ဒီလိုမျိုး နောက်ဘုရားသာသနာကို မျှော်ပြီး ဆု မ တောင်းဖို့ကို မိုးကုတ်ဆရာတော်ဘုရားတို့လို ဆရာတော်ကြီးတွေက ဆုံးမသတိပေးထားတာပါ။ (ခိုင့်အတွေးအခေါ် မဟုတ်ပါ။) ဆုတောင်းတိုင်းလည်း ပြည့်ချင်မှ ပြည့်တာပါ။ အကယ်၍ နောက်ဘုရားကို ဖူးရဖို့ ဆုတောင်းတာ ပြည့်ခဲ့မယ်ဆိုရင် ကြားထဲမှာ အကြာကြီး စောင့်ရဦးမှာပါ။ အို၊ နာ၊ သေ ဒုက္ခဆိုးကြီးတွေကို ခံစားရဦးမှာပဲ။ အဲဒီတော့ ဒီဘုရားသာသနာမှာ... အခုဘ၀တင်ကို ဒီ အို၊ နာ၊ သေ ဒုက္ခက လွတ်နိုင်ရဲ့သားနဲ့ အချိန်တွေ နောက်ပြန်ဆွဲပြီး ဒုက္ခတွေ ခံစားနေရဦးမှာကို ဆရာတော်ကြီးတွေက စိုးရိမ်ပုံရပါတယ်။
ဗောဓိဆု (ဆုပန်ခြင်း) ငါးမျိုးကတော့...
၁) သမ္မာသမ္ဗုဒ္ဓ ဘုရားဆု (၄ သို့ ၈ သို့ ၁၆ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း)
၂) ပစ္စေကဗုဒ္ဓဆု (၂ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း)
၃) အဂ္ဂသာဝကဆု (၁ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း)
၎) မဟာသာဝကဆု (ကမ္ဘာတစ်သိန်း)
၅) ပကတိသာဝကဆု (အကန့်အသတ်မရှိ၊ ပါရမီပြည့်တဲ့ပေါ်မူတည်၊ ကမ္ဘာပေါင်း ရာနဲ့၊ ထောင်နဲ့တော့ ချီကြတယ်လို့ မှတ်သားဖူး) တို့ပါပဲ။
ဆုအသီးသီးကို ပန်ကြတဲ့သူတွေလည်း အများအပြား ရှိမှာပါပဲ။ ဒါပေမယ့် တကယ့်ကို အမှန်အစစ် ဆုပန်ပြီးတော့ တကယ့်ကို ဆုပန်တဲ့အတိုင်း ကျင့်ကြံပြီး ပါရမီဖြည့်နေတဲ့သူကတော့ အတော်လေး ရှားမှာပါ။ ဒီဘုရားသာသနာကြီး ထိန်လင်းနေပါလျက် လျော့လျော့ရဲရဲနဲ့ ဆုပန်ပြီး အပ္ပါယ်မပိတ်နိုင်ကြသေးတဲ့အခါ ဆုပန်တာကသက်သက်၊ အပ္ပါယ်လားရတာက သက်သက် ဖြစ်ပြီးတော့ နောက်ဘုရားမှီဖို့နေနေသာသာ ဒုက္ခတွေ အကြီးအကျယ်ရောက်ကြရမှာကို မြင်ယောင်နေလို့ ဟောကြားခဲ့ကြတယ်နဲ့တူပါတယ်။
အပေါ်က ပါရမီ ဖြည့်ရမယ့် သက်တမ်းတွေကို ကြည့်မယ်ဆိုရင်... ဘုရားဆုပန်တာကတော့ နောက်ဘုရားမျှော်တာနဲ့ မဆိုင်တော့ဘူးထင်တယ်။ ပစ္စေကဗုဒ္ဓကလည်း သာသနာပမှာ ပွင့်လေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် နောက်ဘုရားမျှော်တာနဲ့ မဆိုင်ဘူးလို့ထင်တယ်။ အဂ္ဂသာဝကဆုကလည်း ၁ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် ကျင့်ကြံရ၊ ပါရမီတွေ ဖြည့်ရမှာ။ အခုဘ၀မှစပြီး ဒီဆုတောင်းမယ်ဆိုရင်တော့ ဒီကမ္ဘာမှာတင်ကိုပဲ ပွင့်တော့မယ့် အရိမေတ္တယျဘုရားနဲ့တော့ မှီတော့မယ် မထင်ဘူး။ မဟာသာဝကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကမ္ဘတစ်သိန်းတောင် ပါရမီဖြည့်ရမှာလေ။ ပကတိသာဝက ကတော့ ဖြစ်နိုင်ချေရှိသေးမလားပဲ။ ဒါကလည်း ဟိုးအရင်ကတည်းက ပါရမီဖြည့်ကျင့်လာမှ ဖြစ်နိုင်တာမျိုး။ အကန့်အသတ်သေချာမရှိပေမယ့် သေချာတာကတော့ ဘ၀ပေါင်း ကမ္ဘာတွေ ရာနဲ့ ထောင်နဲ့ချီပြီး ဖြည့်ကျင့်ရတယ်လို့တော့ မှတ်သားဖူးပါတယ်။ ဒါကို အခုမှ ကကြီးရေက.. ကနေပြီးတော့ စပြီးဆုတောင်းမယ်ဆိုရင်တော့ မှီမမှီ မပြောတတ်တော့ဘူး။
မဟာယာန ဗုဒ္ဓဘာသာမှာတော့ ဆုကြီးတွေ၊ ဘုရားဆုတွေ ပန်ကြပါတယ်။ ထေရ၀ါဒမှာတော့ ကိုယ်နဲ့ တန်ရာတန်ရာ ဆုတွေပဲ ပန်ကြတယ်။ ရဟန္တာဖြစ်သွားကြတဲ့ ဆရာတော်ကြီးတွေတောင် နောက်ဘ၀တွေ ပြန်ဆင်ခြင်ကြည့်တဲ့အခါ ဘ၀ပေါင်း ငါးရာမှာ နှစ်ဘ၀လောက်ပဲ လူ့ဘ၀ကို ရခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒီလို ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ သာသနာနဲ့လည်း ကြုံနေပြီ။ ဗုဒ္ဓအယူဝါဒကိုလည်း ခံယူထားပြီ။ သစ္စာဟောပေးမယ့် ဆရာသမားတွေနဲ့လည်း တွေ့နေပြီ။ ဒီလို အဘက်ဘက်က ပြည့်စုံနေတဲ့ ရခဲလှတဲ့ ဘ၀အခြေအနေမျိုးမှာမှ သံသရာလွတ်ကြောင်းတရားတွေကို ခဏဘေးဖယ်ထားပြီး နောက်ဘုရားသာသနာကို သွားမျှော်ကိုးနေမယ်ဆိုရင်... လောလောဆယ်ရထားတဲ့ ကိုယ့်လက်ထဲက အဖိုးအထိုက်တန်ဆုံးဆိုတဲ့ စိန်တုံးကြီးကို လွှင့်ပစ်ပြီး နောက်ဘ၀ပေါင်းများစွာ စောင့်စားရဦးမယ့် သေလည်းမသေချာတော့တဲ့ ဘ၀တစ်ခုမှာ ရမလားဆိုတာလဲ မသိနိုင်တဲ့ စိန်တုံးကို ရရပါလို၏ဆိုပြီး ဆုတောင်းသလို အဖြစ်မျိုးနဲ့ တူနေတယ်လို့ ထင်မိပါတယ်...
အခုပွင့်နေတဲ့ ဂေါတမ မြတ်စွာဘုရားကလည်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတာပါ။ ဘ၀ပေါင်း အသင်္ချေ၊ အသက်တွေ၊ ခန္ဓာတွေ၊ ကိုယ်လက်အင်္ဂါတွေ အားလုံးကို စွန့်လွှတ်ပြီး သမုဒ္ဒရာလေးစင်းမက များပြားလှတဲ့ သွေးတွေနဲ့ ရေးထားပေးခဲ့တဲ့ သာသနာတော်ကြီးပါ။ သက်တမ်းတိုတဲ့ ကာလမှာ ဘုရားပွင့်ရတဲ့အတွက် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာ ကျွတ်သင့်တဲ့ သတ္တ၀ါတွေကို နေ့ညမနား ချွတ်ပေးခဲ့ပေမယ့် သံသရာက ကျွတ်လွတ်ဖို့ ကျန်ရှိနေသေးတဲ့ သတ္တ၀ါတွေအတွက် မေတ္တာ၊ ကရုဏာ ကြီးမားလွန်းလို့ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တာတောင် သံသရာက လွတ်ြေ်မာက်ကြောင်းဖြစ်တဲ့ သစ္စာတရားတွေကို အဆင့်ဆင့် လက်ဆင့်ကမ်း ဟောကြားနာယူနိုင်အောင် သွေးနဲ့ရေးခဲ့ရတဲ့ သာသနာတော်မြတ်ကြီးကို ထားခဲ့ပေးတာပါ။ အဲဒီလောက် ကရုဏာကြီးတဲ့ မြတ်စွာဘုရားရဲ့ သာသနာတော်ကြီး ထိန်ထိန်လင်းလင်း ရှိနေပါလျက်သားနဲ့ နောက်ဘုရားနဲ့မှ ကျွတ်တမ်းဝင်ချင်လှပါချည်ရဲ့လို့ တောင့်တနေတာဟာ အခုပွင့်နေတဲ့ မြတ်စွာဘုရားရဲ့ မေတ္တာ၊ ကရုဏာတော်ကို စော်ကားရာလည်း ရောက်တယ်လို့ မြင်မိပါတယ်။
