Wednesday, October 19, 2011

ရှောင်ကွယ် ဓမ္မ အန္တရာယ်များ


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ကျွန်ုပ်တို့သည် အ၀ိဇ္ဇာ အမှောင်ထုကြောင့် ၀ိဇ္ဇာဉာဏ်ကင်းပျောက်ကာ နိဗ္ဗာန်သို့ မျက်မှောက် မပြုနိုင်ဘဲ ရှိခဲ့သည်မှာ ဂင်္ဂါဝါလု သဲစုမကအောင် ဘုရားအဆူဆူလည်း ပွင့်တော်မူခဲ့ပြီ၊ အသင်္ချေအနန္တ ဒုက္ခသည် ဘ၀တွေလည်း စုံခဲ့ပြီ၊ မာနတံခွန် အလံထူပြီး လူ့ချမ်းသာ စကြာမင်း၊ နတ်ချမ်းသာ သိကြားမင်းနှင့် ကမ္ဘာများစွာ သက်တန်းရှည်ကြာ ဈာန်ချမ်းသာ ခံစားပြီး ဗြဟ္မာမင်းကြီး အဖြစ်နှင့်လည်း ဘ၀များစွာ ခံစားခဲ့ချေပြီ။ ရရှိထားသည့် ချမ်းသာလေး အစဉ်မြဲနေသည် အထင်တစ်လုံးနှင့် ရကျိုးမနပ်ခဲ့သည့်အဖြစ်တို့နှင့်သာ စုံခဲ့လှပေပြီ။
သာသနာနှင့်လည်းကြုံ၊ သာသနာကိုလည်း ကြိုက်နှစ်သက်ကာမှ မြတ်ဗုဒ္ဓဒေသနာတော်က နားထဲသို့ ရောက်ခွင့်ရကာ နှလုံးသားမှာ ဘုရားတည်နိုင်ကြ၏။ သာသနာနှင့်လည်း မကြုံ၊ ကြုံဆုံပင်ငြားသော်လည်း သာသနာတော်ကိုမကြိုက်တော့ အမှားနောက် ကောက်ကောက် ပါအောင် တောက်လျှောက်လိုက်နေရသည်နှင့် ဘုရားစကား နားမချမ်းသာ ကုလားမည်း မြက်ထမ်းသမားလို တရားနာရာ၌ ခါးလည်းပူ နာလည်းပူတွင် ခါးကိုသာအပူခံနိုင်၊ နားကိုတော့ အပူမခံနိုင်သကဲ့သို့ဖြစ်ပြီး နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာကို ပယ်ခွင်းကြကုန်၏။
အ၀ိဇ္ဇာ- မသိမှုကြောင့် “ပေါက်တတ်ကရတွေ အတော်လုပ်တတ်တဲ့ကောင်”ဟူ၍ လောကီ အလုပ်တို့တွင် အသုံးမကျမှုတို့ကို အချင်းချင်း ကဲ့ရဲ့ခြင်းပြုကြ၏။ လောကုတ္တရာပညာရဖို့ အ၀ိဇ္ဇာ အဓိပ္ပါယ်မှာ-
- သိသင့်တာတွေကို မသိတာ အ၀ိဇ္ဇာ၊
- မသိသင့်တာတွေကို သိနေတာ သည်လည်း အ၀ိဇ္ဇာပင်ဖြစ်၏။”
သိသင့်တာတွေကို သိမထားတော့ ကိုယ်ထင်ရာ လျှောက်လုပ်တော့၏။ မသိသင့်တာ တွေကိုသာ သိထားပြန်တော့လည်း ကိုယ်လုပ်တာ အမှန်ထင်ပြီး လျှောက်လုပ်ပြန်ပါသည်။ ဘုရားစကားကို ပယ်ခွင်းမိလို့ ထိုထိုသော အမှားတွေရင်းပြီး ရရှိခဲ့သည့်အမြတ်တို့မှာ ဘ၀၏ ဒုက္ခဇာတ်လမ်း၌ ဆက်လက်ကာ သရုပ်ဆောင်နေကြရသည့်အဖြစ်နှင့် အာမငြောင်းတမ်း ဆို၊ မျက်ရည်မခန်းစတမ်း ငိုကြရပြီး ကွေးနေအောင် က၊ ဆွေးနေအောင် လွမ်းပြကြရင်း မငြီးငွေ့စတမ်း နေခဲ့ကြသည်မှာ ကမ္ဘာအသင်္ချေအနန္တ ရှိခဲ့လေပြီ။
ဒုက္ခ၏အဆုံး၊ ချမ်းသာခြင်း၏အမွန်မြတ်ဆုံးဖြစ်သည့် သန္တိသုခ(နိဗ္ဗာန်)သို့ အလျှင်မြန်ဆုံး မျက်မှောက်မပြုနိုင်အောင် တားဆီးတတ်သည့် ဓမ္မအန္တရာယ်များကို လွန်ကျူးလွန်မိခဲ့ခြင်း ကြောင့် ပါရမီတော်ဆည်းပူးခဲ့သည့် အလောင်းတော်ကြီးများပင် အာသဝေါကုန်ခန်းအောင် ကျင့်ကြံပြီးသော်လည်း လောကဓံဒုက္ခဆိုးတို့ဖြင့် ပရိနိဗ္ဗာန်ပြုကြရသည့်အဖြစ်တို့ ရှိခဲ့ကြပေ သည်။ လောကတွင် ပြောကြသည့် “အသေဆိုးလိုက်တာ”ဟူ၍ဖြစ်၏။ အသေဆိုးခြင်း၊ လှခြင်းကို ခန္ဓာကိုယ်ပျက်ယွင်းမှုနှင့် လောကလူတို့ တိုင်းတာကြခြင်းဖြစ်ပါသည်။ အမှန်မှာ ဘုရားရှင်အလိုတော်အရ ဘ၀မှန်က ဘယ်ဘ၀မှ မကောင်း၊ ဘ၀ဆုံးသည့် နိဗ္ဗာန်သာလျှင် အမွန်မြတ်ဆုံးအဖြစ် ဘုရားရှင် ဆုံးမတော်မူသောကြောင့် အာသဝေါကုန်ခန်းပြီးလျှင် ပုံစံမျိုးစုံ ဖြင့် သေ၊ ထိုသူ အသေလှသူဖြစ်၏။ သေပြီးနောက် ဘ၀ရှိနေသေးလျှင် ထိုသူ အသေမလှ သေးပေ။
