Saturday, June 28, 2014

အကောင်းဆုံး အလုပ်အင်တာဗျုး ဖြေနည်း


(မက်ဆေ့ပို့ပြီး မေးထားတာလေးပါ)

ကိုယ့်စိတ်ကြိုက်လျှောက်ထားတဲ့ အလုပ်က အင်တာဗျူးခေါ် ပြီဆိုရင်..၀မ်းသာကြပေတော့။ အလုပ်ရဖို့ တ၀က်သေချာပြီ။အလုပ်ခန့် မယ့်သူက သူ့ စိတ်ထဲမှာ အလုပ်နဲ့  သင့် တော်မယ်လို့ မထင်ရင် အချိန်ကုန် ခံပြီး မေးမြန်းနေမှာမဟုတ်ဘူး။အဲဒီတော့ ကိုယ့် ဖက်က လုပ်ရမှာက..အင်တာဗျုးအတွက် အစွမ်းကုန် ပြင်ဆင်ရမှာ။ Prepare, Prepare, Prepare ပေါ့ ။ ဒီအဆင့် ကို ကောင်းကောင်းကျော်ရင်.. ကိုယ်လို ချင်တဲ့ အလုပ်ရပြီ။

အဲဒီတော့ ဘယ်လိုပြင်ဆင်ရမလဲ…
အင်တာဗျုးမဖြေခင်မှာရော၊ဖြေမယ့်အချိန်၊ဖြေပြီးတဲ့ အချိန်မှာရော...လုပ်ရမှာတွေ၊ပြင်ဆင်ရမှာတွေ တော်တော်များများရှိတယ်။ ပြည်တွင်းရော၊နိုင်ငံတကာ အလုပ်တွေမှာပါ ပြင်ဆင်ရမှာတွေကတော့  အတူတူပါပဲ။

(၂)
အင်တာဗျူးမဖြေခင်ဘာတွေ ပြင်ရမလဲ..

အင်တာဗျူးမဖြေခင် လုပ်ရမဲ့ အလုပ် ၂ခု ရှိတယ်။
ပထမလုပ်ရမှာ က…ကိုယ်လုပ်မယ့် ကုမ္ပဏီ၊အဖွဲ့ အစည်း၊ဌာန အကြောင်းသိအောင်လုပ်ရမှာ။ သူတို့ က ဘယ်လို အဖွဲ့ အစည်း၊ဘယ်လို အလုပ်တွေလုပ်နေတယ်ဆိုတာပေါ့။ ဒါတွေကိုတော့  သူတို့ အဖွဲ့ အစည်းအကြောင်း ရေးထားတဲ့ ကြော်ငြာတွေ၊Website တွေကနေသိနိုင်တယ်။ သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေ ဆီကလဲ သိအောင်လုပ်နိင်တယ်။ ဒီအချက်မှာ နောက်ပိုင်းပြောမယ့် အင်တာဗျူးအတွက် မေးခွန်း တွေပြင်တဲ့ နေရာမှာ တော်တော် အသုံးဝင်တယ်။

ပြီးတော့ ..ကိုယ်လုပ်ရမှာက ဘယ်အပို်င်း၊ ဘယ်ဌာန။ကိုယ့် တာဝန်ကဘာဆိုတာ …သေချာလေ့လာရမှာ။ ဒါအတွက် ကတော့ ..အရင်ဆောင်းပါး မှာ ပြောခဲ့ သလို အလုပ် ကြော်ငြာစာ မှာပါတဲ့ Job description နဲ့ requirement ကနေ သိနိင်တယ်။ ဖြစ်နိုင်လို့ ..သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေဆီ ကသိနိုင်ရင် ပိုအသေးစိတ်သိရတာပေါ့ ။ ဒီဟာကလဲ အင်တာဗျုး မေးခွန်းတွေအတွက် ပြင်တဲ့ နေရာမှာ တော်တော်အသုံးဝင်တာတွေ့ လိမ့်မယ်။ သေချာလေ့လာပါ။

