Monday, October 3, 2011

ရုန်းမထွက်နိုင်သေးသမျှ


မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာတော်ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကိုဖတ်ရင်း သမုဒယသစ္စာအဖွင့်ကို အထူးသတိထားပြီး ဖတ်ဖြစ်၏။ ဒုက္ခအားလုံးသည် ဤသမုဒယကြောင့် ဖြစ်သဖြင့် သမုဒယသည် အကြောင်းတရား ဖြစ်ပြီး ဒုက္ခသည် အကျိုးတရား ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်မိ၏။ ဗုဒ္ဓက သမုဒယဟူသည် တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဂုဏ်တို့တွင် တပ်မက်တွယ်တာ ကပ်ငြိတတ်သည့် ကာမတဏှာ၊ အရာရာမြဲသည်၊ ရှိသည်စသည်ဖြင့် ဖြစ်သမျှဘ၀ကို တပ်မက်တတ်သည့် ဘ၀တဏှာနှင့် အရာအားလုံးသည် သေလျှင်ပြတ်ပြီဖြစ်သဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ်အကုသိုလ်ဟူသည် မရှိဟု စွဲလမ်းယူဆ တပ်မက်တတ်သည့် ၀ိဘ၀တဏှာဟူ၍ သုံးမျိုးရှိကြောင်း ဓမ္မစကြာ ဒေသနာတွင် ရှင်းလင်းဟောကြားတော် မူထား၏။ တဏှာအဖွင့်ကိုဖတ်ရင်း သတ္တ၀ါတို့သည် ဤတဏှာများကြောင့် ဒုက္ခကိုယ်စီ ဖြစ်နေကြသည်ကို ဆက်လက်တွေးနေမိ၏။ အထူးသဖြင့် ဖြစ်သမျှ ဘ၀အပေါ် တပ်မက်တွယ်တာကာ ထိုထို ဘ၀များတွင် ကျင်လည်နေရမှုကို ဒုက္ခဟု မမြင်၊ ထိုဘ၀အပေါ် တပ်မက်တွယ်တာမှုမှ ရုန်းထွက်ရန် မကြိုးစားဘဲ တွယ်ပြီးရင်းတွယ်ရင်း ဖြစ်နေကြသည့် အဖြစ်ကို တွေးနေမိရင်း ဘာကြောင့် ရုန်းမထွက်နိုင်ကြသနည်းဟု မေးခွန်းထုတ်နေမိ၏။

အဖြေကား တွယ်တာမှု သမုဒယ တဏှာကြောင့်ဟုသာ ထွက်ပေါ်ခဲ့၏။ မှန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ဘ၀ကို တပ်မက်တတ်သည့် တဏှာ၏ ချည်နှောင်မှုကြောင့် ရရှိလာသည့် ဘ၀အခြေအနေ ဖြစ်တည်မှု အနေအထားများမှ ရုန်းထွက်ရန် ခက်ခဲတတ်ကြခြင်း ဖြစ်၏။ ရရှိလာသည့် ဘ၀တွင်သာ ပျော်ပိုက်နေတတ်ကြ၏။ မည်မျှပင် ဆင်းရဲဒုက္ခများဖြင့် ကြုံတွေ့နေရသော်လည်း ထိုဒုက္ခတွင်းထဲမှ ရုန်းထွက်ရန် အားထုတ်မှု မပြုကြပေ။ ရရစာစား သွားသွားလာလာဖြင့်သာ ဖြစ်ရာဘ၀ ဖြစ်သည့်အနေအထားတွင် ဖြစ်သလိုသာ နေလိုက်တတ်ကြတော့၏။ သမုဒယတဏှာ၏ နှောင်ဖွဲ့မှုကြောင့် ခဏတာဖြစ်တည်မှုလေး အပေါ်မှာပင် သာယာနေတတ်ကြ၏။ ထို့ကြောင့်လည်း ဘုန်းကြီးလည်း ဘုန်းကြီးဘ၀၊ သီလရှင်လည်း သီလရှင်ဘ၀၊ လူလည်းလူဘ၀၊ ထို့ထက် ဆိုရလျှင် အလုပ်သမားလည်း အလုပ်သမားဘ၀၊ အခိုင်းအစေလည်း အခိုင်းအစေဘ၀၊ ကျွန်လည်း ကျွန်ဘ၀၊ သူတောင်စားလည်း သူတောင်စားဘ၀၊ ယုတ်စွအဆုံး ခွေး၊ ၀က်၊ နွား၊ ကြက် စသည့် တိရိစ္ဆာန်များသည်လည်း အသီးသီးသော ဘ၀လေးတွေမှာ ပျော်နေတတ်ကြခြင်း ဖြစ်၏။ ဤသည်မှာ ဘ၀ကို တပ်မက်တတ်သည့် ဘ၀နိကန္တိက လောဘကြောင့် တစ်နည်းအားဖြင့် ဆိုရသော် ဘ၀တဏှာကြောင့်ပင် ဖြစ်ပါ၏။