အသေလှခြင်း မလှခြင်းက နောင်၊ မသေခင်ရှောင်ကြရမည့် ဓမ္မအန္တရာယ်များကိုကား နိဗ္ဗာန်မရခင် ကြားကာလ၌ သိထားကြရမည့် အချက်များဖြစ်သောကြောင့် ရှောင်သင့် သည်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်နိုင်ကြရအောင် ဤဓမ္မဆောင်းပါးဖြင့် သံသရာတစ်လျှောက် မတော်စပ်ခဲ့ဘူးသော ဆွေမျိုး၊ မတင်ခဲ့ဘူးသော ကျေးဇူးမည်သည် မရှိရိုး အမှန်ပင်ဖြစ်ခြင်းကြောင့် ထို ကျေးဇူးတရားတို့ကို ဦးညွှတ်ပြီး ကျေးဇူးဆပ် ရေးသား တင်ပြလိုက်ပါသည်။
အမှတ်(၁) ဓမ္မ အန္တရာယ်- “ကံမန္တရာယ်”
“ကောင်းတာလုပ်က ကောင်းကျိုးရ၊ မကောင်းတာလုပ်က ဆိုးကျိုးရ”သည်မှာ ဗုဒ္ဓဘာသာဝင် တိုင်း သိရှိထားကြသည့် အခြေခံသမ္မာဒိဋ္ဌိ အစဦးဆုံး အမြင်မှန်တရားဖြစ်၏။ ထိုအမြင်မှန် တရား စဦးဖြာ၍ ယုံကြည်လက်ခံမှု မရှိကြသူများမှာ အမှန်(၁)ဓမ္မအန္တရာယ်များကို ကျူးလွန် မိတတ်သည်မှာ မလွဲဧကန်သာဖြစ်ပါသည်။ ထို့ကြောင့် သာသာနာပ ကာလတို့၌ ထိုကံကို ကျူးလွန်မိကြသောကြောင့် ဘ၀အသေင်္ချေ အပါယ်ဆင်းရဲတွင် ခံစားကြရ၏။ ဘုရားရှင်တရား နာကြားခွင့် မရရှိလို့ ကံ,ကံ၏အကျိုးကို သိခွင့်မရဘဲ ကျူးလွန်မိကြသည်ကို အသာထား၊ ဘုရားရှင် ပွင့်ထွန်းချိန်တွင် သစ္စာလေးပါးတရားတွေ တသွင်သွင်ဟောကြားနေစဉ်ကာလ၌ ဘုရားရှင်ကို ကန့်လန့်တိုက်သည့် အရှင်ဒေ၀ဒတ်လို ပစ္စေကဗုဒ္ဓအလောင်းအလျာသည်ပင် ဘုရားနားကပ်၍ မိုက်ခဲ့မိလို့ ယခု အ၀ီစိတွင် ခံစားလို့ နေရချေပြီ။
မဂ်ဖိုလ်ကို တားမြစ်သည့် ထို အမှတ်(၁) ဓမ္မအန္တရာယ်တို့မှာ ပဉ္စာနန္တရိယကံ (၅)ပါးတို့ ဖြစ်ကြ၏။ ၎င်းတို့မှာ-
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) ရဟန္တဃာတက = ရဟန္တာအရှင်မြတ်ကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမိသောကံနှင့်
(၅) သံဃဘေဒက = ဘုရားသား သံဃာတော်များအား အချင်းချင်း ညီညွတ်မှုမရှိအောင် သံဃာဂိုဏ်းခွဲသောကံ တို့ဖြစ်ကြ၏။
ထိုငါးပါးသောကံတို့တွင် သံဃာဂိုဏ်းခွဲသောကံကို လူတို့မကျူးလွန်နိုင်၊ ဘုရားသားတော်များ ချင်းသာ ကျူးလွန်နိုင်သောကံဟု မှတ်သားသိရှိရပါသည်။ အကြောင်းမှာ သံဃာတော်များ သိမ်တော်အတွင်း ဒေသနာကြား၊ ဥပုသ်ပြုကြရာ၌ ကျောင်းရှိ သံဃာတော်များ အညီအညွတ် ပြုလုပ်ကြသည်တွင် ညီညွတ်မှုမရှိဘဲ သံဃာအချင်းချင်း ဂိုဏ်းကွဲအောင် လုပ်ခြင်းမျိုး ဖြစ်ကြောင်း ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏တရားမှ မှတ်ချက်စကား နာကြားခဲ့ရပါသည်။ ဆရာ့စကားလည်း ထောက်ခံ၊ လွန်ပို၍နာခံတတ်ကြစေရန် အကြံပြုလိုသည်မှာ လူတို့လုပ်က ထိုကံ မဟုတ်ဟု မမှတ်ယူမိကြစေရာ၊ မကျူးလွန်မိဖို့သာ သတိတရား လက်ကိုင်ထား၍ ရှောင်ရှားသင့်ပါပေသည်။
