"သတိတစ်လုံး၊ လက်ကိုင်သုံး၊ အားလုံးကိလေ၊ အောင်နိုင်ပေ"တဲ့ ဆရာတော် သီကုံး ထားတဲ့ လင်္ကာလေး ဖြစ်ပုံရပါတယ်။ သတိရဲ့ စွမ်းအားကို ဖေါ်ပြထားတဲ့ လင်္ကာလေး ပါပဲ၊ ကမ္ဘာလောကကြီးမှာ တွေ့ကြုံနေရတဲ့ ရာနှုန်းပြည့် ဆင်းရဲနေရတဲ့ မြစ်ရင်း အကြောင်း တရား ဟာ ကိလေသာတွေ ပါပဲတဲ့၊ ကိလောတွေဆိုတာ စိတ်ကို ညစ်ငြူးအောင် လုပ်တဲ့ လောဘ ဒေါသ မောဟ စတဲ့ တရာဆိုးတွေပါပဲ၊ ဒီတရားဆိုးတွေကို မအောင်နိုင်သေးသမျှ ဒုက္ခတွေ ကတော့ တွေ့နေကြရအုံးမှာပဲ၊ ဒီတရားဆိုးတွေ အောင်နိုင်ဖို့ နည်းလမ်း မရှိတာတော့ မဟုတ် ပါဘူး၊ ရှိပါတယ်၊ အဲဒီနည်းလမ်းက သတိတစ်လုံး လက်ကိုင်သုံးတဲ့ နည်းပါပဲ။

သတိဉ္စ ခွါယံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ၀ဒါမိ တဲ့၊ ဘုရားဟောခဲ့တဲ့ ပါဠိ စကားပါပဲ၊ မြန်မာ လိုကတော့ " ဘိက္ခုတို့…. သတိကို ကိစ္စခပ်သိမ်းမှာ လိုအပ်တယ်လို့ ငါဘုရား ဟောတယ်" တဲ့၊ သတိဟာ ပိုတယ်လို့ မရှိဘူး၊ အမြဲလိုအပ်လျက်ပဲ၊ သွားသတိ, ရပ်သတိ, ထိုင်သတိ, လျောင်းသတိ, ကွေးသတိ, ဆန့်သတိ, မြင်သတိ, ကြားသတိ ,နံသတိ , စားသတိ ,ထိသတိ , ကြံ သတိ . သိ သတိ စသည်နဲ့ သတိကတော့ အရာခပ်သိမ်း အခါခပ်သိမ်းမှာ လိုအပ်နေတာ ပါပဲ။
ဆရာတော်ဟာ အရာခပ်သိမ်း အခါခပ်သိမ်းမှာ သတိထားနိုင်အောင် သတိပွားနိုင် အောင် ယောဂီတွေကို ညွှန်ကြားပေးနေတာပဲ၊ ဆရာတော်ဟာ သတိပဋ္ဌာန် တရားဆေးကို နေ့စဉ် ကိုယ်တော်တိုင်လည်း ဘုဉ်းပေးတော်မူတယ်၊ ယေဂီတွေကိုလည်း တိုက်ကျွေး ပေး တော်မူတယ်၊ ဆရာတော်က သတိပဋ္ဌာန်နဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ် ဖြစ်အောင်တောင် ရေးချင်နေတာ၊ သတိပဋ္ဌာန်တရားကို အားထုတ်နေကြပြီး သတိပဋ္ဌာန် ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်ကြသေးရင်တော့လည်း မကောင်းသေးဘူး၊ နားလည် ထားကြဖို့ လိုတယ်၊ " မြင်းစီးပြီး၊ အထီမှန်း အမမှန်း မသိ" ဆိုတာလို ကိုယ်လုပ်နေတဲ့ သတိပဋ္ဌာန် အလုပ်ရဲ့ အကြောင်းကို မသိကြရင် မတော်ပေဘူး၊ ကောင်းကောင်း သိထားကြမှ တော်ကြ ပေလိမ့်မယ်။
ဆရာတော်ကတော့ သတိပဋ္ဌာန်အလုပ်ကို သက်တော်(28)နှစ်ကနေ သတိပဋ္ဌာန်နဲ့ ပတ်သက်တဲ့ ပါဠိတော်, အဋ္ဌကထာ, ဋီကာတွေကိုလည်း အခါခါ ကြည့်ခဲ့တယ်၊ စတွေ့နဲ့ လက် တွေ့ ပေါင်းစပ်ပြီးတော့လည်း အခါခါ ဟောခဲ့တယ်၊ သတိပဋ္ဌာန် ဆိုတဲ့ စကားလုံးလေး ရဲ့ အဓိပ္ပါယ် ကို ပါဋ္ဌိတော်, အဋ္ဌကထာ, ဋီကာ တွေနဲ့အညီ မိန့်ကြားထားတယ်၊ တိုတိုကျဉ်းကျဉ်း ရှင်းရှင်းပါပဲ။
" သတိပဋ္ဌာန်ဆိုတာ ရှုမှတ်စရာ အာရုံမှာ အနီးကပ် စွဲမြဲတညအောင် သက်ဝင်ပြီး အရှိန်အဟုန်နဲ့ ပြေးဝင်ပြီး ဖြန့်ကျက်ပြီး အမှတ်ရမှုကို ခေါ်တယ်"တဲ့။
မဟာစည်နည်းမှာက ၀မ်းဗိုက်ရဲ့ ဖောင်းတာ ပိန်တာကို ပင်တိုင်အာရုံ အနေနဲ့ ထားပြီး ရှုမှတ်ရတာကိုး၊ ဒါကြောင့် ဆရာတော်က ဖောင်းတာ ပိန်တာ ရှုမှတ်တာကို နမူနာအဖြစ် ထုတ်ပြကာ သတိပဋ္ဌာန်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြထားသေးတယ်။
"ဖောင်းတယ် လို့ မှတ်ရင် စိတ်က ၀မ်းဗိုက်ရဲ့ ဖောင်းမှုအာရုံမှာ အနီးကပ် စွဲမြဲတည် အောင် သက်ဝင်နေရတယ်၊ ပိန်တယ် စသည်နဲ့ မှတ်ရာမှာလည်း ဒီအတိုင်းပဲ" တဲ့ ။
ဆ၇ာတော်က သတိပဋ္ဌာန်လုပ်ငန်း လုပ်ဖို့ အင်မတန် အရေးကြီးကြောင်း အမိန့်ရှိပါ တယ်။ အင်မတန် အရေးကြီးရခြင်းရဲ့ အကြောင်းကိုလည်း ဒီလို အမိန့်ရှိပါထားပါတယ်။
ဒီသတိပဋ္ဌာန်အလုပ်ဟာ……..
၁။ မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စ ဖြစ်တယ်။
၂။ ကိုယ်တိုင် လုပ်မှ ဖြစ်တယ်။
၃။ အချိန်မီ အချိန်မှန် လုပ်ရတယ်။
၎။ အကျိုးရများတယ်။
ဒါကြောင့် အင်မတန် အရေးကြီးတယ် တဲ့။ ဒီအကြောင်း (၄)ရပ်ဟာ လယ်တီဆရာတော် ရေးထားတဲ့ ဒီပနီစာအုပ်တစ်အုပ်ထဲမှာ ပါပုံရတယ်၊ ဆရာတော်က လယ်တီဆရာတော်ရဲ့ စကားကို ယူပြီး သုံးထားတယ်။ ဆရာတော်က အစာစားတဲ့ အလုပ်ကို ဥပမာပေးထားတယ်၊ အစားအစာကို မစားမဖြစ် စားရမယ်၊ ကိုယ်တိုင် စားမှ ဖ်ြစတယ်၊ အချိန်မီ အချိန်မှန် စားရ တယ်။ အကျိုးရများတယ်၊ ဒါကြောင့် အစာအားတဲ့ အလုပ်ဟာ အရေးကြီးတယ်တဲ့ ၊ သတိပဋ္ဌာန် အလုပ်ဟာလည်း အစာစားတဲ့ အလုပ်လိုပါပဲ တဲ့။
