မြွေကြီးလေးကောင်နှင့် ဓာတ်ကြီးလေးပါး...
လောကမှာ ကဋ္ဌမုခ မြွေ တစ်မျိုး၊ ပူတိမုခ မြွေလို့ တစ်မျိုး ။
အဂ္ဂိမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။ သတ္ထမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။
အဲဒီ မြွေကြီးလေးမျိုးထဲမှာ ကဋ္ဌမုခမြွေဆိုတဲ့ ဒီမြွေကိုက်လိုက်တယ်ဆိုယင် အကိုက်ခံရတဲ့လူဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ခါတည်းတောင့်ပြီးတော့ လက်တွေ ခြေတွေ ချိုးမရဘဲနဲ့ သစ်သားချောင်းကြီး ထင်းတုံးကြီးလို တစ်ခါတည်း ဖြစ်သွားတယ်တဲ့။ ဖြစ်ပြီးတော့တစ်ခါတည်း သေတော့တာပဲ။ အဲဒီ မြွေမျိုးကို ကဋ္ဌမုခ မြွေ လို့ ခေါ်တယ်။
ပူတိမုခမြွေဆိုတာက ဒီမြွေထိလိုက်တယ်ဆိုယင် မိနစ်ပိုင်းအတွင်း သေကြေ ပျက်စီးပြီးတော့ ခဏအတွင်း ကြည့်ရင်းကြည့်ရင်း အသားတွေ ညိုကွက်ထပြီးတော့ နာရီပိုင်းအတွင်းမှာ သွေးတွေ၊ ပြည်တွေ တစ်ခါတည်းထွက် လာတယ်။ ပုပ်သွားတယ်။ အမှန်ပုပ်ရမှာ သွေး ပြည်တွေ ထွက်ရမှာက သုံးရက် လေးရက်မှ ထွက်ရမှာပေမယ့် ဒီ ပူတိမုခမြွေ ထိခိုက်တဲ့ သတ္တဝါဆိုယင် နာရီပိုင်း အတွင်းမှာ ပုပ်သိုးသွားတယ်။
အဂ္ဂိမုခမြွေဆိုတဲ့ အဲဒီမြွေ ထိခိုက်လိုက်ယင်တော့ လူတောင် မသင်္ဂြိုဟ်ရဘူး၊ အဲဒီမြွေထိတဲ့ လူဟာ ဒီမြွေဆိပ်ကြောင့်ပဲ တစ်ခါတည်း မီးဟုန်းဟုန်းတောက်ပြီး တော့ တစ်ခါတည်းပျောက်သွားတယ်။
ရှိဖူးတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက အရှင်သာရိပုတ္တရာရဲ့ညီ ဥပသေနမထေရ်။ ဥပသေန ရဟန္တာမထေရ်ဆိုတာ ရှိတယ်။ အရှင်သာရိပုတ္တရာ တို့မှာ မောင်နှမ ညီအကို ခုနှစ်ယောက် ရှိပါတယ်။ ခုနစ်ယောက်စလုံး ရဟန္တာ ဖြစ်ကြတယ်။ အရှင်သာရိပုတ္တရာက အကိုကြီး၊ မောင်ကြီး၊ အကြီးဆုံး၊ သူ့အောက်မှာ ဥပသေန၊ သူ့အောက်မှာ စုန္ဒ၊ သူ့အောက်မှာ ညီလေး ရေဝတ။ သူ့ရဲ့နှမတွေအနေနဲ့ စာလာ၊ သီသူပစာလာ၊ ဥပစာလာ... လို့ နှမသုံးယောက် ရှိတယ်။ အဲဒီမောင်နှမ ခုနစ်ဖော်စလုံး ဒီသာသနာတော်မှာ အာသဝေါကုန်ခန်း ရဟန္တာ ယောက်ျား၊ ရဟန္တာ ထေရီမ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံ၍ ဘဝဇာတ်သိမ်း ငြိမ်းတော်မူကြတယ်။
အဲဒီ အရှင်သာရိပုတ္တရာရဲ့ညီ အရှင် ဥပသေန ရဟန္တာမှာ တစ်ချိန်က ကမ္မဋ္ဌာန်း ကျောင်းလေး၏ ညောင်စောင်းပေါ် ခဏ လျောင်းပြီး နေတဲ့အချိန်မှာ ဒီအမိုး ခေါင်လျောက်ပေါ်မှ အဂ္ဂိမုခ မြွေနှစ်ကောင်ဖတ်ဆို တစ်ကောင်က ဥပသေန ရဟန္တာ မထေရ်ရဲ့ ကိုယ်ပေါ် ကျတယ်။ သိတယ်၊ ဥပသေန မထေရ်က ဟာ... ဒီမြွေကတော့ အဂ္ဂိမုခမြွေ ပဲ။ အဂ္ဂိမုခမြွေဆိုတာ မိနစ်ပိုင်း အတွင်းမှာပဲ ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တတ်တယ်။ အဲဒီတော့... ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တာ ငါ့အဖို့ကတော့...
နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ ဝေတနံဘတကော ယထာ။
အလုပ်သမားသည် လခရမယ့်အချိန်ကို တောင့်တသလို ရဟန္တာဖြစ်တဲ့ ငါ့အဖို့ရာ အသက်ရှည်နေတာလည်း ခန္ဓာဝန်ထုပ်ကြီး ထမ်းထားရတယ်။ သေတယ်ဆိုတာကလည်းပဲ စုတိအခိုက်မှာဖြစ်တဲ့ ခန္ဓာဝန်ထုပ် ထမ်းထားရတာ ဖြစ်တော့ အသက်ရှည်တာလည်းပဲ ငါမလိုချင်ဘူး။ အသက်တိုတာလည်းပဲ ငါမလိုချင်ဘူး။ အဲဒီ သေပြီးတဲ့နောက် ခန္ဓာအသစ် မဖြစ်တဲ့ အနုပ္ပါဒ... နိရောဓ အချိန်ကလေးကို အလိုရှိတယ်။ ဒီအလိုရှိတဲ့အချိန် သူက ရောက်ရမှာဖြစ်တော့ သူ့အဖို့ရာ ဘာမှဝန်မလေးဘူး။ အင်မတန် ခန္ဓာဝန်ကြီး စွန့်ပယ်ရမယ့်အရေး တွေးပြီးတော့ အင်မတန် ဝမ်းမြောက်တယ်။
သို့သော် ငါ ခန္ဓာဝန်စွန့်လိုက်တာ ကိစ္စမရှိဘူး။ ဒီ ခန္ဓာကိုယ်ကြီးက ဟုန်းခနဲ မီးတောက်ယင် ဒီ ကမ္မဋ္ဌာန်းကျောင်းလေး မီးကျွမ်းသွားချေရဲ့ဆိုပြီးတော့ ဥပသေနမထေရ်က အဘိညာဏ် ဖြုန်းခနဲဝင်စားပြီးတော့ ‘ငါ့ ခန္ဓာကိုယ် အပြင်မရောက်သေးသမျှ မီးမတောက်ပါစေနဲ့’ အဓိဋ္ဌာန်တော်မူတယ်။ အဓိဋ္ဌာန် ပြီးတော့ ဣဒ္ဓိဝိဓ အဘိညာဏ်များ ဝင်စားတော်မူလို့ ပြီးတဲ့အခါကျတော့မှ သူ့ရဲ့တပည့်များကို "ငါ့ရှင်တို့၊ ငါ့ကိုညောင်စောင်းနဲ့တကွ ကမ္မဋ္ဌာန်းကျောင်းလေး ပြင်ဘက် အဗ္ဘောကာသ ဟင်းလင်းအပြင် လွင်တီးခေါင် ထုတ်ပေးကြ" လို့ ခိုင်းတယ်။
ဘာပြုလို့လဲဘုရား" ဆိုတော့...