သံသရာက လွတ်မြောက်ကြောင်းဖြစ်တဲ့ သစ္စာတရားတွေဆိုတာ ဘယ်ဘုရားပဲပွင့်ပွင့်၊ ဘုရားတိုင်း ဒီတရားကိုပဲ ဟောတော်မူခဲ့တာပါ။ နောက်ပွင့်မယ့် ဘုရားပေါင်းများစွာဟာလည်း ဒီတရားကိုပဲ ဟောပြောကြဦးမှာပါပဲ။ မြတ်စွာဘုရားကို မျက်မြင်ဖူးတွေ့ချင်သေးတယ် ဆိုပြန်တော့လည်း ဘုရားနောက်က တကောက်ကောက်လိုက်ပြီး ဘုရားမျက်နှာတော်ကို ပီတိဖြစ်ကြည်ညိုနေတဲ့ ရဟန်းကို မြတ်စွာဘုရား ဟောတော်မူတာလေးကို သတိရမိတယ်။ ငါ့ဘုရားရဲ့ နောက်ကနေ သင်္ကန်းစကိုဆွဲပြီး တကောက်ကောက်လိုက်နေသော်လည်းပဲ ငါဘုရားရဲ့ အဆုံးအမကို လိုက်နာကျင့်သုံးမှုမရှိရင် ငါဘုရားရဲ့ အဝေးဆုံးမှာနေနေသလိုပါပဲ။ ငါဘုရားရဲ့ အဝေးမှာနေပြီး ငါဘုရားဟောကြားတဲ့ တရားတွေကို ကျင့်ကြံပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်သာလျှင် ငါဘုရားနဲ့ အနီးဆုံးမှာ ရှိနေသလိုပါပဲ လို့ ဟောတော်မူတာပါ။ ဂေါတမ မြတ်စွာဘုရားနဲ့ မဖူးတွေ့လိုက်ရပေမယ့် မြတ်စွာဘုရား ချန်ထားပေးခဲ့တဲ့ တရားတွေကို အနည်းဆုံး အပ္ပါယ်တံခါး ပိတ်တဲ့အထိ ကျင့်ကြံပွားများ အားထုတ်နိုင်မယ်ဆိုရင် မြတ်စွာဘုရားနဲ့ အနီးဆုံး ဖူးတွေ့နေရသလို ဖြစ်နေမှာပဲလို့ ထင်မြင်မိပါတယ်။
မေတ္တာဖြင့်
ခိုင်ခိုင်
(June 6, 2014)
*** *** *** *** *** *** ***
မြစိမ်းတောင်ဆရာတော် ဟောသလို... ကိုယ်တွေရဲ့ဘ၀က မြစ်ပြင်ကျယ်ထဲမှာ ယိုင်နဲ့နဲ့ ဖောင်ကလေးနဲ့ မျောနေတဲ့သူလိုပါပဲ။ ညကြီးကလည်း မှောင်မိုက်နေလို့ ဘာဆိုဘာမှကို မမြင်ရဘူး။ မြစ်ပြင်ကြီးကလည်း ကျယ်ပြောတယ်။ မိုးတွေ၊ လေတွေကလည်း သည်းထန်နေတယ်။ မြစ်ရဲ့ ရေစီးကလည်း လျင်မြန်ပြီး ကြမ်းတမ်းတယ်။ ဒီအတိုင်းသာ ဖောင်လေးနဲ့ မျောနေရင် မကြာခင်မှာပဲ ပင်လယ်ပြင်ကြီးထဲကို လိုက်ပါစီးဆင်းသွားရလိမ့်မယ်။ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ကြီးထဲကို ရောက်သွားတဲ့အခါ အသက်ရှင်ဖို့လမ်း မရှိတော့ပေ။ ဒါကြောင့် အရေးကြီးဆုံးက မြစ်ရဲ့တစ်ဖက်ကမ်းပေါ်ကို အမြန်ဆုံး တက်နိုင်ဖို့ပဲ။ ဒါပေမယ့်လည်း ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ ညနက်ကြီးမှာ ရေစီးသန်တဲ့ မြစ်ရေတွေကြားထဲ၊ မိုးတွေလေတွေကလည်း ထန်လို့...