သတိပဋ္ဌာန်တရား အားထုတ်ပြီး အိမ်ပြန်သွားကြတဲ့အခါ " ဃရာဝါသော ဗဟုကိစ္စော = ကိစ္စများမြောင် လူတို့ဘောင် " ဆိုတဲ့အတိုင်း အလုပ်ကိစ္စတွေက များလေတော့ သတိ ပဋ္ဌာန် အလုပ်ကို လွတ်ထားရလေမလား၊ ယောဂီလိုလည်း မလုပ်နိုင်တော့ဘူး၊ ဘယ်လို လုပ်မလဲ လို့ ဝေခွဲမရ ဖြစ်နေတတ်ကြတယ်၊ အဲဒီအခါ ဆရာတော်ကို မေးတတ်ကြတယ်၊ ပြည်တွင်း ပြည်ပအစုံပါပဲ မေးကြတာ၊ ပြည်တွင်း ပြည်ပက မေးကြတာကို စာရေးသူလည်း ကြားဖူးတာပဲ၊ ဆရာတော်က ဒီလို အမိန့်ရှိပါတယ်။
" အိမ်ထောင်ရေးကိစ္စ လူမှုရေးကိစ္စတွေ ရှိပေမယ့် သတိပဋ္ဌာန်လုပ်ငန်း အတွက် သီသန့် အချိန် ပေးရတယ်၊ လောကီအလုပ်ကိစ္စနဲ့ သတိပဋ္ဌာန်ကိစ္စလို့(၂)ပိုင်းခွဲရပါတယ်"တဲ့။
ဆရာတော်က စာတွေကို ဖတ်ပြီးတော့လည်း ဗဟုသုတ ရှာမှီးတယ်၊ လေ့လာစရာ တွေကို တွေ့လာရင်လည်း မေးမြန်းစူးစမ်းလေ့ရှိတယ်။ ကားအကြေင်းကို စာတွေ့နဲ့လည်း လေ့လာထားတယ်၊ လက်တွေ့နဲ့လည်း မေးမြန်းစူးစမ်းတယ်၊ လေ့လာမေးမြန်း စူးစမ်းတာ ကလည်း သတိပဋ္ဌာန်လုပ်ငန်းခွင်မှာ အံဝင်လာရင် အသုံးချချင်လို့ပါပဲ၊ ကားနဲ့ ပတ်သက်ပြီး သူ ရရှိတဲ့ ဗဟုသုတကို သတိပဋ္ဌာန်လုပ်ငနးခွင်မှာ သုံးထားပုံလေးကို ကြည့်ပါဦး။
" ခန္ဓာကိုယ်က အလုပ်လုပ်ရင် လုပ်သလောက် အားအင် ကုန်ခမ်းတယ်၊ စိတ်က သတိပဋ္ဌာန်အလုပ် လုပ်ရင် လုပ်သလောက် စိတ်အင်အား တိုးပွားလာတယ်၊ အင်ဂျင်စက်က လည်နေရင် ဘက်ထရီအိုးထဲ ချာဂျင် ၀င်သလိုလိုပဲ။ "
ကားမောင်းတဲ့အခါ စတီယာတိုင်(ပဲ့ထိန်းဘီး) ကို နိုင်အောင် ကိုင်ဖို့လိုတယ်၊ ဘ၀ခရီးနှင်ရာမှာ သတိပဋ္ဌာန် စတီယာတိုင်ကို နိုင်အောင် ကိုင်ဖို့ လိုတယ်။
" ယာဉ်စည်းကမ်းအတိုင်း ယာဉ်ကြောအတိုင်း ကားမောင်းရင် ဒုက္ခမရောက်ဘဲ လိုရာကို ရောက်နိုင်တယ်၊ ကျန်းမာရေး ပညာရေး စီးပွားရေး နိုင်ငံရေး လူမှုရေးတွေမှာ သတိထားရင် မမေ့မလျော့ရင် ခေါင်ထိပ် ရောက်ကြတယ်"တဲ့။
