Monday, June 30, 2014

ကမ္ဘာလောကရဲ့  ဒုက္ခလမ်းဆုံး


သာသနာသည် ဘုရားပွင့်မှ ပေါ်လာတာ ဒီတော့ ဘုရားပွင့်တာနဲ့ ကြုံရခြင်းသည် နံပါတ်တစ် အခွင့် အရေး …… ။
နံပါတ်နှစ် အခွင့်အရေးကတော့ သာသနာကတော့ ပွင့်နေပါတယ်။ သို့သော်ယူတတ်မှရတယ် ။ မယူတတ်ရင်မရ၊ ဒါ့ကြောင့် သာသနာထွန်းကားရာမှာ လူဖြစ်ခွင့်ရတာသည် အထူးအခွင့်အရေးကြီးတစ်ခု ၊
နံပါတ်သုံး အခွင့်အရေးကတော့ သာသနာပွင့်ချိန်မှာ ကိုယ်က သမ္မာဒိဌိ အယူရှိသူ ဖြစ်နေဖို့လိုပါတယ်။ အခြေခံ အားဖြင့် ကံကံ၏အကျိုးကို ယုံကြည်ရမယ်။ ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ် ဆိုးတာဖြစ် မယ် ဆိုတာလောက်တော့ သိထားရမယ်။

ကောင်းတာလုပ်ကောင်းကျိုးရဆိုတာ ဆောင်းရာသီထဲ အေးအေးချမ်းချမ်းလေး နေရသလိုပေါ့ ။ ဆိုးတာလုပ် ဆိုးကျိုးရဆိုတာ နွေရာသီနေပူခရီးထဲ နေကိုခေါင်းရွက် သွားနေရသလိုပေါ့။
ဘုရားခေတ်က သီဟစစ်သူကြီးက အလှူဒါနတွေပြုပြီး ဘုရားကို မေးလျှောက်ဖူးပါတယ်။

တပည့်တော်တို့ ဒီလိုကုသိုလ်ကောင်းမှုတွေ ပြုလုပ်တာ ဘာအကျိုးတွေရပါသလဲဘုရားတဲ့။ ဘုရားရှင်က ဒီလိုအဖြေပေးခဲ့ပါတယ်။
၁။ လူနတ်တို့ချစ်ခင်တယ် ။
၂။ မိမိအိမ်ရာဌာနကို သူတော်ကောင်းတို့သာ ၀င်ထွက်သွားလာတယ်။
၃။ သွားလေရာ မျက်နှာပွင့်တယ်။
၎။ နေရာတကာ ၀င်ရဲထွက်ရဲတယ်တဲ့။
ဒီလိုသိနိုင်တာသမ္မာဒိဋ္ဌိအယူရှိမှ မရှိရင် မသိနိုင်ဘူး။

နောက်တစ်ခါ နံပါတ်လေးအခွင့်အရေးက မျက်စိ၊ နား၊ လျှာ ၊ ကိုယ်၊ စိတ် အကြည်ဓာတ်အား ကောင်းနေခြင်းဟာလည်း အခွင့်အရေးကြီး တစ်ခုပဲနော်…..။ မျက်စိ မွဲနေ ကန်းနေရင် ဘုရားရှင် ကြွလာတာတောင် မြင်ရပါ့မလား ။
မမြင်ရပါဘုရား
နားကန်းနေရင်ကော တရားသံကြားတရားနာခွင့် ရပါဦးမလား
မရပါဘုရား
ဒီလိုအခွင့်အရေးကောင်းတွေ ဘယ်မှာ အသုံးချမှာလဲ၊ ၀ိပဿနာ သာသနာကြီးပွင့်နေချိန်မှာ ဒါနလောက်နဲ့ ပြီးကြမှာလား။
မပြီးပါဘုရား
ဒါနက ရိက္ခာလောက်ရမှာဗျ ။ သံသရာ ခရီးအတွက် ရိက္ခာနောက် လောက်ပဲရမှာ။

သံသရာခရီးဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ခရီးတိုရှည် မတူကြဘူး။ ဇီးကုန်းက မဟာမြိုင်လာရင် တစ်ရက်ခရီးဆိုတော့ ရိက္ခာနည်းနည်းနဲ့ ရတယ် ၊ ဒီထက်ပိုဝေးရင် ဆန်နို့ဆီဘူး ၂ လုံးလောက်နဲ့ ရပါ့မလား။
မရပါဘုရား
သီလကလည်း ဘ၀ချမ်းသာအောင်တော့ လုပ်ပေးနိုင်ပါတယ် ။ သူများအသက်မသတ်တဲ့သူ ကိုယ့်လာသတ်မှာ မပူရဘူး။ သူများပစ္စည်း မခိုးတဲ့သူ သူခိုးဘေးသူခိုးရန် မပူရဘူး။ သီလက ဘ၀အကျိုးပေးကို အေးအောင်ပဲ တတ်နိုင်တယ် ။ ဒီအကျိုးပေးကို ခံစားမှာက ဒါန…….။။
ဒါန သီလလောက်နဲ့ သံသရာခရီးရှည်ကြီးနဲ့ နှိုင်းစာလိုက်ရင် အကျိုးပေးက ဆန်နို့ဆီဘူး ၂ လုံးစာလောက် ရှိသေးတာ ဒီလောက်ရိက္ခာလေးနဲ့ ခရီးဝေးခရီးရှည်ကြီးကို ဘယ်လိုသွားနိုင်မှာလဲ ။ ဒီရိက္ခာလေး ကိုင်ပြီး ထိုင်နေ ၊ မှိုင်နေ ၊ ငိုင်နေ ၊ ရပ်နေလို့ ခရီးဆုံးမှာတဲ့လားဗျ။
မဆုံးပါဘူးဘုရား

ဒါန သီလ အကျိုးပေးချမ်းသာဆိုတာရော တကယ်ချမ်းသာလို့လား ။ ဒုက္ခတစ်ကျပ်သားရင်းမှ သုခတစ်မတ်သား လောက်ရတာ ချမ်းသာလို့ ခေါ်မလားဗျ။ ဒုက္ခနဲ့ သုခ ဘယ်ဟာပိုများနေတုန်း။
ဒုက္ခကပိုများနေပါတယ်ဘုရား
တို့ တောပြောပြောရရင် နတ်တော်ပြာသိုမှာ ချက်မယ့် ထမင်းအိုးကို ကဆုန်နယုန်က တည်ရတာ၊ မီးမွှေးရတာ ၊ သဘောပေါက်ရဲ့ လား။
ပေါက်ပါတယ်ဘုရား
ကဆုန် နယုန်ထယ်ထိုး ၊ ထွန်ထွန်၊ ကောက်စိုက်ဗျာ၊ နတ်တော်ပြာသိုကျမှ စားရမှာ။ ဘယ်နှယ့်လဲ သုခလား ၊ ဒုက္ခလား။
ဒုက္ခပါဘုရား

ဒါလူမှ ဒုက္ခရှိတာမဟုတ်ဘူးဗျ။ နတ်လည်း နတ်ဒုက္ခ ပိုကြီးပါလိမ့်မယ်။ နတ်ပြည်ဆိုတာ ဘာမှမလုပ်ရတာ။ အချိန်တွေ အားနေတော့ ရန်ဖြစ်လို့ ပိုမကောင်းဘူးလား။ တို့လူ့ပြည်မှာက ရန်ဖြစ်ချိန်မရအောင် အလုပ်များနေလိုက်ကြတာ ၊ ဗြဟ္မာလည်း ဗြဟ္မာဒုက္ခရှိမှာပဲ ၊ ဒီရိက္ခာထုပ်လေးနဲ့ ဘယ်သွားလို့မှ မချမ်းသာဘူး။ သွားပါ -ရှာပါ ဒီရိက္ခာထုပ်ကလေးကိုင်ပြီး ချမ်းသာကိုလိုက်ရှာနေတာ ဘယ်မှာတွေ့မယ်ထင်သလဲ။
မတွေ့ပါဘုရား
မတွေ့တာလမ်းမမှန်လို့ဗျ။ အပြင်လမ်းက သွားနေသရွေ့ ချမ်းသာစစ် ချမ်းသာမှန်ကို ရှာတွေ့မှာ မဟုတ်ဘူး။
ဘုရားခေတ်က ဈာန်အဘိဥာဉ်ရ ရဟန်းတစ်ပါးရှိတယ်။ သူ့တန်ခိုးနဲ့ ကမ္ဘာလောက ဘယ်မှာဆုံးမလဲဆိုတာ လိုက်ရှာသတဲ့ ။ ကမ္ဘာ တစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားတာတောင် ဘယ်မှာမှ အဆုံးမရှိ။
ဆုံးချင်ရင် အတွင်းကလိုက်ရမှာ ၊ မနောက လိုက်ရမှာ။

ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားနိုင်တဲ့ ဈာန်ရပုဂ္ဂိုလ်တောင် ကမ္ဘာတွေမဆုံးပါဘူး ဆိုတာ နင်တို့ဘယ်တော့ဆုံးလို့ ဘယ်တော့ပန်းတိုင်ရောက်မှာလဲ ။
ဒို့ဒကာ ဒကာမများ ခြေတစ်လှမ်းလှမ်းရင် ဘယ်လောက် ရောက်သလဲ ။
ခြေတစ်လှမ်းစာပဲ ရောက်ပါတယ်ဘုရား
ကဲဗျာ ကဲဗျာ ။ ခရီးသွားနှုန်းနဲ့ ရိက္ခာနဲ့ ကမ္ဘာတွေ ဆုံးပါ့မလား။ တွက်ကြည့်ကြဦးနော်။ ပြီးတော့ သွားနေတာ ဘယ်လမ်းကလဲ။
အပြင်လမ်းကပါဘုရား။
အပြင်လမ်းသည် မဆုံးနိုင်သောလမ်း ပန်းတိုင်မရှိသောလမ်း။ မောပြီးပြန်လာရမယ့်လမ်း။ ခရီးကြမ်းဒီဘ၀နဲ့များ မရောက်လို့ကတော့ အပါယ်လေးဘုံဘ၀တွေများ ကျရောက်သွားရင် လမ်းဘယ်မမြင် ၊ လမ်းမရှိတော့ဘူး။ လမ်းပျောက်သွားပြီ။ လူနတ်ဗြဟ္မာကမှ သုခတစ်မတ်သားလောက် ခံစားရသေးတယ်။ အပါယ်လေးဘုံက ဘာတုန်းဗျ။
လုံးလုံးဒုက္ခဘုံပါဘုရား

လူ့ဘုံက သုဂတိဘုံဆိုပေမယ့် ဘ၀ရှိရင် ဒုက္ခရှိမှာပဲ။ ဒုက္ခမသိသေးလို့ သုခမျှော်နေတာ ၊ ဒုက္ခမသိတဲ့ ဖိုးသူတော်လို ဖြစ်နေဦးမယ်။ တစ်ခါတုန်းက နန်းဦးဆရာတော် တောထွက်လာတော့ ဘုရင်ကပင့်ပြီး ဆွမ်းကပ်တယ်။ ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့ ဘယ်လောက်ကောင်းမလဲ စဉ်းစားကြည့်၊ ဒါပေမယ့် ဆရာတော်က ဆွမ်းဘုန်းပေးဖို့ ၀န်လေးနေတယ်။ ဒုက္ခ…… ဒုက္ခ လို့မြွတ်ဟတော်မူတယ်။ ဖိုးသူတော် ကြားသွားတော့ ဒီဒုက္ခမျိုးတော့ ဖိုးသူတော်လည်းခံလိုက်ချင်ပါတယ် လို့ပြောသတဲ့ ဗျ။ ဒုက္ခမသိလို့ ဒီလိုပြောတာ တို့ဒကာ ဒကာမတွေလည်း ဖိုးသူတော်လိုဖြစ်နေဦးမယ် ။

ဒုက္ခမရှိရင် ဒုက္ခမရှိ ဒုက္ခရှာဆိုတာ ဒုက္ခကိုလိုချင်နေတာ ဒုက္ခသိမှ ဒုက္ခဆုံးချင်စိတ်ရှိမှာ ။ ဒုက္ခသိချင်ရင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်စမ်းပါ။ ဒုက္ခဆုံးချင် လောကကဆုံးချင်ရင် အတွင်းလမ်းကသွားကွ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခိုင်းနေတာ။ ဘ၀ဆုံးရာ ဒုက္ခဆုံးရာ သွားပါဆိုတာ ရိပ်သာအတင်းဝင်ခိုင်းနေတာ မဟုတ်ပါဘူး။ တောထွက်ခိုင်းနေတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ခိုင်းရုံလေးပါ။ ဈေးရောင်းတဲ့သူကလည်း ရောင်းမြဲရောင်းရင်း ၊ကိုယ့်ကိုကိုယ်ပြန်ကြည့် စမ်းပါ။ ရုံးသွားတဲ့သူ လယ်ထွန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ်ဗျာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကိုယ့်အကြောင်းကိုယ် သိအောင် သတိလေးနဲ့ ကြည့်ပေးစမ်းပါ။

