျောစေလိုသလဲ လို့ စူးစမ်းတဲ့အခါ သူတို့ရဲ့ ဂုဏ်တန်ခိုးကြောင့် ပူတာကို သိရလို့ ကြည်လင်ရွှင်ပြကာ ငါဟာ သူတို့ထံ သွားပြီး ရဲရဲတောက်စကားကို ပြောကြားစေကာ ရဲရဲတောက်စကားရဲ့ အဆုံးမှာ သူတို့ရဲ့အိမ်ကို ရတနာ(၇) ပါးနဲ့ ပြည့်အောင် လုပ်ပေးပြီးမှ ပြန်လာသင့်တယ် လို့ တွေးပြီး မြန်မြန် အဲဒီနေရာကို သွားကာ သုသာန်နံဘေးမှာ ရပ်တည်လျက် `` ဖခင် ဘာ လုပ်နေပါသလဲ`` လို့ မေးပါတယ်။
လူတစ်ယောက်ကို မီးရှိုးနေပါတယ်။
လူတစ်ယောက်ကို မီးရှိုးနေတာ ဟုတ်ပုံမရပါ။ သားကောင်
တစ်ကောင်ကို သတ်ပြီး ဖုတ်ကင်နေကြတယ် ထင်ပါတယ်။
သားကောင် မရှိပါ။ လူကိုပဲ မီးရှိုးနေကြပါတယ်။
ဒီလိုဆိုရင် ဒီလူဟာ သင်တို့ရဲ့ ရန်သူ ဖြစ်ပါလိမ့်မယ်။
အဲဒီအခါ ဘုရားလောင်းက သူကို ဒီလို ပြောပါတယ်။
ဒါဟာ ကျွန်တော်ရဲ့ သားပါ၊ ရန်သူ မဟုတ်ပါဘူး။
ဒီလိုဆိုရင် ဒီသားဟာ သင်တို့ မချစ်တဲ့သားလား။
အလွန်ချစ်ရတဲ့သား ဖြစ်ပါတယ်။
ဒီလိုဆိုရင် ဘာကြောင့် မငိုသလဲ။
``မြွေဟာ အရေဟောင်းကို စွန့်ပြီး သွားသလို သားဟာလည်း ဘ၀ဟောင်းကို စွန့်ပြီး သွားပါပြီ။ မီးရှိုးခံနေရတဲ့ သားအလောင်းကောင်ဟာ သူ့ရဲ့ ချမ်းသာဆင်းရဲကို မသိသလို ဆွေမျိုးတွေ ငိုကြွေးတာကိုလည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်းပါ။ သားက သူ့ကံအတိုင်း သွားပါပြီ``။
သိကြားမင်းက ဘုရားလောင်းရဲ့ စကားကို နားထောင်ပြီး ပုဏ္ဏေးမကို မေးပါတယ်။
မိခင်၊ သေသွားသူဟာ သင်နဲ့ ဘာတော်ပါသလဲ။
ဆယ်လလုံးလုံး ၀မ်းနဲ့ လွယ်ပြီး နို့ချိုတိုက်ကျွေးကာ လက်ခြေတွေကို ကောင်းကောင်း တည်စေပြီး ကြီးပွားအောင် လုပ်ပေးခဲ့ရတဲ့ သားပါ။
မိခင်၊ ဖခင်ကယောက်ျားသားမို့ မငိုတာ ထားပါတော့။ မိခင်ရဲ့ နှလုံးသားကတော့ နူညံပါတယ်။ မိခင်က ဘာကြောင့် မငိုပါသလဲ။