အဲဒီလို အခြေအနေမျိုးကြီးမှာဆိုရင် အသက်ရှင်သန်ဖို့အတွက် ဘယ်လိုလုပ်ကြရပါ့မလဲ? အသိဥာဏ်ရှိတဲ့သူကတော့ မကြာခင်မှာ ပင်လယ်ထဲ မျောပါပြီး သေဆုံးရတော့မှာကို ကြိုမြင်လေတယ်။ ဒါကြောင့် အေးအေးလူလူ မနေအားဘူး။ ကံကောင်းချင်တော့ လျှပ်စီးက တစ်ချက်တစ်ချက် လက်လက်သွားတယ်။ အဲဒီအခါမှာ အသိဥာဏ်ရှိတဲ့သူက လျှပ်စီးလေး တစ်စက္ကန့်လောက်ကလေး လက်သွားတဲ့အတွက် ရရှိလာတဲ့ စက္ကန့်မျှသာကြာတဲ့ အလင်းရောင်လေးကို အားပြုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို အမြန်ဆုံးရောက်အောင် ဖောင်ကို လှော်ခတ်သွားတယ်။ ပြီးတော့ မှောင်မိုက်သွားပြန်တယ်။ လျှပ်စီးလေး ထပ်လက်လာပြန်တယ်။ ဟိုဘက်ကမ်းနဲ့ ပိုပိုနီးလာအောင် လှော်ခတ်ရပြန်တယ်။ လျှပ်စီးလက်တဲ့ အလင်းရောင်လေး စက္ကန့်မျှလေးကိုသာ အားပြုပြီး ဟိုဘက်ကမ်းရောက်အောင် လှော်ခတ်သွားမှပဲ အသက်ဘေးက လွတ်နိုင်တော့တယ်။
အခု ဖြစ်နေရတဲ့ ပုထုဇဉ်တွေရဲ့ ဘ၀အခြေအနေဟာလည်း ဒီဥပမာအတိုင်းပါပဲ။ ကြမ်းတမ်းတဲ့ လောကဓံတွေကြားမှာ သေမင်းကလည်း ဘယ်တော့လာခေါ်မလဲ မသိရဘဲနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်ကို ရောက်နေတာတောင်... သံဝေဂ မရနိုင်ကြသေးဘူး။ သံသရာက လွတ်မြောက်ဖို့ကို အရေးတကြီး လုပ်ဆောင်ဖို့ နေနေသာသာ နောက်ဘုရားကို မျှော်နေကြဦးမယ် ဆိုရင်တော့... မတွေးရဲစရာပါပဲ။ ဆုတောင်းတွေများ လွဲချော်သွားခဲ့ရင် လည်ကြရဦးမယ့် သံသရာကြီးက ချာလပတ်ရမ်းသွားနိုင်တယ်။
ဒါကတော့ ဆရာတော်တွေဟောတဲ့အခါ မှတ်သားထားတဲ့ သညာသိလေးကို ပြန်ပြီး ဖောက်သည်ချတာပါ။ မျက်ကန်းတစ္ဆေမကြောက်ဆိုသလို မကြောက်တတ်သေးတာ မသိသေးလို့လို့ ထင်ပါတယ်။ ဒါကြောင့် တရားဗဟုသုတတွေကို ကိုယ့်လိုဘ၀တူတွေကို... လျှပ်စီးလက်တုန်းလေး မြန်မြန်လှော်ခတ်ကြပါလို့ ကိုယ်လည်းကူးရင်း သူများကိုလည်း သတိပေးရင်း ဝေမျှချင်ရုံသက်သက်ပါ။ စာအရေးအသား မချောမွေ့ခဲ့ရင်၊ အမှားပါခဲ့ရင် လျော့ပေါ့နားလည်ပေးစေချင်ပါတယ်။
မေတ္တာဖြင့်
ခိုင်ခိုင်
(June 7, 2014)
No comments:
Post a Comment