သမထအစွမ်းနဲ့ရတဲ့ မစင်ကြယ်တဲ့ အကြားအမြင်ကို မဆိုထားနှင့် ရူပ အရူပဈာန်အဘိညာဉ် တန်ခိုးများကိုပင်လျှင် အရိယာသူတော်ကောင်းကြီးများ ဦးစားပေးတော်မမူကြပါဘူး တန်ခိုးဆိုတာ ဒုက္ခသစ္စာပါပဲ။
ပကာသနတန်ခိုးပြတဲ့ ရှင်ပိဏ္ဍောလကို ပြည့်တန်ဆာနဲ့ နှိုင်းပြီး ရှုတ်ချတော်မူဘူးပါတယ်။ တန်ခိုးဖန်ဆင်းပြလျှင် ဒုက္ကဋ်အာပတ်သင့်စေလို့လည်း ပညတ်တော်မူပါတယ်။ အဘိညာဉ်တန်ခိုးဟာ ရခဲသလောက် ပျောက်ပျက်လွယ်ပါတယ်။ စောင့်ရှောက်ခက်ပါတယ်။
ယခုအခါကဲ့သို့ ဓမ္မအဘိညာဉ်ခေါ်တဲ့ သစ္စာလေးပါးသိမှု အရိယာဖြစ်မှု ဖြစ်ခွင့်မရှိတဲ့ သာသနာပပုဂ္ဂိုလ်များကျတော့ တန်ခိုးကြောင့် ပိုပြီးဒုက္ခရောက်ရတယ်။ တန်ခိုးကြောင့် သံသရာရှည်ကြပါတယ်။
ပုထုဇဉ်သားတွေ ဖြစ်လေတော့ တန်ခိုးခြင်းပြိုင်ကြ တန်ခိုးအားကိုးနဲ့ သတ္တဝါတွေကို ကျိန်စာတိုက်ကြ ဒုက္ခပေးကြတာ အနမတဂ္ဂပါပဲ။ ဘုရားအလောင်းတော် နာရဒရသေ့ကြီးပင်လျှင် ဒေဝီလရသေ့ကို ဆံကျစ်နင်းမိ၍ ဒေါသ မာနဖြစ်ကြရာမှအစ ကျိန်စာတိုက်ခဲ့မိဘူးတယ်။
ကံငါးပါးကိုတောင်မလုံတဲ့ ဂန္ဓာရီဝိဇ္ဇာလောကာယတ တန်ခိုးရှင်တွေဆိုရင် ပိုပြီးဆိုးနိုင်ပါတယ်။ ဇာတ်တော်တွေထဲမှာ အထင်းအရှားပဲ။ ဒါကြောင်း သူတော်ကောင်းကြီးများ စက်ဆုပ်တော်မူကြပါတယ်။ တန်ခိုးဟာ ဝိပဿနာအန္တရာယ်ကြီး တစ်ခုပဲလို့ ဟောတော်မူပါတယ်။ လောကတန်ခိုးတွေထဲမှာ အထွတ်အထိပ်ဖြစ်တဲ့ အဘိညာဉ်တန်ခိုးပင်လျှင် ဓမ္မအဘိညာဉ်ခေါ်တဲ့ အရိယာအဖြစ်နဲ့ မထိန်းချုပ်မကွပ်ကဲနိုင်ရင်မခိုင်မြဲတဲ့ ဒုက္ခသစ္စာထဲကိုသာ ဝဲလည့်စုပ်ယူသွားတတ်တယ်။ ဒါပေမယ့် လူသာမန်တွေကတော့ အထင်ကြီးကြတာ ထုံးစံပါပဲ။
မြတ်စွာဘုရားလက်ထက်က နာဠန္ဒာမြို့မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ ကေဝပုဏ္ဏားကြီးဟာ သာသနာကိုကြည်ညိုလွန်းလို့ လူတွေပိုပြီး သဒ္ဓါတရားဖြစ်အောင် ရဟန်းတစ်ပါးပါးအား တန်ခိုးပြခွင့်ရာထူးပေးဖို့ဘုရားကိုလျှောက်တော့ ဘုရားရှင်က မသိနိုးနားပြုပြီး နေတော်မူတယ်။
သုံးကြိမ်လျှောက်တော့ မနေသာဘူး တန်ခိုးပြာဋိဟာ သုံးမျိုးကို အကျိုးအပြစ်နဲ့ ဟောပြတော်မူခဲ့ရပါတယ်။ ပြာဋိဟာသုံးမျိုးကတော့--
၁။ ဣဒ္ဓိပါဋိဟာရိယ= အမျိုးမျိုးဖန်ဆင်းပြတာကို ခေါ်ပါတယ်။ ဒီလိုတန်ခိုးပြရင် သဒ္ဓါ တဲ့သူတွေက ပိုပြီးကြည်ညိုလာကြပေမယ့် မသဒ္ဓါ တဲ့သူတွေက ဒါဂန္ဓာရီဝိဇ္ဇာပါဆိုပြီး ကဲ့ရဲ့ကြလိမ့်မယ်။
ဂန္ဓာရီဝိဇ္ဇာတန်ခိုးရှင်တွေကလည်း ဒီလိုပဲ တန်ခိုးပြနိုင်လေတော့ ဒွေးရောယှက်တင် သံသယဝင်ပြီး စင်ကြယ်မြင့်မြတ်တဲ့ ဒုက္ခလွတ်ကြောင်းတရားကောင်းတွေ ထိခိုက်လိမ့်မယ်လို့ ဆိုလိုတယ်။
၂။ နောက်တစ်ခုက အာဒေသနာပါဋိဟာရိယ= သူများစိတ်အကြံကို သိပြီးအတတ်ဟောတဲ့ တန်ခိုးပဲ။ ဒီတန်ခိုးပြရင်လည်း လောကမှာ မဏိကာခေါ်တဲ့ သူများစိတ်အကြံကိုသိပြီး အတတ်ဟောတဲ့ အတတ်မျိုးတွေ ရှိလေတော့ သာသနာဂုဏ်ငယ်ပြီး ရောနှောသွားမှာစိုးလို့ ခွင့်ပြုတော်မမူဘူး။
၃။ နောက်ဆုံး အနုသာသနီပါဋိဟာရိယ= မြတ်စွာဘုရား တရားတော် သီလ သမာဓိ ပညာခေါ်တဲ့ တန်ခိုးအစစ်အမှန်ကိုသာ အားကိုးကြဖို့ တိုက်တွန်းတော်မူတယ်။
ဒီသီလ သမာဓိ ပညာတန်ခိုးသာလျှင် လောကီနယ်အတွက်လည်း လိုချင်တာအကုန်ရပြီး ဒုက္ခနယ်ကလွတ်ဖို့ရာလည်း အမှန်ဖြစ်တဲ့အတွက် အကောင်းဆုံးလို့ ဆုံးမတော်မူခဲ့ပါတယ်။
(အနာဂါမ်ဆရာသက်ကြီး,က ဒေးစွန်ပါတောင်မှ ဈာန်အဘိညာဉ်ရ မထေရ်နှစ်ပါး ဆရာကြီးထံ ဝိပဿနာအားထုတ်နည်း လာယူစဉ် ဟောပေးသောတရားမှ) -- ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး-စာ ၂၇၀။
(မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment