ယနေ့မိမိတို့အားလုံးဟာ သုံးဆယ့်တစ်ဘုံထဲမှာ ကျင်လည်နေရတဲ့အတွက်ကြောင့်မို့လို့ ယနေ့တိုင်အောင် သေမင်းလက်တွင်းမှာ မရှိနေဘူးလားဆိုတော့………ရှိနေပါတယ်။ သေမင်းလက်တွင်းမှာရှိနေတာသည် ဘယ် ထဲမှာ ရောက်နေလို့…..သုံးဆယ့်တစ်ဘုံထဲရောက်နေလို့ပါ။ ဟောဒီရရှိထားတဲ့ ၃၁ ဘုံထဲမှာ အားလုံးသော သတ္တ၀ါတွေပိုင်ဆိုင်ထားတဲ့ ခန္ဓာ ၊ အပါယ်လေးဘုံကိုရောက်တော့လည်းပဲ ဒီခန္ဓာရတဲ့ မည်သူမဆို မရဏဆိုတဲ့ သေမင်းလက်က မလွတ်ပါဘူး။ လူ့ဘုံကိုရောက်ပြန်တော့လည်း တစ်ဆင့်မြင့်တယ်တာ ပြောတာပါ။ ခန္ဓာရထား တဲ့အတွက် မရဏလက်တွင်းမှာပဲ ရှိပါတယ်။ နောက်ထပ်တစ်ဆင့်မြင့်တဲ့ နတ်ပြည်ရောက်လည်းပဲ ဩော် မြင့်မြတ်တယ်သာ ပြောတာပါ …ခန္ဓာရထားတော့ မရဏလက်တွင်းမှာပါပဲ။ အသက်ရှည်ပါတယ်ဆိုတဲ့ ဗြဟ္မာ ကြီးတွေလည်း ခန္ဓာရတော့ မရဏလက်တွင်း သက်ဆင်းရတာပါပဲ။
သုံးဆယ့်တစ်ဘုံထဲမှာရောက်နေကြတဲ့ သ တ္တ၀ါတွေသည် တစ်ခြားကြောင့်ရောက်တာလား ကံအကျိုးပေးကြောင့် ရောက်တာလားဆိုတော့ ….ကံအကျိုး ပေးကြောင့် ရောက်ရတာပါ။ ကံအကျိုးပေးကြောင့် ရောက်လာကြတဲ့ ၃၁ ဘုံထဲက သတ္တ၀ါတွေသည် ဘယ် တုန်းကမှ လွတ်လမ်းမရှိ လောက်အောင်ကို အမြဲတမ်း မရဏသေမင်းနဲ့ပဲ လက်တွဲပြီးနေခဲ့ရတယ်။ သူ့လက် တွင်းက လွတ်တယ်ကို မရှိပါဘူး။ အဲ့လိုဆိုရင် ငါတို့တွေသည် ခန္ဓာရလို့ သေမင်းလက်ကမလွတ်ဘူးဆိုတာကို သဘောပေါက်သလိုပဲ အပါယ်လေးဘုံကျတဲ့ ပုဂ္ဂိုလ်တွေလည်း သေမင်းလက်တွင်းမှာရှိလို့ ငါတို့ကွာ ဒီနေရာ တော့ သွားလို့မရဘူးဟေ့…သေမင်းလက်က လွတ်ချင်ရင်တော့ လူ့ပြည်တက်မယ်လို့ စဉ်းစားပြန်တော့လည်း ခန္ဓာရတဲ့အတွက် သေမင်းလက်ထဲမှာဆိုတော့ မလွတ်ပြန်ပါဘူး။
ဩော် ငါတို့တွေသည် လူ့ပြည်ရောက်တော့ လည်းပဲ သေမင်းလက်တွင်းမှာမို့ စိတ်မချရသေးဘူး သေမင်းမြင်တဲ့နေရာပါလား။ အဲ့ဒါကြောင့် နတ်ပြည်များ တက်ပြီးသွားရင် ရမလားဆိုပြီး အနည်းငယ်များအတွေးပေါက်လို့ နတ်ပြည်ရောက်ကြောင်း ကောင်းမှု့ကံလုပ် ပြီးတော့ ကြိုးစားလိုက်ပါတယ်။ ဟော..နတ်ဇာတိရတော့လည်း ဘယ်သူ့လက်ထဲ…သေမင်းလက်ထဲမှာပဲ။ ဒါဆို ဗြဟ္မာကြီးတွေတော့ အသက်ရှည်ရတယ်ဟေ့…သူတို့တော့ မသေနိုင်ကောင်းလောက်ဘူးဆိုပြီး အဲ့ဒီဗြဟ္မာဘ၀ လေးကို သဘောကျပြီး ခင်မင်တဲ့တဏှာနဲ့ကြိုးစားတဲ့ကံတွေကြောင့် ဟောဒီမှာဗြဟ္မာဇာတိရတော့လည်း ဘယ်သူ့လက်ထဲမှာ ..သေမင်းလက်ထဲမှာပဲ။
ကဲ …ဘယ်နေရာကိုသွားသွား သေမင်းလက်က လွတ်သလား.. မလွတ်ပါဘူး။ အဲ့တော့ သေမင်းမမြင်ရာ ရှာကြဖို့ လိုပါပြီ…ရောက်ခဲ့တဲ့နေရာတွေက သေမင်းမြင်ရာချည်းပဲ။သေ မင်းမြင်တဲ့နေရာတွေပဲ ရောက်ခဲ့တဲ့အတွက် အသေတွေလည်းထပ်ခဲ့ရပါပြီ…အရိုးတွေလည်း တောင်လိုပုံခဲ့ရပါပြီ မသေရတဲ့ ဘ၀ဆိုတာလည်းပဲ တစ်ခါမှ မကြုံခဲ့ရပါဘူး။ သေရတဲ့ ဘ၀ချည်းပဲ။ ၃၁ဘုံထဲမှာ ငါတို့နေသမျှတော့ သေမင်းလက်က ဘယ်တော့မှ မလွတ်နိုင်ပါလား။ သေမင်းမြင်တဲ့နေရာတွေပဲ ရောက်ခဲ့ရလို့ ယနေ့တော့ သာသနာနဲ့ကြုံတုန်း မြတ်စွာဘုရားပြခဲ့တဲ့ လမ်းအတိုင်း သေမင်းမမြင်ရာကို လျှောက်လှမ်းနိုင်ပါပြီ။
ဆရာတော်အရှင်ပုညာနန္ဒ၏ သေမင်းမမြင်ရာ တရားတော်မှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။
No comments:
Post a Comment