Saturday, June 21, 2014

ဇာတိဿရဥာဏ်


ဇာတိဿရဥာဏ်ကို ရသည်ဆိုရာ၌ ဘ၀များကို အစဉ်လိုက် အဖြစ်စုံကို
အမှန်အတိုင်း သိမြင်နိုင်သူကား အရိယာများမှတစ်ပါး မရှိနိုင်ပေ။
လောကီအဘိဥာဏ်ရ ပုဂ္ဂိုလ်များ၏ ရှေ့ နောက်အမြင်ရမှုကိုပင် သာသနာတော်၌ အကျိုးထက် အပြစ်သာ များစေသည်ဟု ဆိုရ၏။
ပြည့်စုံမှန်ကန်စွာ မသိမြင်ကြသောကြောင့် ဖြစ်သည်။

အင်္ဂတိ မင်းကြီး၏ သမီးတော် ရုစာ မင်းသမီးသည် တစ်ခုသောဘ၀ ရွှေပန်းထိမ်သည်သား ဖြစ်စဉ်က သူတစ်ပါးသားမယားကို ကျူးလွန်မိခဲ့၍
အမျိုးသမီးဖြစ်ရပုံကို ပြန်လည်၍ သတိရ၏။ ဇာတိဿရဥာဏ် ရရှိသူဖြစ်၍ ရှေးတစ်ဘ၀များကိုလည်း ဆက်၍ ကြည့်မြင်နိုင်သည်။

သူတစ်ပါးသားမယားကို ပြစ်မှားကျူးလွန်မိ၍ ရွှေပန်းထိမ်သည်သားဘ၀မှ သေလျှင် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ခံစားရပုံ ၊ ထိုငရဲမှ လွတ်လာပြီးနောက် ထိုအကုသိုလ်ကံအရှိန်ကြောင့် ဆိတ် မျောက် နွား ဘ၀၌ အထီးဖြစ်ရသော်လည်း နပုံး ပဏ္ဍုက် (မိန်းမမဟုတ် ယောက်ျားမဟုတ်) ဖြစ်ရပုံ ၊

ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဋ္ဌေးသားဘ၀ တစ်ခုက ဒါန သီလ စသည်ကို ပြုခဲ့ဖူးသဖြင့် တာဝတိံသာ၌ နတ်ဖြစ်ရသော်လည်း
သိကြားမင်း၏ အလုပ်အကျွေးနတ်သမီးလေးကြိမ် ၊ ဇ၀န နတ်သား၏ ဇနီး တစ်ကြိမ်ဖြစ်ပြီးနောက် ရုစာမင်းသမီး ဖြစ်လာရပုံတို့ ကို သိမြင်နိုင်၏။

အထိုက်အလျောက် ကံအကြောင်းနှင့် အကျိုးကို ခွဲခြားနိုင်အောင် သိမြင်သူဖြစ်၍ ဘ၀သင်ခန်းစာအရ ရုစာမင်းသမီးသေလွန်သောအခါ
(ကံ ကံ၏အကျိုးကို အမှန်တကျသိမြင်သူဖြစ်သဖြင့်)
တာဝတိံသာ၌ တန်ခိုးကြီးသော နတ်သားဖြစ်ရ၏။

ရုစာမင်းသမီး (သု့ မဟုတ်) သူတစ်ပါး သားမယား ပြစ်မှား ကျူးလွန်မိခဲ့သူ ရွှေပန်းထိမ်သည်သားဟူသည် အခြားမဟုတ်၊
ရှင်အာနန္ဒာ၏ နုစဉ်ကာလ တစ်ဘ၀တာ ဖြစ်ပေ၏။ ဤကား ဇာတိဿရဥာဏ်ဖြင့် ဘ၀ကို အမှန်တကျသိ၍ သမ္မာဒိဋ္ဌိ ဖြစ်ပုံတည်း။

အလာတ ခေါ်သော အမတ်သည်လည်း ဇာတိဿရဥာဏ် ရရှိသူဖြစ်၏။
သို့ ရာတွင် အမှန်တကျ မပြည့်မစုံသော အသိအမြင်ကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ရဖူး၏။

ထိုအမတ်သည် ကဿပ ဘုရားရှင်၏ စေတီတော်၌ အနော်ဇာပန်းဆိုင်း တင်လှူပူဇော်ဖူး၏။ အခြားဘ၀တစ်ခု၌ နွားသတ်သမားဖြစ်ဖူး၏
။ သို့ ရာတွင် ပန်းလှူခဲ့သောဘ၀ကို မမြင်၊ နွားသတ်သမားဘ၀ကိုသာ မြင်ရသဖြင့် လက်ရှိအမတ်ဘ၀နှင့် ဆက်စပ်ရှုမြင်သောအခါ
နွားသတ်၍ အမတ်ဖြစ်သည် ဟု အယူမှားလေ၏။

ကံ ကံ၏ အကျိုးမရှိ မကောင်းတာ လုပ်သော်လည်း မကောင်းတာမဖြစ် ဟု သူ၏အမြင်ကို အထင်ကြီးကာ မိစ္ဆာဒိဋ္ဌိ ဖြစ်ရရှာ၏။

ထို အလာတအမတ်ကြီးကား ဒေ၀ဒတ်၏ တစ်ဘ၀တည်း။

ထိုမှတစ်ပါး ရှင်မောဂ္ဂလ္လာန် အလောင်းဖြစ်သူ ဗီဇက မည်သော ကျွန်တစ်ယောက်သည် ကဿပ ဘုရားရှင် လက်ထက်က နွားပျောက်ရှာစဉ်
ခရီးသွားရဟန်းတစ်ပါးက လမ်းခရီးမေးမြန်းသည်ကို (မခြေမငံ ကျွန် ဟူသော အသုံးအနှုံးဖြင့်) ဆဲရေးခဲ့ဖူး၏။

သို့ သော် ထိုဘ၀တစ်ဇာတ်ကို မမြင်။ ကောင်းမှုများစွာ ပြုခဲ့ဖူးသော သူဋ္ဌေးကြီး ဘ၀တစ်ခုကိုသာ မြင်၍ ကုသိုလ်များစွာ လုပ်ခဲ့မိ၍ ကျွန်ဖြစ်ရသည် ဟု ကံ ကံ၏အကျိုးကို ကျော်လွှားကာ မိစ္ဆာဒိဋ္ဌိ ဖြစ်ခဲ့ရဖူးလေသည်။

ကုမ္ဘ၀တီ တစ်ပြည်လုံး သူတော်ကောင်း ရသေ့ကို ပြစ်မှား၍ ရာထူးတိုးသည်၊ ရန်အောင်၍ ရတနာ ရွှေမိုး ငွေမိုး ရွာသည်ဟု
အယူအမှတ် တစ်ချက်လွဲကာ ဆင်းရဲသေကျေ၍ ငရဲကျကုန်ရသည်။

ထို့ အတူ မစင်ကြယ်သော ဘ၀အမြင်များနှင့် ဤဇာတိဿရဥာဏ်များလည်း အယူအဆ မှားယွင်းစေတတ်သဖြင့် ကံ ကံ၏ အကျိုးကို ကျော်လွန်ကာ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပုံကို သတိမူကြကုန်ရာ၏။

(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားသော ရတနာသုံးပါး၏ ကျေးဇူး - မှ)

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment