ဝိပဿနာကမ္မဋ္ဌာန်းအရာမည်သည် အလွန်နက်နဲ သိမ်မွေ့လှ၏။ ဟောပြောပြသဆုံးမသွန်သင်သော ဆရာနေရာကျလို၏။ သိသင့်သောအရာ၌ နေရာကျသိနိုင်အောင် ဟောပြောမှုထင်မြင်အောင် အားထုတ်ရမည့်အရာ၌ နေရာကျ ထင်ကွက် မြင်ကွက်ပေါ်အောင် ပြသမှုသည်ကား ဆရာ့တာဝန်တည်း။
ထင်ကွက် မြင်ကွက်ပေါ်ရုံမျှနှင့် ကမ္မဋ္ဌာန်းကိစ္စ ခရီးရောက်နိုင်သေးသည်မဟုတ် ထင်မြင်ရန် အားထုတ်ရန်အချက်ကို ဆရာသွန်သင်ပြသ၍ လှလှကြီးရိပ်မိသောအခါ အထင်အမြင် နေ့စဉ်တိုးပွားစေရန် ရဟန်းဖြစ်ခဲ့အံ့ ဆိတ်ငြိမ်ရာတောတောင်အရပ်သို့ဝင်၍ ထက်သန်သော ဝီရိယဖြင့် လရှည်နှစ်များအားထုတ်မှု လူဖြစ်အံ့ အိမ်စီးပွားနှင့်ဖက်တွဲ၍ လရှည်နှစ်များ စွဲမြဲမှုသည်ကား တပည့်၏တာဝန်တည်း။
အာနာပါနအစရှိသော (သမထ) ကမ္မဋ္ဌာန်းမျိုးသည်ကား ဟောပြောမှုအလွန်လွယ်၏။ နိမိတ်အထင်ရအောင် အားထုတ်မှု အလွနါခဲယဉ်း၏။ အိမ်၌နေ၍ စီးပွားနှင့် ဖက်တွဲခြင်းငှာမရ။ ဆိတ်ငြိမ်ရာသို့ထွက်၍ အပြင်းအထန်အားထုတ်နိုင်မှ နိမိတ်ကိုရနိုင်၏။
ဝိပဿနာကမ္မဋ္ဌာန်းသည်မူကား ဥာဏ်အလုပ်ဖြင့်၍ လယ်လုပ်ရင်းဖြစ်နိုင်၏။ ယာလုပ်ရင်းလည်း ဖြစ်နိုင်၏။ လှေသွားရင်း ဝန်ထမ်းရင်း ရောင်းရင်း ဝယ်ရင်းအစရှိသည်ဖြင့် အိမ်အလုပ် အိမ်စီးပွားနှင့် ဖက်တွဲနိုင်သတည်း။
ဘုရားလက်ထက်တော်၌ သမထကမ္မဋ္ဌာန်းကို ပေါက်ရောက်အောင် လုပ်နိုင်သောသူသည် အလွန်နည်း၏။ အိမ်၌နေ၍ အိမ်စီးပွားဖက်တွဲ၍ စွဲမြဲကြသူများ၏။ ထိုစကားမှန်၏။ သမထကမ္မဋ္ဌာန်းပေါက်ရောက်သူ လူ၌အလွန်နည်း၏ ရဟန်းတို့သာများ၏။
ဝိပဿနာကမ္မဋ္ဌာန်းပေါက်ရောက်၍ သောတာပန် အရိယာဖြစ်ကြသူကား လူ၌အလွန်များ၏။ လူသောတာပန် တစ်ထောင်ကို ရဟန်းသောတာပန် တစ်ယောက်ကျထား၍ ရေတွက်သော်လည်း ရဟန်းဘက်ကသာ ကုန်လေရာ၏။ လူဘက်မှ မကုန်လေရာ ဤမျှလောက်များပြားရိပ်ထင်၏။
အဘယ်ကြောင့်နည်း လောက၌ ရှိရင်းကပင် ရဟန်းအလွန်နည်း၏။ လူကမူမဇ္ဈိမတိုက်နှင့် အပြည့်ရှိ၏။ လူသောတာပန်လည်း ပြည့်မတတ်ပင်များပြားလှ၏။ ထိုသို့များလှခြင်းက အိမ်စီးပွားနှင့် ဝိပဿနာ တွဲချင်တိုင်းတွဲသာလှသောကြောင့်တည်း။
အယုတ်အားဖြင့် အစေခံ အိမ်ကျွန်မ အခစားကူလီပင် ဖြစ်သော်လည်း သံဝေသတိ ကောင်းကောင်းရှိပါလျှင် ဝိပဿနာဖက်တွဲ နိုင်တော့သည်သာတည်း။ ဤမျှသာစကားစုဖြင့် ဝိပဿနာမှုမည်သည် လူတို့လည်း စွဲမြဲခြင်းငှာ အလွန်ကောင်းလှကြောင်း ပြလိုရင်းစကားတည်း။
(လယ်တီဒီပနီပေါင်းချုပ် တတိယတွဲ စာမျက်နှာ ၃၁၆)
******************************
(မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment