Tuesday, June 17, 2014

ဝိပဿနာ ကျင့်စဉ်


ကမ္ဘာပေါ်ရှိလူသားတို့၏ နှလုံးသားဝယ် ငြိမ်းချမ်းမှုမရှိလျှင် ထိုလူတို့နေသော ကမ္ဘာဝယ် အဘယ်မှာလျှင် ငြိမ်းချမ်းမှုရှိပါအံ့နည်း။

ဆူပူသောင်ကျန်းခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အတူယှဉ်တွဲနေထိုင်ခြင်းမရှိပေ။ လူသားတို့၏ ကိုယ်တွင်းငြိမ်းချမ်းရေးရဖို့ရန် အကောင်းဆုံးနည်းလမ်းမှာ-- `ဝိပဿနာ´ဟူသည့် Insight Meditation ပင်ဖြစ်သည်။

`ဝိပဿနာ ကျင့်စဉ်´သည်- လူမျိုးစွဲ, ဘာသာစွဲ, ဂိုဏ်းစွဲ, ဇာတ်စွဲ, အယူဝါဒစွဲတို့မှ ကင်းလွတ်သော ကျင့်စဉ် တစ်ခုဖြစ်သည်။ သိပ္ပံနည်းကျ လူသားတိုင်း၏ လက်တွေ့ဘဝနှင့် တစ်ထပ်တည်းကျသော, ငြိမ်းချမ်းသော, တည်ငြိမ်သော အကျိုးတရားတို့ကို ဖြစ်စေသည့် မိမိဘဝနှင့် မိမိကိုယ်ကို လေ့လာသော နည်းစနစ်တစ်ခုဖြစ်သည်။

`ဝိပဿနာ´၏ အမြင့်ဆုံးသော ရည်ရွယ်ချက်မှာ-- မိမိကိုယ်ကို အဆက်မပြတ် လေ့လာခြင်းဖြင့်မိမိ၏ကိုယ်တွင်း မိမိ၏စိတ်တွင်းမှာရှိသော အရှိတရားနှင့် အမှန်တရားတို့ကို ကိုယ်တိုင်ထိတွေ့သိရှိ နားလည်ရခြင်းနှင့် မျက်မှောက်ပြုရခြင်းပင်ဖြစ်သည်။ `ဝိပဿနာ´တရားကို အားထုတ်ခြင်းက ထိုသူအတွက် ရှေးကမဖြစ်ဖူးသော အထူးအဆန်း သန္တိသုခကို သယ်ဆောင်ပေးလာလိမ့်မည် ဖြစ်သည်။

ထို့ပြင် ပို၍ အံ့သြဖွယ်ကောင်းသော အတွေ့အကြုံများမှ-- ရုပ်နှင့်နာမ်တို့ (Mind and Body) အပြန်အလှန် ဟန်ချက်ညီညီ မည်သို့မည်ပုံ ကျေးဇူးပြု အားပေးထောက်ပံ လှုပ်ရှားနေကြသည် ဆိုသည်ကို ကိုယ့်တွေ့သိမြင် နားလည်လာခြင်းပင် ဖြစ်သည်။

မည်သည့်ဘာသာကို ကိုးကွယ်သော မည်သည့်လူမျိုးမှာမဆို တူညီသော အချက်များစွာရှိပါသည်။ တပ်မက်ခြင်း၊ စိတ်ပျက်ခြင်း၊ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ အမျက်ထွက်ခြင်း၊ တွေဝေခြင်း၊ မိုက်မဲခြင်း စသည့် မကောင်းဆိုးဝါး ရိုင်းပျ ရမ်းကားသော စေတသိတ်များ လူ့စိတ်ထဲမှာ ထကြွသောင်းကျန်းလာသည့် အခါတိုင်း ထိုစိတ်ယုတ်မာများသည် လူ့ခန္ဓာကိုယ်တစ်ခုလုံး၌ မနှစ်မြို့ဖွယ်,ငြီးငွေ့ဖွယ်ကောင်းသော ခံစားချက်များစွာကို ထုတ်လုပ်ဖြစ်ပေါ်စေပါသည်။