ဒါတွေလေ့လာပြီးပြီ၊ သိပြီဆိုရင်..နောက်လုပ်ရမှာက..အင်တာဗျူးမှာ မေးနိုင်တဲ့ မေးခွန်းတွေအတွက် ပြင်ဆင်ရမှာ။ အင်တာဗျုးတော်တော်များများမှာ..ဒီလို မေးခွန်းတွေပဲ မေးတတ်တာဆိုတော့.. တခါပြင်ထားရင်.. နောက်အလုပ်တွေလျှောက်လို့ အင်တာဗျုးတွေဖြေရရင်လဲ. သိပ်ပြင်စရာမလိုတော့ ဘူးပေါ့။ လျှောက်တဲ့ အလုပ်နဲ့ ကိုက်အောင် နဲနဲ ပြောင်းသင့်တာ ပြောင်းလိုက်ယုံပဲ။ဒါကြောင့် ပထမတစ်ခါ မှာ သေချာပြင်ဆင်ပါ။

အင်တာဗျုးမှာ ဘယ်လို မေးခွန်းတွေမေးတတ်သလဲ။
အင်တာဗျှုးတော်တော်များများမှာ အောက်က မေးခွန်း ၇ မျိုး ကို မေးလေ့ရှိတာတွေ့ ရတယ်။

(၁)မင်းအကြောင်းပြောပြပါ။
(၂)မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ။
(၃)အဲဒီ အရင်အလုပ်တုန်းက..အောင်မြင်မှု တွေရှိခဲ့ ရင် ပြောပြပါ။
(၄)ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ။
(၅)ဘာ့ကြောင့့်တို့ ရဲ့ အလုပ်မှာ လုပ်ချင်တာလဲ။
(၆)မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ။
(၇)မင်းအနေနဲ့ ဘာတွေသိချင်တာတွေ၊မေးစရာတွေ ရှိသလဲ။
(၇)လစာ ဘယ်လောက်မျှော်လင့်သလဲ။

အဲဒီမေးခွန်းတွေ အတွက် ပြင်ဆင်တဲ့အခါ အရေးအကြီးတချက်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။အဲဒါကတော့ အတွေ့ အကြုံတွေ၊အရည်အချင်းတွေ ကို စဉ်းစားရင် အခုအင်တာဗျူးဖြေမယ့် အလုပ်နဲ့ သက်ဆိုင်တာကိုပဲ စဉ်းစားထား၊ ပြောဖို့ ပြင်ဆင်ထားပါ။ ဘာလို့ လဲဆိုတော့ ..အလုပ်ခန့် မယ့် သူ က သူ့ အလုပ်နဲ့  ကိုက်ညီတဲ့သူကိုပဲ စဉ်းစားမှာ။ကိုယ့် မှာ အရည်အချင်း၊အတွေ့ အကြုံတွေ ဘယ်လောက်ပဲ ရှိရှိ သူ့  အလုပ်နဲ့  မသက်ဆိုင်တာတွေ ဆိုရင် ဘယ်စိတ်ဝင်စားပါ့ မလဲ။ ဒါကြောင့် သူတို့ နေရာကနေ..ကိုယ်ဝင်တွေးပြီး မေးခွန်းတွေ ပြင်ဆင်ရမှာ။

(၃)
ကဲ..မေးခွန်းတခုချင်းအတွက် ပြင်ကြရအောင်။
အင်တာဗျုးမေးတဲ့ သူက..ပထမဆုံး ..စကားစမြည်လေးနဲနဲ ပြောလိမ့်မယ်။ပြီးရင်..စမေးလေ့ ရှိတာက..

(၁)ကဲ..မင်းအကြောင်းလေးပြောပြစမ်းပါ..လို့ ။ အဲဒီမေးခွန်းအတွက်..ကိုယ့် အကြောင်းကို ဘယ်က စပြောမယ်။အင်တာဗျုးခေါ်တဲ့  အလုပ်နဲ့ လျှော်ညီအောင်ဘယ်လောက်တော့ ပြောမယ်ဆိုတာ စဉ်းစားထား၊ပြင်ဆင်လေ့ကျင့် ထားပါ။ တချို့ တွေ့ ဘူးတယ်..ကိုယ့် အကြောင်းပြောတာတောင်မှ ပြင်ဆင်မထားတော့ ..အဲ..အား..နဲ့ ..ခွေး’အ’ ကြီး လှည်းနင်း ခံရသလို ..အစီအစဉ် မကျဘူး။ဒါနဲ့ ပဲ .. ရှေ့ဆက်မေးမှာတွေအတွက် ကိုယ့် အပေါ် အထင်အမြင်က မကောင်းတော့ ဘူး။

