Thursday, October 27, 2011

အိပ်နေစဉ် ဘီလူးစီးသလား


လူများသည် နေ့စဉ် ရှင်သန်လှုပ်ရှား သွားလာမှုများ အတွက် စွမ်းအင်ပေါင်းများစွာ လိုအပ်ပြီး ထိုလိုအပ်သော စွမ်းအင်များအား အိပ်စက် အနားယူခြင်းဖြင့် ပြန်လည် ဖြည့်တင်းရလေ့ ရှိသည်။  နေ့စဉ် လှုပ်ရှားမှုများက စွမ်းအင်များကို ပြုန်းတီးစေပြီး နောက်တစ်နေ့ ပြန်လည် လှုပ်ရှားနိုင်ရန် အတွက် မဖြစ်မနေ ကောင်းမွန်စွာ အိပ်စက်ရလေ့ ရှိပြီး လုံလောက်သော အိပ်စက် အနားယူမှု မရှိပါက ကျန်းမာရေး ပြဿနာများ ကြုံတွေ့ ခံစားကြရမည် ဖြစ်သည်။ အိပ်သည့်အခါ ကောင်းမွန်စွာ အိပ်စက်နိုင်သော သူများ ရှိသကဲ့သို့ အချို့မှာလည်း အိပ်သည့် အချိန်တွင် လွယ်လွယ်ကူကူ အိပ်မပျော်နိုင်ခြင်း၊ အိပ်မက်ဆိုးများဖြင့် ချောက်ချားခြင်းများ ကြုံတွေ့ရပြီး အချို့မှာ အိပ်နေသည့် အချိန်တွင် ကြောက်စိတ်များ ဝင်လာခြင်းများ ခံစားကြရလေ့ ရှိသည်။  ထိုအခြေအနေအား အိပ်နေစဉ် ဘီလူးစီးသည်ဟု လူအများက ပြောဆိုကြပြီး ထိုကဲ့သို့ ဖြစ်ပွားမှုသည် အိပ်တစ်ဝက် အနေအထားတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကြောက်စိတ်ကြောင့် ခံစားရခြင်း ဖြစ်ကြောင်း စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အထူးကု ဆရာဝန် ဒေါက်တာဝင်းဆွေက ပြောသည်။ ရှေးကတည်းက ဖြစ်ပွားခံစားကြရပြီး ပက်လက်အိပ်သည့် အနေအထား တစ်ခုကြောင့် ဘီလူးစီးခြင်း ဖြစ်ကာ လှုပ်ရှားမရ၊ အော်ဟစ်၍ မရသည့် ဝေဒနာ ခံစားရခြင်း ဖြစ်ကြောင်း မှတ်ယူကြလေ့ ရှိသည်။

“အိပ်စက်ခြင်းနှင့် ကြောက်စိတ်လို့ ခေါ်တယ်။ ဖြစ်တဲ့အချိန်က အမြဲတမ်းအိပ်၊ မပျော်တပျော် ဖြစ်နေတဲ့ အချိန်မျိုးမှာ ဖြစ်လေ့ရှိတယ်။ အဲအချိန်မှာ ရုတ်တရက် ကြောက်စိတ်ဝင်ပြီး လူက အော်ချင်လည်း အော်နေတယ်။ ဒါပေမဲ့ အသံမထွက်လာဘူး။ ခြေ၊ လက်တွေ လှုပ်လို့မရဘူး။ နှလုံးခုန်နှုန်းတွေ မြန်ပြီး အသက်ရှူနှုန်း ပြောင်းလဲလာတဲ့ ဝေဒနာကို ခံစားကြရတယ်” ဟု ဒေါက်တာဦးဝင်းဆွေက ပြောသည်။ အိပ်စက်ခြင်းသည် မျက်လုံးအိမ် လှုပ်ရှားမှု မရှိသည့် အနေအထား (Non REN Sleep) နှင့် မျက်လုံးအိမ် လှုပ်ရှားမှု ရှိသည့် အနေအထား (REN sleep) ဆို၍ ရှိပြီး ဘီလူးစီးခြင်း ခံစားရသော အချိန်သည် မျက်လုံးအိမ် လှုပ်ရှားမှု မရှိသည့် အနေအထားတွင်သာ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ စတင်အိပ်သည့် အချိန် (Non REN sleep) အဆင့် ၁၊ ၂၊ ၃ တွင် ဦးနှောက်လှိုင်းများ တဖြည်းဖြည်း နှေးကွေးသွားပြီး အဆင့် ၄ အိပ်ပျော်တော့မည့် ဆဲဆဲတွင် အိပ်မက်လိုလို ဖြစ်ပွားခြင်း ဖြစ်သည်။