"ငါ့ကိုယ်ပေါ်မှာ အဂ္ဂိမုခမြွေ ကျသွားတယ်ဟု ဒါကြောင့် မကြာခင် ငါ့ခန္ဓာကိုယ်ဟာ မီးဟုန်းဟုန်းတောက်လိမ့်မယ်။ မြန်မြန်ထုတ်ကြ" ဆိုတော့မှ သူ့ရဲ့တပည့်တွေက ညောင်စောင်းနဲ့တကွ ဥပသေနကိုယ်တော်ကို ကိုင်လည်း မကိုင်ဝံ့ဘူး၊ သွားကိုင်ယင် မီးတောက်မှာစိုးလို့။ ကမ္မဋ္ဌာန်းကျောင်းလေး အပြင်ဘက် ထုတ်ရတယ်။ အဲဒီ အပြင်ဘက်လည်း ရောက်ကရော ညောင်စောင်း ရော ခန္ဓာရော အကုန်လုံး မီးဟုန်းဟုန်းတောက်ပြီးတော့ ဓာတ်တော် ကျန်ရစ်ခဲ့တယ်။ အဲဒီမြွေမျိုးကို အဂ္ဂိမုခမြွေလို့ ခေါ်တယ်။ အိန္ဒိယမှာတော့ ဒီလိုမြွေမျိုးတွေ ရှိတယ်။
သတ္ထမုခမြွေဆိုတာက အဲဒီမြွေ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူဟာ အရိုးဆက်တွေဟာ တစ်ခါတည်းပြုတ်ပြီးတော့ သေတော့တယ်။ အရိုးဆက် ပြုတ်တယ်။ ဘယ်လောက်ပြင်းတဲ့ အဆိပ်လဲလို့။
အဲဒီ မြွေကြီးလေးမျိုးလိုပဲတဲ့၊ ပထဝီဓာတ်ဟာ ကဋ္ဌမုခမြွေနဲ့ တူတယ်။ အာပေါဓာတ်သည် ပူတိမုခမြွေနဲ့ တူတယ်။ တေဇောဓာတ်သည် အဂ္ဂိမုခမြွေနဲ့ တူတယ်။ ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့ တူတယ်တဲ့။ ပထဝီဓာတ်တည်း ဟူသော ကဋ္ဌမုခမြွေမျိုး၊ ဟုတ်လား။ စိတ်ဆိုးလို့ကိုက်၊ ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်လို့ရှိယင် ထိုသူသည် စုတိပြတ်ကြွေ သေလွန်ပြီးသကာလ ထင်းတုံးကြီးလို တောင့်ခိုင်ပြီး သွားတတ်တယ်တဲ့၊ အဋ္ဌကထာက။
ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဒဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီဓာတုပ္ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
လို့... ဒီလို မှတ်ချက်ပေးပါတယ်။ အာပေါဓာတ်ပျက်စီးလို့ရှိယင်ပူတိမုခမြွေ အကိုက်ခံရတဲ့ လူရဲ့ခန္ဓာကိုယ်ဟာ မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းမှာ ပုပ်သိုးပြီး သွေးတွေ၊ ပြည်တွေ ယိုကျလာတတ်တယ်တဲ့။ အဲဒီလို ဥတုဇရုပ်ကလာပ် တွေ့ယင်ဖြင့် ဪ…..အာပေါဓာတ်တည်းဟူသော ပူတိမုခမြွေကြီး ကိုက်တာပဲ၊ ဖောက်ပြန်ပျက်စီး ကိုက်တာပဲလို့ အဲဒီလို သိတယ်။
တေဇောဓာတ်တည်းဟူသော အဂ္ဂိမုခ မြွေကိုက်ပြီ၊ ဒီခန္ဓာကိုယ် တေဇောဓာတ်ဖောက်ပြန်ပြီဆိုယင် မသေခင်ကတည်းကိုက အမလေး ပူလိုက်ပါဘိ။ လောင်လိုက်ပါဘိ၊ အဲဒီလို လာတတ်တယ်။ ဒီလိုဆိုပြီးတော့ သေရတယ်။
ဝါယောဓာတ် ဖောက်ပြန် ပျက်စီးပြီးတော့ သွားတဲ့သူကျတော့လည်းပဲ မသေခင်ကတည်းကိုက ဝါယောဓာတ် ဖောက်ပြန်ပျက်စီးတယ်ဆိုယင် သွက္ချာပါဒ ဖမ်းတဲ့လူတွေ ကြည့်စမ်း၊ အဲဒီ လက်မောင်းကြီးကလည်းပဲ အရိုးဆက်ပြုတ် ပြီးတော့ တစ်လက်မလောက် လျှောကျတယ်။ ထို့အတူပဲ ဟောဒီ တင်ပါးဆုံ တင်ပါးခွက်တွေ တစ်ခါတည်း လျှောကျတယ်။ အဲဒါကြောင့် ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့တူတယ်... တဲ့။
သဥ္ဆိန္နော ဘဝတိ ကာယော၊ ဒဋ္ဌော သတ္ထမုခေန ဝါ။
ဝါယော ဓာတုပ္ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
လို့ အဋ္ဌကထာများက မှတ်ချက်ချထားတဲ့ အဓိပ္ပါယ်ကတော့ အခုပြောတဲ့ အတိုင်းပါပဲ။ အဲဒါကြောင့် ဒီ ခန္ဓာကိုယ်မှာ အသက်ရဲ့ ရှည်ရေးဟာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ မဟာဘုတ်ကြီးလေးပါးတို့ရဲ့ ညီညွတ်မှုနဲ့လည်းပဲ ဆက်စပ်နေတယ်တဲ့ ဘယ်လောက် အသက်ရှည်ဖို့ခဲယဉ်းသလဲ။ ဒီအကြောင်းတွေ ကူညီရတယ်။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး
No comments:
Post a Comment