(၂) နောက်မေးခွန်း က…မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ လို့ ။ အလုပ်ခန့် မဲ့ သူက အရင်အလုပ်တုန်းက ဘာအတွေ့ အကြုံတွေရှိတယ်။ဒီအတွေ့ အကြုံတွေကို အခု လျှောက်တဲ့ အလုပ်မှာ ဘယ်လို အသုံးဝင်တယ်ဆိုတာ..သိချင်တယ်လေ။ အစကပြောခဲ့ သလို ပဲ အလုပ်ကြော်ငြာစာမှာပါတဲ့  Job description နဲ့ requirement တွေကိုသေချာဖတ်ပြီး .. ကိုယ့် အရင်ကအတွေ့ အကြုံတွေ အများကြီးထဲက အခု အလုပ်နဲ့ သင့်တော်တာကို စဉ်းစား၊ပြင်ဆင်ထားပါ။
ဘွဲ့ ရကာစလူငယ်တွေ အတွက်ပြောချင်တာက..အရင်အလုပ်အတွေ့ အကြုံ မရှိလဲ တချို့ ကျောင်းတက်တုန်းကတွေ့ ကြုံရတာတွေဟာ အခု အင်တာဗျူး ခေါ်တဲ့  အလုပ်နဲ့ ကိုက်ညီတယ်ဆိုရင် .အတွေ့အကြုံ အဖြစ် ပြောပြရမှာ။ ဥပမာ..ကုန်တိုက်မှာ..အရောင်းဝန်ထမ်းလျှောက်တယ်ဆိုပါတော့..ကျောင်းအားတုန်း..အိမ်က ဈေးဆိုင်မှာ ကူ ရောင်းခဲ့ဘူးတယ် ဆိုရင် Customer relation ဖောက်သည်နဲ့  ဆက်ဆံတတ်တဲ့  အရောင်းအတွေ့ အကြုံရှိတယ်ဆိုတာထဲ့ပြောရမှာ။ဒါမျိုးကို.. Transferable skill အလုပ်တခုကနေ အခြားအလုပ်တခု မှ လွဲပြောင်းသုံးနိုင်တဲ့ ကျွမ်းကျင်မှု လို့ ခေါ်တယ်။ဒါဟာအရေးကြီးတယ်။

(၃)နောက်မေးခွန်းတစ်ခု က..အဲဒီ အရင်အလုပ်တုန်းက..အောင်မြင်မှု တွေရှိခဲ့ ရင် ပြောပြပါ ဆိုတဲ့ မေးခွန်းပေါ့ ။ ဒါကိုလဲ သေချာတွေးထားရမှာ။အခုနောက်ပိုင်း.. အလုပ်လုပ်ခဲ့တဲ့  အတွေ့ အကြုံသာမကဘူး။လုပ်ခဲ့ အလုပ်တွေပေါ်မှာ ဘာအောင်မြင်မှုတွေရ ခဲ့သလဲဆိုတာ.. ပိုအလေးထားလာကြတယ်။ ဒါကလဲ သေချာစဉ်းစားထားရင်ပေါ်ပါတယ်။မစဉ်းစားပဲ အင်တာဗျူးသွားရင်သာ..ဘယ်ကစပြောရမှန်း မသိဘူး ဖြစ်ကြတာ။ဘွဲ့ ရကာစလူငယ်တွေ အတွက်လဲ..ခုနကပြောခဲ့သလို အိမ်က ဈေးဆိုင်မှာ ကူရောင်းခဲ့တုန်းက ဘယ်ပစ္စည်းကို ဖောက်သည်တွေ ကြိုက်အောင် ဘယ်လို ရောင်းခဲ့ ဘူးတယ်ဆိုတာကလဲ အောင်မြင်မှုပဲပေါ့ ။

(၄)နောက်မေးလေ့ရှိတာက..ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ..လို့ ။ဒီမေးခွန်းကို သတိထားဖြေပါ။ အရင် အလုပ်ရှင်မကောင်းလို့ ..စသဖြင့်  အရင်အလုပ်မကောင်းကြောင်း မပြောမိပါစေနဲ့ ။အဲဒီလို ပြောရင်..အလုပ်ခန့် မယ့် သူက..သူတို့ ကို လဲ မကောင်းကြောင်းပြောနိုင်တယ်ထင်တတ်တယ်။ အကောင်းဆုံးအဖြေကတော့. . အရင်အလုပ်ကကောင်းပါတယ်။ လုပ်ရတာလဲ ပျော်တယ်။ ဒါပေမယ့် . .ဒီထက်အတွေ့ အကြုံရချင်လို့ အခု အလုပ်ကို လျှောက်တာပါ..ဆိုတာမျိုးပေါ့ ။