အခြားတစ်ဖက်တွင်လည်း မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ မုဒိတာ၊ ပညာစသော လှပသော, နူးညံသော, ယဉ်ကျေးသော စိတ်တသိတ်များ လူ့စိတ်ထဲတွင် နိုးကြားတက်ကြွလာသောအခါ စိတ်၏ အလုပ်လုပ်ပုံမှာ ပြောင်းလဲသွားပါသည်။

ဤသို့လျှင် နူးညံယဉ်ကျေးသော, သိမ့်မွေ့သော စေတသိတ်တို့နှင့် တွဲဖက်နေသော စိတ်သည် ချမ်းသားခြင်း၊ ရွှင်လန်းခြင်း၊ တက်ကြွခြင်း၊ တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း ဟူသော ခံစားချက်များကို လူ့ကိုယ်ထဲ၌ ဖန်ဆင်းလေသည်။ ခဏတိုင်း ခဏတိုင်း စိတ်သည် မုန်းတီးခြင်း (သို့မဟုတ်) ချစ်ခင်ခြင်း၊ မက်မောခြင်း၊ ရက်ရောခြင်း၊ ရက်စက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်း၊ မနှစ်မြို့ခြင်း၊ လိုက်လျောခြင်း၊ ဆန့်ကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ပျက်ခြင်း စသည်တို့ကို ထုတ်လုပ်နေသည်။ ဖန်တီးနေသည်။ ရံခါ အတ္တလွန်ကဲ၍ တစ်ကိုယ်ကောင်းဆန်မည်။ ရံခါ အနတ္တကို သဘောပေါက်၍ ကိုယ်ကျိုးစွန့်မည်။ မည်သည့် လူသား၏စိတ်မဆို ဤအတိုင်းသာတည်း။ ထို့ကြောင့် လူသားတို့၏ စိတ်ရေစီးကြောင်းကြီး တစ်ခုလုံးမှာ ရေကြည်, ရေနောက် တစ်မျိုးမျိုးဖြင့် အမြဲတမ်း ရေလျှံ ရေလွှမ်းနေသည်သာ ဖြစ်ပေ၏။

`ဝိပဿနာ ကျင့်စဉ်´သည် လူ့စိတ်၌သော် လည်းကောင်း၊ လူ့ရုပ်ခန္ဓာ၌သော် လည်းကောင်း အပြန်အလှန် အလုပ်လုပ်နေကြသော ကိုယ်, နှုတ်, စိတ် (၃) ပါး၏ Activities များကို ဖော်ထုတ် စစ်ဆေးပေးသည်။ ကောင်းသည် ဆိုးသည် အလယ်အလတ် ဖြစ်သည်တို့ကို ဆုံးဖြတ်ပေးသည်။သုံးသပ်ပေးသည်။ စစ်ဆေးပေးသည်။ လေ့လာကြည့်ရှုသည်။ Negative နှင့် Positive တို့ကို ခွဲခြားပေးသည်။ သူတို့၏ Natural Source ကို ရှာဖွေပေးသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောစိတ်ဓာတ်နှင့် ငြိမ်းချမ်းသောစိတ်ဓာတ်တို့ကို တည်ဆောက်ဖို့ရန် လူသားတို့၏ ဘဝနှင့် တစ်ထပ်တည်းဖြစ်သော ဤ `ဝိပဿနာ ကျင့်စဉ်´ကို တစ်ဖက်သတ် တစ်ယူသန် အစွဲအလမ်း ကင်းရှင်းစွာဖြင့် (တစ်ကမ္ဘာလုံးက ထုတ်သောရေကို တစ်ကမ္ဘာလုံးက လူတွေ ယုံကြည်စိတ်ချစွာ သောက်သုံးသကဲ့သို့) ကျင့်သုံးကြဖို့တိုက်တွန်းလိုပါသည်။

သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

Credit to လှိုင် တိုး။

No comments:

Post a Comment