သညာက သူ့အလုပ်သူလုပ်နေမှာပဲ ။ လုပ်ပါစေ ဈေးရောင်း ထမင်းချက် ရုံးသွားပါစေတို့က သညာလုပ်သမျှ လိုက်မှတ်ပေးနေရမှာ ၊ မှတ်တာရယ် ၊ ကြည့်တာရယ် ၊ ရှူတာရယ် အခေါ်သာကွဲတာ အတူတူပဲ ၊ သတိရဲ့ အမည်တွေပဲ ဒီတော့မှတ်ပါ။ အလေ့အကျင့်မရခင် ခက်ချင်ခက်နေပါလိမ့်မယ်။ မှတ်ပါများတော့ အထူးကြောင့် ကြစိုက်နေစရာ မလိုတော့ပါဘူး။ လုပ်တာနဲ့ မှတ်ပြီးသား အမှတ်မရှိရင် အတွေးဝင်မှာပဲ ။ အဲဒီ့အတွေးက ဒုက္ခ ပေးနေတာ။ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်နေတာ။ တကယ်ပက်ပင်းကြုံရတဲ့ ဒုက္ခက တစ်မတ်သားပဲရှိတာ။ နောက်ကြောင်းပြန် တွေးလို့ဖြစ်တဲ့ ဒုက္ခက ငါးမူးသား။ ရှေ့မျှော်တွေးလို့ ဖြစ်တဲ့ဒုက္ခက တစ်မတ်သား။

ပက်ပင်းကြုံဒုက္ခ တစ်မတ်သားမျိုးကတော့ လူတွေပုထုဇဉ်တွေမှ မဟုတ်ပါဘူး ။ ဘုရားရဟန္တာများသော်မှ ခံရပါတယ် ။ အဲဒါဘာလဲ …..လောကဓံ ။ ဒါပေမယ့် ဒီဒုက္ခ တစ်မတ်သားခံရတာချင်းအတူတူ ဘုရားရဟန္တာများကျတော့ မတုန်မလှုပ် ကျော်နိုင်တော်မူကြတယ်။ ငုတ်မှန်း ခလုတ်မှန်း သိတော့ကျော်နိုင်တာပေါ့ ။ လူတွေကျတော့ ငုတ်မှန်း ခလုတ်မှန်းမသိတော့ ဒုက္ခကို ၀င်တိုက်မိကြတယ်။ ဒုက္ခကို လုပ်လိုက်မိတ်ဆွေဖွဲ့လိုက်နဲ့ ။ ကိုယ့်ကိုယ်ကို ကြည့်ရှု မှတ်စိတ်ကလေးနဲ့ နေတဲ့ ပုဂ္ဂိုလ်သာ ဒီဒုက္ခ တစ်မတ်သားကိုကျော်နိုင်တယ်။ ဒုက္ခလမ်းဆုံးသွားဖို့ သတိက သမထ ပိုင်းကိုတာဝန်ယူပါတယ်။ သမထက ငြိမ်းတာ မှတ်ပါများလာရင် သိစရာရှိတာ သိလာပါလိမ့်မယ် ။သိလာတာ ၀ိပဿနာပဲ အသိကို ၀ိပသနာက တာဝန်ယူပါတယ်။

ဒီတော့ ဒို့ဒကာ ဒကာမများ ဒုက္ခနဲ့ နေမှာလား ၊ ဒုက္ခဆုံးအောင်လုပ်မှာလား ။
ဒုက္ခဆုံးအောင်လုပ်မှာပါဘုရား ။
ဒုက္ခဆုံးရာပန်းတိုင်က အပြင်လမ်းက သွားမှာလား။ အတွင်းလမ်းက သွားမှာလား။
အတွင်းလမ်းကသွားမှာပါဘုရား။
အတွင်းလမ်းဆိုတာ မိမိကိုယ်ကိုယ် ကို အမြဲမပြတ် ရှုမှတ်နေခြင်း၊ အမူအရာလှုပ်ရှားမှုတိုင်းရဲ့  နောက်မှာ အမှတ်သတိလိုက်ပါနေခြင်းဖြင့် အတွင်းမှသည် ကမ္ဘာလောကရဲ့  ဒုက္ခဆုံးရာဆီ ဧကန်မုချအရောက်သွားနိုင်မည် မဟုတ်ပါလား။

မဟာဗောဓိမြိုင်ဆရာတော် မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ (မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။(၁၃၇၁ ခု၊ တပို့တွဲလဆန်း ၁၄ ရက် ၂၈-၁-၂၀၁၁ တွင်ဇီးကုန်းနှင့် သာစည်မှ တပည့်ဒကာ၊ ဒကာမများအား ဟော်တော်မူသည်။ )
source: https://www.facebook.com/san.dar.7165

No comments:

Post a Comment