(၅)နောက်…အလုပ်ခန့် တဲ့ သူတွေသိပ်သိချင်တာက.. ဘာ့ကြောင့့်သူတို့ ရဲ့အလုပ်မှာ လုပ်ချင်တာလဲ..ဆိုတာပဲ။ မေးပါလိမ့် မယ်။ ဒါကျတော့ အရင်ဆောင်းပါးတပုဒ်ဖြစ်တဲ့ . .အကောင်းဆုံးမိတ်ဆက်စာရေးနည်း မှာ ပြောထားသလို ..”လူကြီးမင်းတို့ အဖွဲ့ အစည်း၊ကုမ္ပဏီက ဒါတွေလုပ်နေတယ်ဆိုတာ..ကျနော်သိတယ်”။(ဒါကြောင့် ..အစမှာပြောခဲ့တာ။ကိုယ်အလုပ်လျှောက်တဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီ အကြောင်းသိအောင်လုပ်ထားဆိုတာ။ အဲဒီလိုပြောရင်သူတို့အကြောင်း တော်တော်လေ့လာထား တာပဲ ဆိုပြီး..အင်တာဗျုးတဲ့ သူတော်တော်သဘောကျသွားပြီ။)”ခင်ဗျားကလဲဒီလို အရည်အချင်း၊ ဒီလို အတွေ့ အကြုံရှိတဲ့သူ ရှာနေတယ်။ ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊အတွေ့ အကြုံတွေရှိတယ်။ ကျနော်ကလဲ ကျနော်အရည်အချင်းတွေ အစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို သိပ်စိတ်ဝင်စားလို့ ခင်ဗျားတို့  အလုပ်မှာ လုပ်ချင်တာ ဆိုရင် သူတို့ ဘယ်လောက်သဘောကျ မလဲ။ စဉ်းစားသာကြည့် ။

(၆)တခါတလေ..မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ..လို့ မေးတတ်တယ်။ ဒီမေးခွန်းကျတော့ ..အထူးသဖြင့် အားနည်းချက်ဖြေဖို့ စဉ်းစားထားရမယ်။ ကိုယ့် ရဲ့ အားနဲချက်ကို positive ကောင်းတဲ့  အမြင်နဲ့ ဖြေနိင်ဖို့ ပြင်ဆင်ထားရမယ်။ဥပမာ..ကျနော်က အလုပ်ပေါ် အလွန် ဇောကပ်တာ။ ညနေပြန်တာ နောက်ကျလို့ မိသားစုတွေ မကြိုက်ဘူး။ အဲဒါ ကျနော့  အားနည်းချက်ဖြစ်နေတာပေါ့ ဗျာ..ဆိုရင် အလုပ်ကိုတော့ ဂရုစိုက်မယ့် သူပဲ ဆိုပြီး အလုပ်ခန့် မယ့် သူဖက်က မြင်နိုင်တာပေါ့။ဒါမေးခွန်းကိုတော့ သေချာတွေးပြီးပြင်ဆင်ထားပါ။

(၇)သူတို့ မေးချင်တာ..မေးပြီးသွားရင်..မဖြစ်မနေမေးတဲ့ မေးခွန်းကတော့ ..မင်းအနေနဲ့ ဘာတွေသိ ချင်လဲ။ မေးစရာတွေ ရှိသလဲလို့ ။တကယ်တော့ အင်တာဗျုးဆိုတာ..အလုပ်ခန့် မယ့် သူကပဲမေး၊ ကိုယ်က ဖြေပဲဖြေ ရတာမျိုး မဟုတ်ဘူး။ ကိုယ်သိချင်တာလဲ မေးကိုမေးရမယ်။ ဘာလို့ လဲဆိုတော့ ..သူတို့ က မကြိုက်ရင့် ကိုယ့် ကို မခန့် လို့ ရသလို ..ကိုယ်ကလဲ သူတို့ ရဲ့ အဖွဲ့ အစည်း၊အလုပ်ကို မကြိုက်ရင် မလုပ်ပဲ နေလို့ ရတဲ့ အခွင့် အရေးရှိတယ်လေ။
ဒီတော့ သိချင်တာ မေးကို မေးရမယ်။အနဲဆုံးအင်တာဗျုးဖြေပြီးရင်..ကိုယ့် ကို ရွေးမရွေးဘယ်လို အကြောင်းကြားမယ် ဆိုတာလောက် တော့ မေးရမယ် မဟုတ်လား။
မေးစရာမေးခွန်း မရှိရင် အလုပ်အကြောင်းသိပ်စိတ်ဝင်စားပုံမရပါဘူး.လို့ တစ်ချို့ အင်တာဗျူးတဲ့ သူတွေ ထင်တတ်တယ်။ ဒါပေမယ့် မေးခွန်း မေးရရင်ြ့ပီးရောဆိုပြီး ဖြစ်သလို တော့မမေးပါနဲ့ ။ ကိုယ်တကယ်သိဖို့ လိုတာ မေးပါ။ တချို့ ကတော့.. လူအထင်ကြီးစေတဲ့  မေးခွန်း တွေနဲ့ တော်တော်မေးတတ်တယ်။ ဒါကြောင့် ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို သေချာစဉ်းစားထား၊ ပြင်ထားကြပါ။