ပဉ္စာနန္တရိယကံ ကျူးလွန်မိ၍ ဒုက္ခတွေ အလူးအလဲ ခံ၊ မဂ်ဖိုလ်ကို တော်လှန်မိကြသည့် ပုဂ္ဂိုလ်တို့၏ သာဓကများမှ ပမာတစ်ခု ပြရပါလျှင် ဘုရားရှင်လက်ထက်က အဖသတ်သား မင်းတရား အဇာတသတ်မင်းကြီးကို ပြဆိုပါမည်။ မင်းကြီးသည် “သာမညဖလသုတ်”- ရဟန်းပြုရခြင်း၏ အကျိုးတရားတွေကိုပြဆိုသော တရားတော်ကြီးကို နာကြားပြီးမှ အမြင်မှန်ရရှိကာ သူတော်ကောင်းဘ၀ ရောက်ရှိခဲ့သူဖြစ်ပြီး သာသနာတော်စည်ပင်ကြောင်း အတွက် ပထမသင်္ဂါယနာတင်ရန် ထောက်ပံ့ပေးနိုင်ခဲ့သော မင်းတရားကြီးဖြစ်ခဲ့၏။ သာမည ဖလသုတ် တရားတော်ကို နာကြားပြီးနောက် ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ဘုရားရှင်အား ကြည်ညိုကြ သော ဒကာ ဒကာမတို့တွင် အမြတ်ဆုံး၊ အသာဆုံးသူ ဖြစ်ခဲ့၏။ အဖကို နန်းချ၍ မင်းအဖြစ် အတင်းလုပ်ကာ အဖခြေဖ၀ါးကို ဓားဖြင့်ခွဲ၊ အစာငတ်အောင်ထားပြီး ရက်ရက်စက်စက် သတ်ခဲ့ခြင်း ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်မိခဲ့သောကြောင့် သာမညဖလသုတ် နားကြားပြီး လျှင် သောတာပန်တည်နိုင်လောက်သည့် ပါရမီရှိထားသော်လည်း မဂ်ဖိုလ်နှင့် လက်တစ်ကမ်းအလိုတွင် ထို ပဉ္စာနန္တရိယကံ မဟာတံတိုင်းကြီး ကာဆီးထားခြင်းကြောင့် မဂ်ဖိုလ်နှင့်ဝေးကာ သေပြီးနောက် အပါယ်ဘုံဒုက္ခဘေးသို့ ကျရောက်ရ ရှာလေသည်။
မြတ်စွာဘုရားရှင်က ကယ်တင်ရှင်လည်း မဟုတ်သော၊ ဖန်ဆင်းရှင်လည်း မဟုတ်သော၊ ကိုယ့်အလုပ် ကိုယ်ပြီးအောင်လုပ်တတ်ဖို့သာ လမ်းညွှန်ပေးတော်မူသော အရှင်ဖြစ်၏။ ဘုရားရှင်၏ဆုံးမစကားအတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်းကြောင့် ပဉ္စနန္တရိယကံ ကျူးလွန်မိသူဖြစ်လျှင် မည်သူမဆို ထိုအတိုင်း အကျိုးပေးခြင်းဖြစ်၏။ ထိုအတိုင်း ခံစားရမည်သာဖြစ်၏။ ဤကဲ့သို့ မဂ်ဖိုလ်ကိုလည်း တားမြစ်၊ အပါယ်သို့လည်း ချပစ်တတ်သည့် အမှတ်(၁) ဓမ္မ အန္တရာယ်ကြီးကို ပမာထုံး နှလုံးမူပြီး လူ့အဖြစ် မရှုံးရအောင် ရှောင်ကြဉ်နိုင်ကြ သည့်အပြင် မိဘကျေးဇူးကိုလည်း ဆပ်၊ သံဃာတော်အရှင်သူမြတ်တို့ကိုလည်း ထောက်ပံ့ ကြပြီး အိမ်တွင်း၌ ဘုရားရှင်ကြွရောက်နေသလို ဆွမ်း ပန်း ရေချမ်း၊ ဆီမီး ခဲဖွယ် အသွယ်သွယ်တို့ဖြင့် သူ့အချိန်နှင့်သူ လှူဒါန်းဆက်ကပ်ပြီး အထူးထူးသော ကုသိုလ်မြတ် တို့ကို လက်မလွတ်စတမ်းအရယူကာ သာသနာနှင့် တွေ့ကြုံကျိုးနပ်သူများဖြစ်အောင် ကျင့်ဆောင်ကြပါလေ။
အမှတ် (၂) ဓမ္မ အန္တရာယ်- “ကိလေသန္တရာယ်”
ကိလေသ ရန်စွယ် ခပင်းမကျန်အောင် ပယ်ခွင်းပြီးမှ ဇာတိဇာတ်က ရပ်တန့်မည်ဖြစ်၏။ ကိလေသာဆယ်ပါးမှ မဂ်ဖိုလ်ကို အဓိကတားဆီးသည့် အမှတ်(၂) ဓမ္မ အန္တရာယ်ကြီးမှာ အယူမှားသည့် ဒိဋ္ဌိကိလေသာတရားပင်ဖြစ်၏။ ဒိဋ္ဌိ (၃၂) မျိုးရှိရာတွင် ခြုံငုံ၍သိထားသင့်သည့် ဒိဋ္ဌိတို့ကိုသာ ဖော်ပြပေးပါမည်။ ၎င်းတို့မှာ-
