Sunday, June 15, 2014

* အနှိုင်းမဲ့ အဖော် *


လောကမှာ ရှိရှိသမျှ အဖော်အားလုံးထဲမှာ ***သဒ္ဓါ အဖော်ဟာ အနှိုင်းမဲ့အဖော် ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ သဒ္ဓါ အဖော်ထက် ပိုပြီး ပေါင်းသင်းထိုက်ပါတယ်။ အားကိုးထိုက်ပါတယ်လို့ နှိုင်းယှဉ်စရာ အစားထိုးစရာ တခြားအဖော်မရှိတော့လို့ပါပဲ။

တရားတော်ထဲမှာဆရာတော်က သဒ္ဓါတရားရှိသူရဲ့ အင်္ဂါလက္ခဏာ ၁၁ချက်ကို ဟောပေးထားပါတယ်။

*သုဘူတိ*သုတ္တန်မှာ မြတ်စွာဘုရားရှင်က…

~သဒ္ဓါတရားရှိသူဟာ ကိုယ်ကျင့်သီလ စောင့်ထိန်းတယ်။
~သဒ္ဓါတရားရှိသူဟာ တရားဗဟုသုတ လိုက်စားတယ်။
~သဒ္ဓါတရားရှိသူဟာ မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းသင်းတယ်။
~သဒ္ဓါတရားရှိသူဟာ ပြောဆိုဆုံးမရ လွယ်ကူတယ်။
~သဒ္ဓါတရားရှိသူဟာ အတူနေ အတူကျင့်ပုဂ္ဂိုလ်တွေ အပေါ်ကူညီတတ်တယ်။
~သဒ္ဓါတရားရှိသူဟာ အဆင့်မြင့် တရားတွေကို လိုလားတယ်။
~သဒ္ဓါတရားရှိသူဟာ ကုသိုလ်ကိစ္စဝီရိယ ကြီးမားတယ်။
~သဒ္ဓါတရားရှိသူဟာ ဈာန် ရအောင်ကျင့်နိုင်တယ်။
~သဒ္ဓါတရားရှိသူဟာ ပုဗ္ဗေနိဝါသ အဘိညာဉ်နဲ့ အတိတ်ကို မြင်အောင် လုပ်နိုင်တယ်။
~သဒ္ဓါတရားရှိသူဟာ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ သတ္တဝါတွေရဲ့ စုတိ ပဋိသန္ဓေကို သိအောင် ကြိုးစားနိုင်တယ်။
~သဒ္ဓါတရားရှိသူဟာ အာသဝက္ခယ အဘိညာဉ်နဲ့ ကိလေသာ အာသဝေါတွေ ကုန်ခမ်းအောင် အားထုတ်နိုင်တယ်။

ကိုယ့်မှာ ဘယ်အင်္ဂါတွေ ပြည့်စုံ နေပြီလဲ လိုအပ်နေသေးလဲ ဆိုတာ စစ်ဆေးပြီး မိမိရဲ့သဒ္ဓါတရားကို အမြင့်ဆုံးစံချိန်ထိရောက်စေဖို့ ကြိုးစားနိုင်ပါတယ်။

လောကမှာ သူတော်ကောင်းပုဂ္ဂိုလ်တွေ အများကြီးရှိကြတယ်။
အဲ့ဒီ သူတော်ကောင်းပုဂ္ဂိုလ်တွေက *မေတ္တာပို့စရာရှိရင်လည်း ~သဒ္ဓါတရားရှိသူကိုပဲ အရင်ဆုံးပို့ကြတယ်။
*ကြွရောက်စရာရှိရင်လည်း ~သဒ္ဓါတရားရှိသူဆီကိုပဲ အရင်ဆုံးကြွရောက်ကြတယ်။
* အလှူခံစရာရှိရင်လည်း ~သဒ္ဓါတရားရှိသူဆီကပဲ အရင်ဆုံးအလှူခံကြတယ်။
* တရားဟောစရာရှိရင်လည်း ~သဒ္ဓါတရားရှိသူကိုပဲ အရင်ဆုံးဟောကြတယ်။
* ~သဒ္ဓါတရားရှိသူဟာ သေလွန်ရင်လည်း လူ့ပြည် နတ်ပြည် ကောင်းရာသုဂတိကိုပဲ ရောက်နိုင်တယ်။

လို့ "သဒ္ဓသုတ္တန်"မှာ မြတ်စွာဘုရားရှင်က သဒ္ဓါတရားရှိသူရဲ့ အကျိုးရလာဒ် ငါးမျိုးကို ဟောကြားတော်မူထားပါတယ်။

အရှင်ဆန္ဒာဓိက
အနှိုင်းမဲ့ အဖော် တရားတော်ထဲမှ ထုတ်နှုတ် မျှဝေပါတယ်။
စေတနာဖြင့်
သော်သော်

No comments:

Post a Comment