ဆရာတော်က ကျန်းမာရေးဆိုင်ပညာတွေကိုလည်း လေ့လာဆည်းပူးတယ်၊ ကျန်းမာရေးဆိုင်ရာ ဆေးပညာစာအုပ်တွေကို ဖတ်တယ်၊ ဆေးပညာရှင်တွေ နဲ့ ကြုံတဲ့အခါ သိချင်တာ ရှိရင် မြေးမြန်းတယ်။ စူးစမ်းတယ်၊ ဆေးပညာစာအုပ်တွေကရော ဆေးပညာ ရှင်တွေထံကပါ ဆေးပညာ ဗဟုသုတတွေကို မှတ်သာထားတယ်၊ သတိပဋ္ဌာန်လုပ်ငန်းခွင်မှာ အံဝင်လာက အသုံးချလေ့ရှိတယ်၊ ကျန်းမာရေးပညာဆိုင်ရာ ဗဟုသုတတွေကိုလည်း သတိပဋ္ဌာန်လုပ်ငန်းခွင်မှာ ဆရာတော်ရဲ့ အသုံးချထားပုံကို ရှုစားကြည့်ပါဦး။
"ကိုယ်ခန္ဓာကျန်းမာဖို့ ကိုယ်ခံအင်အား လိုတယ်။ စိတ်မှာလည်း သန့်ရှင်း ချမ်းသာ ဖို့ အင်အားတွေ လိုတယ်၊ အလိုလိုတော့ ပြည့်မလာပေဘူး၊ မွေးယူမှ ရတယ်၊ သတိပဋ္ဌာန်ဟာ ထိရောက်အောင် ဖြစ်ပွားစေရင် စိတ်အားတွေ အပြည့်ပေးနိုင်တယ်။"
"ခန္ဓာကိုယ်မှာ သွေးတွေက နွေးထွေး ပူနွေးနေမှ ရောဂါကင်းတယ်၊ သွေးအေး သွေးခဲနေရင် ရောဂါဝင်တယ်၊ စိတ်မှာလည်း အပူတပြင်း အားထုတ်မှု အရှိန်နဲ့ သတိသွေး နွေးထွေး ပူနွေးနေမှ ကိလေသာရောဂါ ကင်းတယ်၊ သတိကင်းမှုဆို တဲ့ သွေးအေးရင် သွေးခဲရင် စိတ်အစဉ်မှာ ကိလေသာရောဂါ ၀င်တယ်။"
"အသက်ရှင်ဖို့ရာ သန့်ရှင်းလတ်ဆန်တဲ့ လေကို ရဖို့လိုအပ်တယ်၊ မရရင် မူးနိုင် ကျန်းမာရေး ထိခိုက်နိုင် သေနိုင်တယ်။ သတိပဋ္ဌာန် လေကောင်းသေသန့်ကို လွယ်ကူစွာ ရနိုင်အောင် အလေ့အထ များများ ပြုထားရင် သတိပဋ္ဌာန် လေကောင်း လေသန့်ဟာ နေရာတကာမှာ ပါနေတတ်ပါတယ်။"
" ဆေးဟာ အစွမ်းထက်ပေမည့် ဆရာညွှန်တဲ့အတိုင်း မှန်မှန် မမှီဝဲရင် ရောဂါကို မပျောက်စေပါဘူး၊ ဗုဒ္ဓရဲ့ သတိပဋ္ဌာန်တရားဟာလည်း အစွမ်းထက်ပေမယ့် ဗုဒ္ဓ ညွှန်ကြားတဲ့ အတိုင်း မှန်မှန် မကျင့်ရင် ကိလေသာရောဂါကို မပျောက်စေပါဘူး။"