(၁) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်သော ရုပ်၊ နာမ်တရားတို့ကို “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ဒူး၊ ပေါင်၊ ခါး၊ ခြေ၊ လက်၊ သား၊ သမီး၊ မြေး၊ မြစ်”ဟု အမြင်မှားခြင်း။
(၂) သဿတဒိဋ္ဌိ = ခိုင်သည်၊ မြဲသည်၊ တည်သည်၊ တန့်သည်၊ ဘ၀ကူးသည်၊ ဘ၀ဆက် သည်၊ အသက်ဆက်သည်၊ လိပ်ပြာခွဲသည်၊ လိပ်ပြာခေါ်သည်၊ လိပ်ပြာစင်သည်၊ ကူးတို့ခ ထည့်သည်ဟု အယူဝါဒရှိခြင်း။
(၃) ဥစ္ဆေဒဒိဋ္ဌိ = ပြတ်သည်၊ စဲသည်၊ ယခုဘ၀ သေပြီးလျှင် နောင် ဘာမှ မဖြစ်တော့ဘူးဟူ၍ အယူမှားခြင်း။
(၄) နိယတမိစ္ဆာဒိဋ္ဌိ = စွဲစွဲမြဲမြဲ သေသည်အထိ ယူထားသော အယူရှိသည့် နိယတမိစ္ဆာဒိဋ္ဌိ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ-
(က) နတ္ထိကဒိဋ္ဌိ = ဘာလုပ်လုပ် အကျိုးတရားမရှိဟု ယူဆခြင်း (ကောင်းကျိုး၊ ဆိုးကျိုး တစ်စုံတစ်ရာ မရှိဟူ၍ ယူခြင်း)။
(ခ) အဟေတုကဒိဋ္ဌိ = အကြောင်းတရားလည်း မရှိ၊ ကံတရားလည်း မရှိဟု ယူဆခြင်း (အကြောင်းကံကို ပယ်သောအယူ)။
(ဂ) အကိရိယဒိဋ္ဌိ = ကုသိုလ်၊ အကုသိုလ်မရှိဟု ယူဆခြင်း (ကောင်းမှုပြုသော်လည်း ပြုသည် မမည်၊ မကောင်းမှုပြုသော်လည်း ပြုရာမရောက်ဟု ယူသောအယူ) တို့ ဖြစ်ကြပါသည်။
ထို အမြင်မှား၊ အယူမှား ဒိဋ္ဌိတရားများက မဂ်ဖိုလ်ကို တားဆီးကြ၏။ ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “တရား နောက်မှ အားထုတ်၊ ဒိဋ္ဌိ အရင်ဖြုတ်”ဟူ၍ ကရုဏာတရား ရှေ့ထား၍ ဆုံးမထားခဲ့ခြင်းဖြစ်၏။ မဟာကရုဏာရှင် မြတ်စွာဘုရားကလည်း ဒိဋ္ဌိကို အရင်ဦးစွာဖြုတ်ကြရန် ဥပမာပြ ဆုံးမတော်မူပုံမှာ- “ချစ်သား ချစ်သမီးတို့၏ ဦးခေါင်းထက်၌ မီးလောင်စွဲနေသည်ရှိသော် ထိုမီးသည် အဘယ်အရပ်၊ အဘယ်နေရာက ကူးစက်လောင်စွဲသည်ကို ခဏအသာထား၊ အရင်ဦးစွာ မီးကိုသာ ငြိမ်သတ်ဖို့ အားထုတ်ရ မည်” ဟူ၍လည်းကောင်း၊ “ချစ်သား ချစ်သမီးတို့၏ရင်ဝ၌ လှံစူးဝင်သည်ရှိသော် အဘယ် အရပ်၊ အဘယ်နေရာကလာပြီး စိုက်ဝင်လာသည်ကို စုံစမ်းရန် အသာထား၊ ဦးစွာ ရင်ဝတွင် စိုက်နေသော လှံကိုနှုတ်ပြီး ကုသရမည်”ဟူ၍ဖြစ်၏။
အမှတ် (၃) ဓမ္မ အန္တရာယ်- “၀ိပါကန္တရာယ်”
ဝိပါက၀ဋ်သည် အကျိုးပေး ဒုက္ခသစ္စာဖြစ်၏။ နိဗ္ဗာန် မရောက်မခြင်း နောက်ကနေ ထက်ကြပ်လိုက်နေပြီး အခါအခွင့်သင့်တိုင်း အကျိုးပေးနေတတ်သည့်သဘော ဖြစ်ပါသည်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကြောင့် အကျိုးပေးဒုက္ခသစ္စာရရှိခြင်းသည် အခြားသူ မဆိုထားနှင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် “၀ိပါက်ကြမ္မာ မနေသာ”နိုင်ဘဲ ၀ိပါက်တော် (၁၂)ပါး အကြွေးကို တစ်ခုချင်း ကျေအောင် ပေးဆပ်တော်မူရလေသည်။