“အမြဲတမ်း ဖြစ်ရင် အိပ်မပျော်တပျော် အချိန်ပဲ အားလုံးကိုလည်း သိနေတယ်။ ဖြစ်ရင်လည်း ခြေလက်တွေ လုံးဝလှုပ်လို့ မရဘူး။ အော်တာလည်း အသံမထွက်ဘူး။ တစ်ယောက်ယောက်က အသားချင်း လာထိတာမျိုးတွေ လုပ်မှ လန့်နိုးလာတာ။ ပြီးရင်လည်း ရင်တွေတုန်ပြီး မအိပ်နိုင်တော့ဘူး။ အဲဒါကလည်း အမြဲတမ်း ဖြစ်နေတော့ သိပ်လည်း ဂရုမစိုက်ဖြစ်ပါဘူး” ဟု အသက် ၂၃ နှစ်အရွယ် မစုစုက ပြောသည်။ အိပ်စက်ခြင်း၏ ရပ်ဝန်းတွင် ခံစားမှုအာရုံ တစ်ခုခုအား မသိစိတ်မှ ရုတ်တရက် ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာမျိုး ဖြစ်ပြီး ရောဂါတစ်ခုတော့ မဟုတ်ကြောင်း ဒေါက်တာ ဦးဝင်းဆွေက ပြောသည်။ ထိုဘီလူးစီးခြင်းသည် ကလေးငယ်များတွင် ပိုမို ဖြစ်ပွားလေ့ ရှိပြီး လူ ၁၀၀၀ တွင် ၁၇ ဦးအထိ ဖြစ်ပွားတတ်ပြီး လူ ၁၀၀ တွင် ၃၊ ၄ ဦး အထိ ဖြစ်ပွားကြောင်း သိရသည်။

နိုးတစ်ဝက်၊ အိပ်တစ်ဝက် ဖြစ်နေသည့် အချိန်တွင် ဖြစ်ပွားလေ့ရှိသော ထိုဘီလူးစီးခြင်းဟု ခေါ်သည့် ဝေဒနာသည် စိတ်ဖိစီးမှု များပြားနေသူများ၊ အမျိုးသမီးများ သွေးပေါ်နေသည့် အချိန်များ၊ ကိုယ်ဝန်ဆောင်နေစဉ် အချိန်များနှင့် အရက်၊ မူးယစ်ဆေး သုံးစွဲထားချိန်များတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ “ရောဂါတစ်ခု မဟုတ်ဘူး ဆိုပေမယ့် ဖြစ်လာတာ အကြိမ်ရေ များပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာရင်တော့ ရောဂါတစ်ခု ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာလည်း ဆေးဝါးတွေနဲ့ ကုသခြင်းထက် စိတ်ဖိစီးမှုတွေ နည်းအောင်၊ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်အောင် ပြုလုပ်ပြီး ကုသနိုင်တယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

အိပ်ပျော်နေစဉ် သတိလွတ်သွားခြင်းကြောင့် ထိုကဲ့သို့ အိပ်စက်ခြင်းနှင့် ကြောက်စိတ် (ဘီလူးစီးခြင်း) ဆိုသည်များ ဖြစ်လေ့ ရှိသကဲ့သို့ အချို့မှာ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်းမှာလည်း ဘီလူးစီးခြင်း ကဲ့သို့ စိတ်ဖိစီးမှု များနေသူများတွင် ဖြစ်ပွားလေ့ ရှိကြကြောင်း သိရသည်။ “အဲဒီ နှစ်ခုလုံးက Non REN အခြေအနေတွေမှာပဲ ဖြစ်တယ်။ အိပ်ပျော်နေတဲ့အချိန် တချို့တွေဆို လမ်းလျှောက်ရုံတင် မကဘူး။ အစားတွေစား၊ အလုပ်တွေလုပ်၊ ကားတွေမောင်းကြတဲ့ သူတွေတောင် ရှိတယ်” ဟု ဒေါက်တာ ဦးဝင်းဆွေက ပြောသည်။

သောက များပြားခြင်းကြောင့် ဖြစ်ပွားသည်များလည်း ရှိသဖြင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှု နည်းပါးစေရန် နေထိုင်ခြင်း၊ ညအိပ်ပါက ထိုစိတ်ဖိစီးမှုများ နည်းပါးစေရန် စိတ်တည်ငြိမ်မှုရှိအောင် တရားမှတ်၍ အိပ်စက်ခြင်း၊ အချိန်မှန်မှန် လမ်းလျှောက်ပေးခြင်း၊ အိပ်ခါနီး အချိန်တွင် ကော်ဖီများ သောက်ခြင်း၊ စာဖတ်ခြင်းအား ရှောင်ကြဉ်ခြင်း၊ အိပ်ရာအနီးနားတွင် ရုတ်တရက် ထိတ်လန့်မှု ဖြစ်စေနိုင်မည့် ဆူညံသံများ ဖြစ်ပေါ်စေမည့် အရာများ မရှိစေရန် ထားရှိခြင်း၊ ညဥ့်နက်သည် အထိ အိပ်ရေးပျက် မခံခြင်း စသည်များအား ဂရုစိုက်ထားသင့်ကြောင်း သိရသည်။ အိပ်နေစဉ် ထိုခံစားမှုများ ပိုမို ပြင်းထန်လာပါက တတ်ကျွမ်းသည့် ဆရာဝန်များဖြင့် ကုသသင့်ပြီး ဆေးဝါးကုထုံးများ အသုံးပြုရမည် ဖြစ်သော်လည်း အတတ်နိုင်ဆုံး အထက်ပါအတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်မည့် နည်းလမ်းများ အသုံးပြု၍ ကုသကြောင်း သိရသည်။

Ref: 7 day News by: ဝတ်ရည်

No comments:

Post a Comment