(၇)နောက်ဆုံး..အရေးကြီးဆုံး မေးခွန်းကတော့ ..လစာ ဘယ်လောက်မျှော်လင့်သလဲ ဆိုတာပဲ။ ဒါကျတော့..ကိုယ်က ပါးပါးနပ်နပ်ရှိရမယ်။သူတို့ ရဲ့ အဖွဲ့ အစည်း၊ကုမ္ပဏီကလဲ လေးစားရတဲ့ အဖွဲ့ အစည်း ဖြစ်တယ်ဆိုရင်..အဖွဲ့ အစည်း ရဲ့ မူအတိုင်းပဲလုပ်ပါ၊ လက်ခံပါတယ်ဆိုပြီး..သူတို့ သဘောလွှတ်ပေးထားလိုက်ပါ။သူတို့ မှန်မှန်ကန်ကန် လုပ်လိမ့် မယ်။ ကိုယ်သွားတောင်းရင်တောင်မှ.လစာနဲ နေနိုင်တယ်။တကယ်လို့  သူတို့ ရဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီကဘယ်လို မှန်းမသိရင်တော့ ..ကိုယ် မျှော်လင့်တာ ပြောပြလိုက်ပါ။တခါတလေ ကျနော်တို့ က ကိုယ်က တောင်းတာ သိပ်များများသွားရင် အလုပ်မခန့် တော့ဘူးလို့ များရှိမလား လို့ .ထင်ပြီးလျှော့ ပြောတတ်တယ်။ တကယ်တော့ အလုပ်ခန်ု့ ဖို့ စဉ်းစားတဲ့ နေရာမှာ လစာ များတာက သိပ်အရေးမကြီးဘူး။အရည်အချင်းကြိုက်ရင်ခန့် မှာပဲ။ သိပ်ဈေးမချပါ နဲ့ ။သူတို့ မှာလဲ မှန်းထားတဲ့ လစာ ရှိပြီးသား။ကိုယ်မျှော်လင့်တာသိပ်များနေရင်..ညှိနှိုင်းပါလိမ့် မယ်။
ကဲ..အခု အင်တာဗျူးမှာ မေးတတ်တဲ့ မေးခွန်းတွေလဲသိပြီ၊အဖြေတွေကို ဘယ်လို ပြင်ရမလဲ ဆိုတာ လဲ သိပြီ။ ဒီတော့ ဘယ်လိုဖြေမယ်ဆိုတာသေချာပြင်ထားကြပေတော့ ။ မြန်မာလို မေးရင် မြန်မာလို၊ အင်္ဂလိပ်လို မေးရင် အင်္ဂလိပ်လိုပေါ့ ။ အရေးကြီးတာက .. ကိုယ့် ရဲ့ ပါးစပ်ကအဖြေတွေကို ရှောရှောရှူရှူ ပြောတတ်တဲ့ အထိ.. နေ့ တိုင်း လေ့ကျင့်ဖို့ ပဲ။