ထိုသို့ သံသာရ ၀ဋ်ဒုက္ခ နိဗ္ဗာန်မရမခြင်း လည်ကြရသည့် ထိုဒုက္ခ စက်ရဟတ်ကြီးသည် လောင်စာမီး တဏှာငြိမ်းမှ ဘ၀ဇာတ် အပြီးတိုင်သိမ်းပြီး ချုပ်ငြိမ်းကြရမည်ဖြစ်၏။ ထို့ကြောင့် ဘ၀ဇာတ် မသိမ်းသေးခင်မှာတော့ ၀ိပါက၀ဋ် နောက်ကပါနေဦးမည်သာ။ ဘုရား၊ ရဟန္တာ အရှင်မြတ်များ၌ ကိလေသာ အာသဝေါတရား ကုန်ခန်းသော်လည်း ၀ိပါက၀ဋ် မကုန်သေးခြင်းမှာ ခန္ဓာကိုယ် အကြွင်းရှိနေသေးသောကြောင့် ဖြစ်ပါသည်။ စာလိုအားဖြင့် သဥပါဓိသေသ နိဗ္ဗာန် (ခန္ဓာကိုယ်အကြွင်းရှိသောနိဗ္ဗာန်)သာ ရရှိထားသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ် အကြွင်းမရှိတော့သော(အဏုပါဓိသေသနိဗ္ဗာန်) ရရှိမှသာ ဒုက္ခအားလုံးရပ်ပြီး အငြိမ်းကြီး ငြိမ်းတော်မူနိုင်ကြလေကုန်၏။ ခန္ဓာရှိနေသေးလျှင် ၀ဋ်ဒုက္ခရှိနေသေး၏။ ဘုရား၊ ရဟန္တာတို့ သည် ကိလေသာမရှိခြင်းကြောင့် နောင်ခန္ဓာ မလာနိုင်တော့ပေ။ ထိုသို့ ပရိနိဗ္ဗာန်ပြုပြီးမှ အငြိမ်းဓာတ် ကိန်းနိုင်ကြသော်လည်း ပရိနိဗ္ဗာန်မပြုခင်၌ ကိုယ်သာနာ၍ စိတ်မနာကြတော့ဘဲ ကျန်ရှိသည့် ၀ိပါက၀ဋ်ကို ခန္ဓာဖြင့် ၀ဋ်ကြွေးဆပ်ရ၏။
ဝိပါက၀ဋ်တို့၌ ယခုဘ၀ တရားမရနိုင်သည့် အမှတ် (၃) ဓမ္မ အန္တရာယ်ကြီးမှာ မိခင်ဝမ်း၌ သန္ဓေတည်ကတည်းက ပညာဉာဏ်- အမောဟဟိတ် မပါခဲ့ခြင်းပင်ဖြစ်သည်။ ထို အန္တရာယ် ကြီးမှာ ယခုဘ၀ နိဗ္ဗာန်ရရေး ရှောင်ရှားလို့ ရနိုင်သည့်အရာ မဟုတ်ပါပေ။ စာလိုအားဖြင့် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါသည်။ ၎င်း၌ အလောဘဟိတ်နှင့် အဒေါသဟိတ်များရှိပြီး သာမန်အား ဖြင့် လောကီပညာအရာတွင် တိဟိတ်ပုဂ္ဂိုလ်နှင့် သိပ်မကွာလှဘဲ လောကုတ္တရာပညာအရာ၌ ပရမတ္ထသဘောတရားတွေကို ဒွိဟိတ်ပုဂ္ဂိုလ်တို့က နားမလည်နိုင်ကြောင်း မှတ်သားသိရှိရ ပါသည်။ စာရေးသူအနေအားဖြင့် ဒွိဟိတ်နှင့် တိဟိတ် ခွဲခြားကာပြဖို့အရေး အလွန်ပင် ၀န်လေး လှသည့်အတွက် ခွဲခြားကာ မပြတော့ပြီ။
ဆောင်ရမည့်အရေးတို့ကိုသာ အတိုးချကာ ကြိုးစားသင့်ကြောင်း အကြံပြုလိုသည်မှာ မိမိသည် ဒွိဟိတ် တိဟိတ် ဘယ်ဟိတ်များဖြစ်ပါလိမ့်ဟု ကိုယ့်ကိုယ်ကို မေးမနေသင့်။ ငါတော့ဖြင့် ဒွိဟိတ် ပုဂ္ဂိုလ်ဖြစ်လို့ တရားအားထုတ်လည်း အလကား၊ မရဖို့သာ များသည်ဟူ၍ လက်မှိုင်ချ ငေးမောနေရန်လည်း မနေသင့်။ လုပ်သင့်သည်မှန်သမျှတို့ကို ပညာရှိတို့ မှာကြားသည့်အတိုင်း တစ်တပ်တစ်အား ကြိုးစားကာ ကျင့်ကြံကြရပါမည်။ တစ်နည်းအားဖြင့် ဥပမာပြရပါလျှင် သစ်တုံးကြီးကို လွှဲဖြင့် ပိုင်းဖြတ်ရာ၌ “ပြတ်တာက သူ့အလုပ်၊ ဖြတ်ရမှာက ကိုယ့်အလုပ်”၊ ထိုနှစ်လုပ် ကွဲကွဲပြားပြားသိရှိကာ ကိလေသာပါးပြီးကင်းအောင် ဒါနကိုလည်း ပြု၊ သီလကို လည်း ဆောက်တည်၊ သမထ ၀ိပဿနာ ဘာဝနာတရားတို့ကိုလည်း ကြိုးကြိုးစားစား ကျင့်ကြံပွါးများ အားထုတ်ပါလျှင် အနာဂတ် မဝေးသောကာလတွင် နိရောဓသစ္စာကြီးကို အမှန်ပင် မြင်ရလိမ့်မည်ဟု ယုံကြည်စွာအားထုတ်ကြရပေမည်။
အမှတ် (၄) ဓမ္မ အန္တရာယ်- “အရိယူပ၀ါဒန္တရာယ်”
အရိယာပုဂ္ဂိုလ် မဆိုထားနှင့်၊ မည်သူ့ကိုမျှ ပြစ်မှားစော်ကားလိုသောစိတ်များ မဖြစ်အောင် နေထိုင်ကျင့်ကြံသင့်၏။ နှုတ်ဖြင့်လည်း မပြုနှင့်၊ ကိုယ်ဖြင့်လည်း မပြုလေနှင့်။ ရန်ကိုရန်ချင်း မတုံ့ပြန် မိကြစေနှင့်။ ရန်စတွေ ပျိုးနေကြလို့ ငြိမ်းခွင့်မရသည့် ဒုက္ခတရားတွေကို သံဝေဂ ဉာဏ်ဖြင့်ကြည့်ရှုကာ အမြဲဆင်ခြင်သင့်လှ၏။ ရန်မလိုမှ ရန်ပြိုမည်၊ ရန်ပြိုမှ အေးချမ်းမည်ဖြစ် သည်။