``သားက မခေါ်ဘဲနဲ့ လာတယ်။ မနှင်ဘဲနဲ့ ပြန်သွားပါတယ်။ သူ့သဘောနဲ့ လာပြီး သူ့သဘောနဲ့ ပြန်သွားတဲ့ကိစ္စမှာ ဘာဝမ်းနည်းငိုကြွေးစရာ ရှိမှာလဲ``။ သိကြားမင်းက ပုဏ္ဏေးမရဲ့ စကားကို နားထောင်ပြီး သေသွားသူရဲ့ နှမကို မေးပါတယ်။
သေသွားသူက ညီမလေးနဲ့ ဘာတော်သလဲ။
ကျွန်မရဲ့ အစ်ကိုပါ။
နှမတွေဆိုတာ အစ်ကိုတွေအပေါ်မှာ ချစ်ကြတာပဲ။ သင်က ဘာကြောင့် မငိုပါသလဲ။ ကျွန်မ ငိုရင် ကျွန်မ ပိန်သွားမယ်။ အစ်ကိုမှာရော ကျွန်မမှာပါ အကျိုးမရှိပါ။ ဆွေမျိုး မိတ်ဆွေတွေမှာ စိတ်မကောင်းစရာ ဖြစ်ပါလိမ့်မယ်။
သိကြားမင်းက နှမရဲ့ စကားကို နားထောင်ပြီး သေသွားသူရဲ့ ဇနီးကို မေးပါတယ်။
ခင်များနဲ့ကော သေသွားသူက ဘာတော်ပါသလဲ။
ကျွန်မရဲ့ ခင်ပွန်းပါ။
ဇနီးတွေဆိုတာ လင် သေသွားရင် မုဆိုးမ ဖြစ်ကာ ခိုကိုးရာမဲ့ ဖြစ်ကြပါတယ်။ ခင်များက ဘာကြောင့် မငိုပါသလဲ။
သင့် မသင့်၊ ရနိုင် မရနိုင်ကို မသိတဲ့ ကလေးမိုက်ဟာ အမိရင်ခွင်မှာ ထိုင်နေရင်း လပြည့်အခါ ကောင်းကင်မှာ သာနေတဲ့ လပြည့်ဝန်းကို မြင်လို့ `` အမေ ဖိုးရွှေလမင်းကို ကျွန်တော်အား ပေးပါ၊ ဖိုးရွှေလမင်းကို ကျွန်တော်အား ပေးပါ၊ လို့ ပြောကာ အခါခါ ငိုကြွေးသလို သေသွားသူကို တမ်းတပြီး ငိုကြွေးနေရင် ကျွန်မဟာ အဲဒီကလေးထက် ပိုပြီး မိုက်ရာကျပါလိမ့်မယ်။
သိကြားမင်းက ဇနီးသည်ရဲ့စကားကို နားထောင်ပြီး ကျွန်မကို မေးပါတယ်။
ကလေးမ၊ သင်ကကော သေသွားသူနဲ့ ဘာတော်ပါသလဲ။
ကျွန်မရဲ့ အရှင်သခင်ပါ။
သင့်ကို သူက နှိပ်စက် ရိုက်ပုတ်လို့ အဲဒီဝဋ်က လွတ်ပြီဆိုပြီး ၀မ်းသာလို့ မငိုတာလား။
အို ဒီလို မပြောပါနဲ့၊ အဲဒီလို အပြုအမူတွေဟာ ကျွန်မရဲ့ အရှင်နဲ့ မသင့်လျော်ပါဘူး။ ခန္တီ၊ မေတ္တာ၊ ကရုဏာနဲ့ ပြည့်စုံတဲ့ အရှင် ဖြစ်ပါတယ်။ ရင်ဝယ်သားပမာ သနားကြင်နာပါတယ်။
ဒီလိုဆိုရင် ဘာကြောင့် မငိုပါသလဲ။
ကွဲသွားတဲ့ အိုးကို တစ်ဖန်ဆက်စပ်လို့ မရနိုင်ပါ။ အဲဒီလိုပါပဲ သေသွားတဲ့ သူကို တမ်းတပြီး ငိုနေလို့ သေသွားသူက ပြန်ရှင်လာမှာမှ မဟုတ်တာ။
