Saturday, October 8, 2011

နားအကြားအာရုံ ချို့ယွင်းစပြုနေသူများ လိုက်နာသင့်သော နည်းလမ်းများ


သီချင်းသံ ဖွင့်ထားတာကို တခြားသူတွေ ကောင်းကောင်းကြားရပေမယ့် သင်မကြားရလို့ စိုးရိမ်နေပါသလား။ အကြားအာရုံကို ပြန်ကောင်းမွန်လာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။

ကိုယ်လက်လှုပ်ရှားပါ
ကိုယ်လက်လှုပ်ရှားအားကစား လုပ်ပေးလေလေ အကြားအာရုံက ပိုကောင်းမွန်လာလေလေပါပဲ။ အကြောင်းကတော့ စက်ဘီးစီးခြင်းနဲ့ လမ်းလျှောက်ခြင်းလို အေရိုးဗစ်အားကစားတွေဟာ အဆုတ်ဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေပြီး နားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးစီးဆင်းမှု အားကောင်းစေတာကြောင့်ပါ။ ဒါကြောင့် နားအကြားစွမ်းရည် တိုးတက်တာဖြစ်ပါတယ်။

ထောပတ်သီးစားပါ
ထောပတ်သီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ ဆူညံသံကြောင့်ဖြစ်တဲ့ အကြားအာရုံ ထိခိုက်ခြင်းမဖြစ်အောင် နားကို အကာအကွယ်ပေးပါတယ်။

ဝိုင်အလွန်အကျွံ မသောက်ပါနဲ့
အရင်ကတော့ ဝိုင်သောက်ရင် နှလုံးအတွက် ကောင်းကျိုးရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေ က ဆိုပါတယ်။ တစ်နေ့မှာ ဝိုင်တစ်ခွက်ကနေ သုံးခွက်သောက်ရင် အသက်အရွယ်နဲ့ ဆက်စပ်နေတဲ့ အကြားအာရုံပြဿနာမဖြစ်အောင် ကာကွယ်ပေး နိုင်တယ်လို့လည်း သုတေသီတွေက ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဝိုင်ကို အလွန်အကျွံ မသောက်သင့်တော့ ကြောင်း၊ ဝိုင်ကို လေးခွက်နဲ့အထက် သောက်တာဟာ အရက်ပြဿနာကိုသာမက အကြားအာရုံဆုံးရှုံးမှုနဲ့ပါ ဆက်စပ်မှုရှိနေကြောင်း လေ့လာမှုတွေက ဆိုထားပြန်ပါတယ်။

နားကြပ် တပ်ဆင်ပါ
နေ့စဉ်ကြားနေရတဲ့ မီးစက်သံ၊ ကားသံ၊ စက်ရုံအလုပ်ရုံထဲက အသံတွေ စတာတွေဟာ နားအကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆူညံသံတွေ ကြားနေရချိန်မှာ နားကြပ် ဒါမှမဟုတ် နားထဲ ဂွမ်းစထည့်ထားပေးပါ။

သွားကို ဂရုစိုက်ပါ
သွားကို ကောင်းကောင်း ဂရုစိုက်လေလေ၊ နားအကြားအာရုံ ကောင်းလေလေပါပဲ။ သုတေသနတွေအရ နားအကြားအာရုံနဲ့ သွားကျန်းမာရေးဟာ ဆက်စပ်မှုရှိနေကြောင်း သိရပါတယ်။ သွားတစ်ချောင်းဆုံးရှုံးတာနဲ့ အကြားအာရုံ ထိခိုက်နိုင်ခြေ မြင့်တက်ခြင်း ဆက်စပ်မှုရှိပေမယ့် အကြောင်းရင်းကိုတော့ သိပ္ပံပညာရှင်တွေက မသိကြသေးပါဘူး။ မေးရိုးအနေအထားဟာ နားစည်ကို သက်ရောက်စေနိုင်သလားဆိုတာကို ရှာဖွေလေ့လာနေကြဆဲပါ။

ဟောက်သံကို သတိထားပါ
သင့်အကြားအာရုံကို ထိခိုက်စေတဲ့ ဟောက်သံရဲ့ အန္တရာယ်ကိုတော့ သတိပြုမိမှာ မဟုတ်ပါဘူး။ သုတေသနတွေအရ ဟောက်သံဟာ ယာဉ်ကြောထူထပ်တဲ့နေရာက အသံထက် ပိုကျယ်လောင်ကြောင်း၊ အိပ်တိုင်းဟောက်တတ်ရင် အချိန်ကြာတာနဲ့အမျှ နားကို ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ဟောက်သံ မထွက်အောင် ဝိတ်လျှော့ခြင်း၊ ဘေးစောင်းအိပ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ကုသခြင်းနဲ့ အရက်ရှောင်ခြင်းတွေကို လိုက်နာပါ။

ဂျင်ကိုဘီလိုဘာ မှီဝဲပါ
ကျန်းမာစေတဲ့ဘဝရဖို့ ဆေးဖက်ဝင်အားဖြည့်ဆေးတချို့ကို မှီဝဲသင့်ပါတယ်။ ဥရောပ လေ့လာမှုများစွာအရ ဆေးဖက်ဝင်အပင်တွေဟာ အကြားအာရုံကို အားကောင်းစေ ကြောင်း၊ ဂျင်ကိုဘီလိုဘာဟာ သွေးစီးဆင်းမှုကောင်းစေကာ နားအကြားအာရုံကို ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ သင်ရဲ့အကြားအာရုံ ဆုံးရှုံးမှုအတိုင်းအတာပေါ်မူတည်ပြီး ဂျင်ကိုဘီလိုဘာ (Gingo Biloba) ကို နေ့စဉ် ၁၂-၁၂၀ မီလီဂရမ်ကြား မှီဝဲပေးပါ။

Ref: Good Health

No comments:

Post a Comment