"ပိုးကြောင့် ဖြစ်တဲ့ လူနာတစ်ယောက်ကို ဆေးသိပ္ပံပညာရှင်တွေက ကုသတဲ့အခါ လူနာဆီက ရောဂါပိုးတွေကို ယူပြီးတော့ မွေးရတယ်၊ မွေးပြီးတော့ အဲဒီရောဂါပိုးတွေကို သေစေနိုင်တဲ့ ဆေးဝါးတွေ ကြံဖန်ရတယ်၊ အဲဒီရောဂါပိုးတွေကို နှိမ်နင်းနိုင် တဲ့ ပိုးတွေ မွေးရတယ်၊ သေချာပြီဆိုရင် အဲဒီလူနာရဲ့ ကိုယ်မှာ ဒုက္ခပေးတတ်တဲ့ ရောဂါပိုးတွေကို နှိမ်နင်း တဲ့ ပိုးပါတဲ့။ ဆေးတွေ ထိုးသွင်းလိုကတဲ့အခါ ဒုက္ခပေး တဲ့ ပိုးတွေ သေသွားတော့ လူ ကျန်းမာ လာတာပဲ။"
"လူနာဟာ ကိုယ်ထဲမှာ အကျိုးပြုတဲ့ ပိုးတွေေ၇ာက်လို့ မကောင်းတဲ့ ပိုးတွေ ကင်းသွား ပြီဆိုရင် တစ်နေ့ထက် တစ်နေ့ ကျန်းမာလာတယ်၊ အားရှိလာတယ်၊ လန်းလန်းဆန်းဆန်းလည်း ဖြစ်လာတယ်၊ ပေါ့ပေါ့ပါးပါးလည်း ဖြစ်လာတယ်၊ စိတ်တွေလည်း ရွှင်ကြည်ပြီးတော့ လာတယ်။"
ဒီလိုပါပဲ သတိပဋ္ဌာန်အားထုတ်လူဟာလည်း သမ္မာဝါယမ, သမ္မာသတိ ,သမ္မာသမာဓိ သမ္မာသင်္ကပ္ပ ,သမ္မာဒိဋ္ဌိ မဂ္ဂင်တွေ စိတ်အစဉ်မှာ ဆက်ကာ ဆက်ကာ ထည့်ပေးပါများပြီဆိုရင် သူတို့က အပေါ်စီးရပြီးတော့ အားများလာတဲ့အခါ ကိလေသာ ပိုးတွေ ထွက်ထွက်ပေးရတော့ စိတ်တွေ ကြည်ပြီး လန်းလန်းဆန်းဆန်းနဲ့ အားရှိလာတယ်၊ ထူးထူးခြားခြားကြီး သဒ္ဓါတရား တွေလည်း ဖြစ်လာတယ်၊ ကိုယ်တွေလည်း ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်၊ အင်မတန် ထူးခြား တယ်" တဲ့။
ဆရာတော်ဟာ အမေရိကကို ဓမ္မဂုဏ်ရည်ပြ ဓမ္မဒူတခရီး အကြိမ်ပေါင်းများစွာ ကြွခဲ့ပါတယ်၊ သတိပဋ္ဌာန်တရား အားထုတ်ဖို့ မပြောခင် အမေရိကန်တို့ရဲ့ ဘ၀အမြင်ကို သိချင်လို့ ဆရာတော်က သူတို့ကို စကားစခဲ့ပါတယ်။
" ခလုတ် နှိပ်လိုက်ရုံနဲ့ လိုရာကို အကုန်ရနိုင်လောက်အောင် ရုပ်ဝတ္ထုဘက်က တိုးတက် နေတဲ့ အမေရိကလိုနိုင်ငံက လူတွေဟာ နတ်ဘုံကို ရောက်နေကြသလိုနေမှာ ပါ"တဲ့
ဒီတော့ အမေရိကန်အမျိုးသမီးတစ်ယောက်က ဒီလိုလျှောက်တယ်။
"တပည့်တော်တို့ဘ၀ဟာ အအေးခန်းထဲ နေပြီး နှလုံးအပူဟပ်ခံနေရတဲ့ ဘ၀ ပါဘုရား"တဲ့။
ဆရာတော်က ဒီလို ထပ်ပြောတယ်။ " ဒါက သင်ယောဂီတစ်ယောက်တည်းရဲ့ အမြင်ဖြစ်မှာပါ" တဲ့။ အဲဒီအမျိုးသမီးက ဒီလိုထပ်လျှောက်တယ်။ "တပည့်တော် တစ်ယောက်တည်း မဟုတ်ပါဘူး ဘုရား၊ ဒီအမေရိက လူတွေ အကုန်လုံးလောက် နေမှာပါဘုရား" တဲ့။