အောက်ပါစကားကို ဖခင်ကြီး ပြောသလို အခြားသူ (၄)ယောက်လည်း ပြောပါတယ်။
မီးရှိုးခံနေရတဲ့ သားအလောင်းဟာ သူ့ရဲ့ ချမ်းသာဆင်းရဲကို မသိသလို ဆွေမျိုးတွေ ငိုကြွေးတာကိုလည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်း၊ မငိုကြွေးပါ၊ သေသွားသူက သူ့ကံအတိုင်း သွားပါပြီ။
သိကြားမင်းက သူတို့အားလုံးရဲ့ စကားကို ကြားရတော့ ကြည်ညိုပြီး ``သင်တို့ဟာ မမေ့မလျော့ မရဏဿတိကို ပွားများကြပါ။ ဒီနေ့ကစပြီး လက်နဲ့ အလုပ် မလုပ်ကြပါနဲ့တော့ ။ ကျွန်တော်ဟာ သိကြားမင်းပါ။ သင်တို့ရဲ့ အိမ်မှာ ရတနာ (၇) ပါးတွေနဲ့ ပြည့်အောင် လုပ်ကာ နတ်ပြည် ပြန်သွားပါတော့တယ်။
သစ္စာလေးပါးကို ဘုရားရှင် ဟောကြားပြီး ဇာတ်ပေါင်းပါတယ်။ သားသောကရောက်တဲ့ သူကြွယ်ဟာ သောတာပန် ဖြစ်သွားပါတယ်။
ကျွန်မက ခုဇ္ဇုတ္တရာ၊ သမီးက ဥပ္ပလ၀ဏ်၊ သားက ရာဟုလာ၊ အမေက ခေမာ၊ ဖခင်ပုဏ္ဏားက ငါဘုရား ဖြစ်ခဲ့တယ်။ (ဇာတက၊ ဋ္ဌ၊ ပဉ္စက၊ ဥရဂဇာတက၊၁၅၀။)
``အို၊ နာ၊ သေ၊ ကွဲ, ကံနှင့်တွဲ, အမြဲ ဆင်ခြင်လေ``တဲ့။
အမျိုးသား၊ အမျိုးသမီး၊ ရဟန်း၊ ရှင်၊ လူ မည်သူမဆို မပြတ်မပြတ် ဆင်ခြင်ရမယ့် တရား(၅) ပါးကို ဘုရားရှင် ဟောတော်မူပါတယ်။ မရဏဿတိဆိုတာ သေရမှာကို ဆင်ခြင် အမှတ်ရနေမှုပါပဲ။ အစမ်းသေ သေကြည့်နေမှုလို့ ဆိုရမှာပါပဲ။ ဘုရားလောင်း ပုဏ္ဏားမိသားစုဝင်တွေဟာ မသေခင်ကဘဲ အစမ်းသေ သေကြည့်နေပါတယ်။ တစ်ဦးနဲ့ တစ်ဦး မခွဲမခွာဘဲ နေကြစဉ်ကပဲ ခွဲခွာခွဲခွာ ကြည့်နေပါတယ်။ အစမ်းသေ သေမကြည့် ထားသူတွေမှာ သေခြင်းတရားဟာ အဆန်းပမာ ဖြစ်နေပါတယ်။ စိမ်းသလိုလဲ ဖြစ်နေပါတယ်။ အစမ်းသေ သေကြည့်ထားကြသူ (သေရမှာကို ကြိုတင်တွေးထားသူ) တွေမှာတော့ သေတာဟာ အထူးအဆန်း ဖြစ်မနေတော့ပါ။ အမြဲတွေးနေတော့ ရင်းနှီးနေပါတော့တယ်။ ကြောက်စရာ၊ လန့်စရာ အနေနဲ့ မမြင်တော့ပါ။ သေရမှာကို လေးလေးနက်နက် သိထားတော့ မသေခင် ကုသိုလ်ကောင်းမှုတွေကို စုဆောင်းကြရမယ် လို့ သတိပြုမိကာ ကြိုးစားပြီး စုဆောင်းကြပါတော့တယ်။ ဒါကြောင့်ပဲ ဘုရားလောင်း ပုဏ္ဏားဟာ ကျန်တဲ့ မိသားစုဝင်တွေကို ဒါနပြုဖို့၊ သီလစောင့်ဖို့၊ ဥပုသ်ဆောက်တည်ဖို့ ဆုံးမသြ၀ါဒပေးတာ ဖြစ်ပါတယ်။
အသက်ကြီးမှ သေရမယ်လို့ ထင်ရပေမယ့် အဲဒီ အထင်ဟာ မမှန်ပါ။ ငယ်ရွယ်စဉ်မှာလည်း များစွာပဲ သေနေကြပါတယ်။ အရွယ်မရွေး သေနေကြပါတယ်။ ငယ်ရွယ်သူတွေဟာလည်း အချိန်မရွေး သေသွား နိုင်တယ်လို့ သဘောပေါက်ကာ သေခြင်းတရားကို မဆင်ခြင်ချင်ရင်လည်း ဆင်ခြင်ကြရပါမယ်။ ဆင်ခြင်ချင်ရင်လည်း ဆင်ခြင်ကြရပါမယ်။ မဆင်ခြင်လည်း သေနိုင်တာပါပဲ။ ဆင်ခြင်လည်း သေနိုင်တာပါပဲ။ ငယ်ရွယ်စဉ်က ဆင်ခြင်မိတော့ ငယ်ရွယ်စဉ်ကပင် ကုသိုလ်တွေကို စုဆောင်းမိပါမယ်။ ကုသိုလ်စုဆောင်းချိန် ပိုရတော့ ကုသိုလ်ပို စုဆောင်းသွားမိပါမယ်။ သံသရာခရီးမှာ
ကုသိုလ်ရိက္ခာထုပ်ကြီးကြီးကို ထုပ်သွားနိုင်ပါမယ်။ ဘ၀သံသရာခရီးမှာ ကုသိုလ်ရိက္ခာ များလေ ချမ်းသာရလေပါပဲ။ စာရှုသူရဲ့ မိသားစုဟာ ဘုရားလောင်းပုဏ္ဏား မိသားစုလို မရဏဿတိ ပွားများနိုင်ရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။
လင်္ကာ
၁။ သေရမယ့်အရေး, ကြိုတင်တွေး, သေရေး မဆန်းပါ။
၂။ သေရမယ့်အရေး, ကြိုမတွေး သေရေး ဆန်းနေမှာ။
၃။ ကြိုမတွေးရင်, သေခါတွင်, အသင် ကြောက်နေမှာ။
၎။ ကြိုတွေးထားက, သေကာလ, သင်က မကြောက်ပါ။
၅။ မသေခင်မှာ, အခါခါ, သေရွာ သွားကြည့်ရာ။
၆။ သေရွာခရီးသွား, သင်လူသား, သွားသွားကြည့်ရမှာ။
၇။ သေရမယ့်အရေး, နေ့တိုင်း တွေး, ငိုကြွေး ကင်းရပါ။
၈။ ရှင်တာ မမြဲ, သေတာ မြဲ, အမြဲ ရှုရမှာ။
၉။ ဒီမိသားစု, သေမည်ဟု, အရှုမြဲကြပါ။
၁၀။ ထိုကြောင့် ထိုခါ, သူတို့မှာ, သောကာ ကင်းဝေးပါ။
၁၁။ သောက ကင်းလို, သေခြင်းကို, တင်ကြို တွေးကြရာ။
***တရားအသိဉာဏ်များတိုးပွါးနိုင်ကြပါစေ***
Shared from Ma Aye Aye Cho (FB)
No comments:
Post a Comment