(၄)
ကဲ..အင်တာဗျူးဖြေမယ့် နေ့ ရောက်လာပြီ။ဘာတွေလုပ်ရမလဲ..
အဲဒီနေ့ မှာ အဓိကလုပ်ရမှာက Mental preparation ကိုယ့် ရဲ့ စိတ်ကို လေ့ကျင့်ပြင်ဆင်ဖို့ ပဲ။ အင်တာဗျုးမှာ မေးမဲ့ အကြောင်းအရာတွေ၊အဖြေတွေ အတွက် အားလုံးပြင်ဆင်ပြီးပြီ။ စိတ်ပူ မနေတော့ ။ready ပဲ။ အဓိကအရေးကြီးတာက..ကိုယ့်ကိုယ်ကို သက်တောင့် သက်သာရှိအောင်၊
မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိအောင်စိတ်ကို ပြင်ဆင်ထားရမှာ ။ဘာမှတွေးမပူပဲ… စိတ်ကိုအေးအေးဆေးဆေးထား။ ငါ သေချာပြင်ဆင်ပြီးပြီ..ဘာလို့ စိုးရိမ်ဖို့ မလိုဘူး၊ငါအောင်မြင်မယ် ဆိုတာ ယုံကြည်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် Autosuggestion အားပေးနေပါ။ သက်တောင့် သက်သာ ၊မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့ ပုံစံဟာ ကိုယ့် အတွက်လဲ ကောင်းသလိုလူတိုင်းလဲ သဘော ကျ တဲ့ ပုံစံပေါ့ ။
နောက်တခု က..အ၀တ်အစား ၀တ်တာပြောချင်တယ်။Professional ကျကျ ၀တ်စားပါ။ အင်တာဗျူး မယ့် သူက ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေပါစေ။ Formal သပ်သပ်ရပ်ရပ်ဝတ်စားကြပါ။ အလုပ်ဆိုတဲ့ Professional ဘ၀ အတွက် အင်တာဗျုးသွားဖြေတာဟာ Professional ပဲ ဖြစ်နေရပါမယ်။ အင်တာဗျုးရင်သွားရင်ဝတ်ဖို့ အ၀တ်အစားတစ်စုံလောက်တော့  ရင်းနှီးမျြတ်နှံ ထားကြပါ။
ပြီး ..အင်တာဗျူး ခန်းထဲ ကို ရဲရဲ ၀င့် ဝင့်၊ယုံကြည်မှု အပြည့် နဲ့ ဝင်ပါ။ ဒါပေမယ့်..Overconfidence ယုံကြည်မှုတွေလွန်ကဲပြီး စကားပြောတဲ့ နေရာ Informalသူငယ်ချင်းအချင်းပြောတဲ့ ပုံစံမဖြစ်ပါစေနဲ့ ။ (သူငယ်ချင်းဖြစ်နေရင်တောင်မှ) Formal လေးလေးစားစား ပြောဆိုပါ။ ဒါပေမယ့် .. ရဲရဲ ရင့် ရင့် နဲ့ ယုံကြည်မှု အပြည့် ရှိပါစေ။
ကဲ အင်တာဗျုးဖြေပြီးရင် လုပ်စရာ ပြီးပြီလား...
တကယ်တော့..အင်တာဗျုးဖြေပြီးပေမယ့် လုပ်စရာကမပြီးသေးဘူး။အင်တာဗျုးခဲ့ သူတွေကို Follow-up ဆက်သွယ် နေဖို့ုလိုသေးတယ်။ အီးမေလ်နဲ့ ဆက်သွယ်လို့ ရရင်. ကျေးဇူးတင်ကြောင်း၊ နောက်တစ်ဆင့် အတွက် စောင့် မျှော်နေကြာင်း.. အီးမေလ် ပို့ ပါ။ အဲဒီလို ဆက်သွယ်တွေ ဟာ..လူအများကြီးထဲကနေ ထူးခြားတဲ့ ကိုယ့် ကို သတိထားမိစေတယ်။

(၅)
ကဲ.. အင်တာဗျုးကို လဲ အကောင်းဆုံးပြင်ဆင်၊အတတ်နိုင်ဆုံး ဖြေ ပြီးပြီ။ ဒီလို Professional ကျတဲ့ သူ၊ ကိုယ့် အလုပ်အတွက်တကယ်အသုံးဝင်မဲ့ သူကို ဘယ်အလုပ်ရှင်က လက်လွှတ်ခံနိုင်ပါ့ မလဲဗျာ။ ကြည့် နေ၊ အလုပ်ခန့် စာ မကြာခင်ရောက်လာလိမ့် မယ်။

အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျို:

No comments:

Post a Comment