ဘေးနားက တရားနာနေကြတဲ့ ယောဂီတွေကလည်း ဒီလို ပြောပြီး ထောက်ခံကြတယ်။
"ဟုတ်ပါတယ်ဘုရား၊ အခြားသူတွေလည်း သူမလို ပါပဲဘုရား" တဲ့။ ပြီးတော့ သူတို့က ဒီလိုလည်း လျှောက်ကြသေးတယ်။
" တပည့်တော်တို့ဘ၀က Hungry Ghost. Thirsty Ghost- အမြဲတမ်း ဆာလေင်မွတ် သိပ်နေတဲ့ ပြိတ္တာတွေ ဘ၀လိုပါပဲဘုရား " တဲ့။
ဆရာတော် အမိန့်ရှိလိုက်တာက---" ဒီတော့ အအေးခန်းထဲမှာ နေပြီး အပူဟပ် မခံ ရအောင် နှစ်လုံးအေးစေတဲ့ သတိပဌာန်တရား ရေအေးကို သောက်သုံးကြရမယ်၊ အမြဲတမ်း ဆာလောင် မွတ်သိပ်မှုကို ပြေပျောက် စေနိုင်တဲ့ သတိပဌာန် အစာကို စားသုံးကြရမယ်"တဲ့
သတိပဌာန်အပေါ် ပြည်ပယောဂီတွေရဲ့ အမြင်ကို ဆရာတော်က ဒီလိုလည်း အမိန့်ရှိ သေးတယ်။
" ပြည်ပက ယောဂီတွေက ဘုန်းကြီးကို လျှောက်ကြတယ်၊ မြန်မာနိုင်ငံက အကောင်း ဆုံး ထွက်ကုန်ဟာ သတိပဌာန်တရားပဲ" တဲ့။ သတိပဌာန်နဲ့ပတ်သက်ပြီး ဆရာတော် မိန့်ထား တာ လေးတွေ ရှိသေးတယ်။ မှတ်သားဖွယ် ကောင်းပါတယ်။
" သတိပဌာန်အလုပ်ဟာ အငေးသမား အတွေးသမား အေးစက်စက် သမားတွေနဲ့ မသင်တော်ဘူး။" စိတ်ထားပြုပြင်ရေးမှာ သတိပဋ္ဌာန်တရားဟာ အလွန်အရေး ပါတယ်" သတိပဋ္ဌာန်တရား အားထုတ်တာဟာ ငြိမ်းချမ်းလှတဲ့ ကိုယ်စီ ကမ္ဘာလေးတွေ တည်ဆောက် နေတာပဲ၊ ကိုယ်ကမ္ဘာလေးမှ မငြိမ်းချမ်းဘဲ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ လက်သီး လက်မောင်းတန်း
ြ ကြွေးကြော်နေတာကတော့ စဉ်းစားစရာပဲ၊"
" ကြုံခဲလှတဲ့ ဗုဒ္ဓသာသနာတော်ကြီးနဲ့ ကြုံကြိုက်ပြီး ရခဲလှတဲ့ လူအဖြစ်ကို ရနေကြသူ တွေဟာ ဗုဒ္ဓသာသနာတော်ကြီးနဲ့ တွေ့ကြုံရကျိုးနပ်အောင် လူဖြစ်ရကျိုးနပ်အောင် အနည်းဆုံး ဘ၀အာမခံချက် ရတဲ့အထိတော့ စိတ်ဓာတ်ဖွဲ့ဖြိုး အသိဉာဏ် တိုးစေနိုင်တဲ့ သတိပဋ္ဌာန်တရား ကို နေ့တိုင်း အချိန်မှန်မှန် အားထုတ်သင်ကြတယ်" တဲ့။
သတိပဋ္ဌာန်
သတိပဋ္ဌာန် ၊ ကျင့်မြတ်မှန်တွင်
စိတ်ဝင်စားအောင်၊ နည်းစုံဆောင်၍
ဆွဲဆောင်ဟောကြား၊ သူ့စွမ်းအား၊
ထူးမြတ်လှပါဘိ။

သာမဏေကျော်