မာနဖြင့် ထောင်လွှား၊ ဒိဋ္ဌိဖြင့် မိုက်မှားကာ အချင်းချင်း ပြစ်မှားကြခြင်းတွေနှင့် တစ်ဖက်က ရန်မခင် တစ်ဖက်သတ် ရန်ဆင်မိခြင်းတွေကြောင့် ကိုယ့်ကာယကံ ကိုယ့်ထံပြန်၊ ကိုယ်ဝစီကံ ကိုယ်ထံပြန်၊ ကိုယ့်မနောကံ ကိုယ်ထံပြန်သည့် ဒုက္ခတွေသာ ရရှိနေကြရ၏။ ထိုကဲ့သို့ တစ်ဖက်သားကို ပြစ်မှားမိကြရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုများ ပြစ်မှားစော်ကားမိလိုက်လျှင်ဖြင့် တောင်းပန်ခွင့်မရလိုက်ပါက ကြီးလေးလှသည့် အမှတ် (၄) ဓမ္မ အန္တရာယ်ကို လွန်ကျူးမိတော့၏။ အရိယာပုဂ္ဂိုလ်တို့ကို ပြစ်မှားမိခြင်း ထို အရိယူပ၀ါဒကံကလည်း မဂ်ဖိုလ်ကို တားမြစ်သည့် ကံကြီးပင်ဖြစ်တော့၏။ သို့သော် အရိယာသူတော်စင်အား ပြစ်မှားမိလို့ တောင်းပန်လျှင်ကား ကျေအေးကင်းပျောက် မဂ်ဖိုလ်ကို ရခွင့်ရှိနိုင်ပေသည်။
အရိယာပုဂ္ဂိုလ်ရယ်မှ မဟုတ်၊ မည်သူ့ကိုမျှ မပြစ်မှားမိအောင် နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပါသည်။ တရားစခန်းများတွင် လေ့ကျင့်ပေးသည့် ကျေးဇူးရှင်ကြီးများအား ပြစ်မှားမိခဲ့သော အပြစ်တို့ ရှိနေပါလျှင် မဂ်ဖိုလ်ကို တားဆီးနေမည် စိုးသောကြောင့် တရားမရှုမှတ်ခင်တို့၌ အရင်ဦးစွာ ဦးခိုက်တောင်းပန်ကြသည့် အလေ့အကျင့်မှာ မွန်မြတ်လှပေ၏။ ည အိပ်ယာ ၀င်ခါနီးတိုင်း ထိုအတိုင်း ပြုကျင့်နိုင်က ပို၍ ကောင်းပေသည်။ နေ့စဉ်ဝတ်ပြု၍ သံသရာက တွေ့ကြုံခဲ့ရသော ဘုရား၊ ရဟန္တာအစဖြာသော ကျေးဇူးရှင်ခင်ပွန်းကြီးဆယ်ပါးတို့နှင့် ယခုဘ၀ တွေ့ကြုံရသည့် ထိုကျေးဇူးရှင်ကြီးတို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှားစော်ကားမိခြင်းများ ရှိနိုင်သည်ဖြစ်ခြင်းကြောင့် လက်ဆယ်ဖြာမိုး မာန်ကိုချိုး၍ ဦးညွှတ်ကန်တော့ကြရာ၏။
အရိယာသူတော်စင်တို့ကို ပြစ်မှားမိခြင်းကြောင့် ရရှိသောဆိုးကျိုးတို့မှာ လွန်စွာကြီးမားလှ၏။ စိဉ္စမာန အမျိုးသမီးသည် အမှန်မဟုတ် ပုံသဏ္ဌာန်လုပ်၍ ဘုရားနှင့် ကိုယ်လေးလက်ဝန်ဖြစ်ရ ပါသည်ဟု လူဘုံအလယ်ထဲတွင် ဘုရားရှင်အား အရှက်ခွဲခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ အရှင် ဒေ၀ဒတ်သည် ဘုရားရှင်အား ကျောက်မောင်းဆင် သတ်ခဲ့ရာ၌ ကွဲအက်သည့် ကျောက်စ မှန်ကာ ဘုရားရှင်၏ခြေမ,တော် သွေးစိမ်းတည်ခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ ဘုရားရှင်၏ ယောက္ခမတော်ဟောင်း သုဗ္ဗဗုဒ္ဓသာကီဝင်မင်းကြီးသည် ဘုရားရှင် ဆွမ်းခံကြွရာ အ၀င်လမ်း တို့တွင် သေသောက်ကျူး ငမိုက်သားတို့ကို ဘုရားရှင်အား မူးရစ်ရမ်းကားစွာ ဆဲရေးတိုင်ထွာ ခြင်းပြုရန် ခိုင်းခဲ့သောကြောင့် မြေမျိုခံရခြင်း၊ နန္ဒကဘီလူးသည် လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖလသမာပတ် ၀င်စားတော်မူနေချိန်တွင် ဦးခေါင်းကို လက်ဖြင့်ရိုက်ပုတ်မိခြင်းကြောင့် မြေမျိုခံရခြင်း၊ နန္ဒလုလင်သည် ရဟန္တာဘိက္ခုနီအရှင်မ ဥပလ၀ဏ်ကို ရာဂစိတ်ဖြင့် မိစ္ဆာစာရ ကျူးလွန်ပြစ်မှားမိခြင်းကြောင့် မြေမျိုခံရခြင်းတို့သည် အရိယာပုဂ္ဂိုလ်မြတ်တို့အား ပြစ်မှာမိခြင်းကြောင့် ဘုရားရှင်လက်ထက်တော်၌ အထင်အရှား ဖြစ်ခဲ့သော အရှင်လတ်လတ် မြေမျိုခံခဲ့ကြရသည့် သာဓကတို့ပင်ဖြစ်၏။
အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိခြင်းကြောင့် ရရှိသော ဆိုးကျိုးဆယ်မျိုးကိုလည်း အောက်ဖော်ပြပါလင်္ကာဖြင့် မှတ်သားကြပါလေ-
“အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲ လူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန် ဓမ္မ အန္တရာယ်တည်း။”
အမှတ် (၅) ဓမ္မ အန္တရာယ်- “အာဏာ ၀ီတိက္ကမန္တရာယ်”
မြတ်စွာဘုရားရှင်၏ အာဏာစက်သည် အနန္တစကြာဝဠာသို့တိုင် တည်တော်မူပေသည်။ ဘုရား သားတော်များအနေဖြင့် ဘုရားရှင်က ၀ိနည်းတော်ကို ဒီအတိုင်း စောင့်ထိန်းကြရမည်ဆိုလျှင် ဒီအတိုင်းသာ လိုက်နာကြ၏။ ဟိုလိုလေး လုပ်ခွင့်ပေးပါလို့ အတွန့်မတက်ကြပေ။ အတွန့်တက်ခဲ့သော ရဟန်းဆိုးများ ရှိခဲ့ခြင်းကြောင့် သာသနာတော် ထက်ခြမ်းကွဲခဲ့သည့် ဖြစ်ရပ်မှန်ကြီးကလည်း ယခုထက်တိုင် ဂယက်ရိုက်ခတ်နေပေသည်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်တစ်ရာ အကြာတွင် သံဃာတော်တစ်သောင်း စုပေါင်း၍ သိက္ခာတော် ၂၂၇ သွယ်မှ လျှော့ပါရန် အဓမ္မ၀ါဒ(၁၀)ချက်တို့ကို တင်ပြကာ တောင်းဆို လာကြရာ အရှင်မဟာယသ ကိုယ်တော်ကြီးဦးဆောင်၍ ရဟန္တာတစ်သိန်းတို့ဖြင့် ဒုတိယ သင်္ဂါယနာတင်တော်မူခဲ့ကြပြီး ထိုအရှင်ဆိုးများစွာတို့ကို မောင်းထုတ်ကာ ပြည်နှင်လိုက်ကြ ပေသည်။ ထိုအချိန်၌ အဓမ္မ၀ါဒအယူ သံဃာတို့က သူ့ဘာသူ မဟာသံဃိကဂိုဏ်းဟူ၍ အမည်သမုတ် ဂုဏ်ရောင်ထုတ်ပြီး ၀ိနည်းတော်(၁၀)ချက်တို့ကို ပယ်ဖြုတ်ကြကာ ယခုအခါ မဟာယာနဗုဒ္ဓဘာသာဟူ၍ ထင်ရှားစွာတည်ရှိနေလေသည်။
ဗုဒ္ဓဘာသာ နှစ်ဘာသာမရှိ၊ ဘုရားသား ဧကန်မှန်လျှင် တစ်သားတည်းသာ ရှိနေရပေမည်။ ဘုရားစကားတော်တို့အား ပြင်လို ပြင်၊ စွက်လို စွက်၊ ဖြည့်လိုလျှင် ဖြည့် လုပ်နေကြပါလျှင် ငါလည်းပဲဘုရားလုပ်ချင်နေကြသည့်သဘောသာ ဖြစ်နေပေသည်။ တုနှိုင်းမဲ့ဘုရားရှင်၏ သားတော်အစစ်ဖြစ်ပါလျှင်ကား ဘုရားမှာရာ တသွေမတိမ်း စောင့်ထိန်းကာနေကြရမည်ဖြစ် သည်။ သို့မှသာ မဂ်ဖိုလ်အရေးက တွေးလေတိုင်း မဝေးနိုင်တော့ဘဲ ကျင့်နိုင်သလောက် ခရီးပေါက်ကာ လူတို့ထက် အမြန်ဆုံးရောက်မည်ဖြစ်၏။
ဘုရားသားတော်များအနေဖြင့် အမှတ် (၅) ဓမ္မ အန္တရာယ်ကြီးကို ကျော်ဖြတ်ကာ ခရီးနှင်နိုင် ရပါမည်။ ဘုရားသား သံဃာတော်များသည် ကျူးလွန်လိုသောစေတနာဖြင့် ဘုရားတားမြစ် ထားသည့် ၀ိနည်းတော်(စည်းကမ်း)တို့ကို ဖောက်ဖျက်မိကြခြင်း၊ ကျူးလွန်မိသော အပြစ်(အာပတ်)တို့ကို ဒေသနာကြားခြင်း(အာပတ်ဖြေခြင်း) မပြုလုပ်ဘဲနေခြင်းတို့ကြောင့် မဂ်ဖိုလ်ကို တားမြစ်ခံကြရခြင်းဖြစ်၏။ ရဟန်းတော်များသည် လူတို့ထက် မဂ်ဖိုလ်နှင့်နီးကြောင်း သိက္ခာတော်မြတ်တို့ဖြင့် ပါရမီဖြည့်ခွင့် ရရှိကြသလို မဂ်ဖိုလ်နှင့်ဝေးကြောင်း အပြစ်တို့ကို လွန်ကျူးမိ၍ အာပတ်မဖြေနိုင်ကြပါလျှင်လည်း လူတို့ထက်ပင် မဂ်ဖိုလ်နှင့် ဝေးလှ၏။
ကျူးလွန်လိုသောစေတနာဖြင့်မဟုတ်ဘဲ ခေတ်အခါအခြေအနေသဘောအရ ရှေးကလို ခြေလျင်ကြွမြန်းကြကာ လိုရာခရီးသွားကြတာမဟုတ်တော့ ယာဉ်စီး၍သာ သွားကြရာ၌ ၀တ္ထုငွေ ကိုင်ကြရ၏။ ထိုသို့သောအာပတ်တို့ကို သေးငယ်သည် မထီသဘောဖြင့် ဒေသနာ ကြားရန်မလိုဟု သဘောထားကာ မနေကြရပါဘုရား။ မြို့ထဲသို့ ကြွကြရာ၌ ဟကွဲကာ ၀တ်ဆင်ထားသည့် မြန်မာမ, ကပြားတို့ကိုမြင်လျှင် သံဝေဂ,သာ နိုင်နိုင်ပွါးကြပါကုန်ဘုရား။ မာတုဂါ မှန်သာမှန်လျှင် ခရီးအတူ မသွားကြရန်နှင့် တစ်မိုးအတူ မအိပ်ကြစေရာ။ လူတို့ အကြိုက်သာ လိုက်နေရလျှင်ဖြင့် ၀ိနည်းတော်အဖော်မထားသလိုဖြစ်ပြီး ကြာလာလျှင် အာပတ်တွေ တစ်ပုံတစ်ပင် မဖြစ်ရအောင် နေ့စဉ်သာဒေသနာကြားကြပါကုန်ဘုရား။
ဆရာနှင့်ဒကာဆိုသည်မှာ မဂ်ဖိုလ်ကို အတူရကြဖို့အရေး “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသလို အပြန်အလှန် မှီနေကြရသည်ဖြစ်ခြင်းကြောင့် သတိတရား အခါခါပွါးနိုင်ပါမှ မဂ်ဖိုလ်ကို အတူတက်လှမ်းနိုင်ကြမှာပါဘုရား။ ခေတ်လူတွေ ပြောမရ,ဆိုမရဟူ၍ လစ်လျူရှု ပစ်မထားကြဘဲ ဘုရားဆုံးမ,ထားသည့်အတိုင်းသာ အားမနာတမ်းဆုံးမ၍ မကြိုက်လျှင်လည်း မတတ်နိုင်၊ သာသနာတော်အရေးအတွက်မို့ အမှန်အတိုင်း မည်သူ့မျှ မငဲ့ကွက်ဘဲ ခတ်ပြတ်ပြတ် ဟောတော်မူကြပါဘုရား။ သည့်အပြင် ထိုအရေးမှာ ဆရာဒကာတို့၏ ကျင့်နှစ်ဖြာညီမျှကြမှ အချင်းချင်းမှီနိုင်ကြမည်ဖြစ်ခြင်းကြောင့် တွဲလက်ချင်း မဖြုတ်တမ်း ခိုင်အောင် မြဲမြံစွာ ရှိထားကြရပါမည်။
နိဗ္ဗာန်သို့တူရူ မကွေ့မကောက် ဖြောင့်တန်းစွာလျှောက်နိုင်ကြအောင် မဂ်ဖိုလ်အား ထားဆီးကြ မည့်ဆိုခဲ့သည့် ဓမ္မ အန္တရာယ်ကြီးတို့ကို သတိဝီရိယကြီးစွာရှောင်ရှားကြ၍ ဆောင်ထားရမည် တို့ကိုလည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယာ၊ ပညာ ဗိုလ်ငါးဖြာတို့ဖြင့် ကျင့်ဆောင်ကာနေကြပါ ကုန်။ သို့မှသာ မကြာခင်၌ ရည်မှန်းရာနိဗ္ဗာန်ကြီးကို ကြည်ရှင်းစွာမဂ်ဖိုလ်အလင်းဖြင့် တွေ့မြင်နိုင်ကြရပြီး သံသရာတစ်လျှောက်လုံး မတွေ့ကြုံမခံစားခဲ့ရသည့် အမွန်မြတ်ဆုံး ချမ်းသာကြီးကို တွေ့မြင်ခံစားကြရမည်မှာ မလွဲဧကန်သာဖြစ်တော့၏။
စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းနှင့် အနန္တသတ္တ၀ါအားလုံးတို့၌ ဘေးရန်ကင်းပ၍ ကိုယ်နှင့်စိတ် ညီမျှကြကာ ချမ်းသာစွာတရားအားထုတ်နိုင်ကြပါစေ။
(ဣ ဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု။)
ထွန်းထွန်းလှိုင်

No comments:

Post a Comment