လောဘအမျိုးမျိုး ရှိသည့်အနက် ဘ၀ကို တပ်မက်တတ်သည့် လောဘသည်လည်း သတ္တ၀ါများအား ဒုက္ခအပေါင်းတွင် ကျင်လည်နေရအောင် လောင်မြိုက်စေ၏။ သို့သော် ပုထုဇဉ်သတ္တ၀ါများကား လောင်မြိုက်သည်ဟု မထင်။ ချို့မြိန်သည်ဟု ထင်နေတတ်၏။ စင်စစ် ထိုလောဘတဏှာကြောင့်ပင် သတ္တ၀ါတို့သည် ရရှိလာသည့် ဘ၀တွင် မည်မျှပင် ဒုက္ခများ ရှိနေပါသော်လည်း ထိုဘ၀လေးတွင် ပျော်နေကြ၏။ အခိုက်အတန့်ကာလ အဆင်ပြေမှုများတွင် ကျေနပ်နေကြ၏။ သတ္တ၀ါတို့၏ နေ့စဉ်ဖြတ်သန်းမှုများတွင် ဒုက္ခများ မည်မျှပင် ရှိနေကြသော်လည်း ဖြစ်ရာဘ၀ အခြေအနေလေးများတွင် ပျော်မွေ့နေကြ၏။ ဟိုမှသည်မှ သွားလာဖြစ်ပျက်နေသော်လည်း ဖြစ်သမျှဘ၀ ရောက်သမျှ နေရာများတွင် ပျော်မွေ့နေတတ်ကြ၏။ လူသည်လည်း လူ့အဆင့်အတန်း အနေအထားအရ လူ့ဘ၀အသီးသီးတွင် တဏှာ၏ နှောင်ဖွဲ့မှုမှ ရုန်းမထွက်နိုင်ဘဲ ရရှိနေသည့် ဘ၀တွင် ကျေနပ်နေကြသကဲ့သို့ တိရစ္ဆာန်များသည်လည်း ဖြစ်ရာဘ၀တွင် ပျော်နေတတ်ကြ၏။ ထို့ကြောင့်လည်း သူတောင်းစားလည်း ထိုနေ့အတွက် အကောင်းစားများ တောင်းစား၍ ရသည့်အခါ ပျော်ရွှင်နေမိတတ်ကြသကဲ့သို့ အမှိုက်ကောက်သမားသည်လည်း အမှိုက်များများ ကောက်၍ရသည့်အခါ ပျော်နေမိတတ်ကြ၏။ ထို့အတူ အခြားအခြားသော လူ့အသိုင်းအ၀ိုင်းများလည်း မိမိတို့ ဖြစ်တည်နေသည့် ဘ၀တွင် အသီးသီး ပျော်ရွင်နေမိကြ၏။ ကြက်၊ ၀က် စသည့် တိရိစ္ဆာန်များလည်း အလားတူပင်။ အသက်ခံရမည့် အရေးတွေးမမြင်နိုင်သေးဘဲ ကျွေးသမျှလေးတွေ အပေါ်မှာ သာယာနေတတ်သည့် သဘောရှိ၏။ အစာများများစားရ၍ အသားတိုးလာသည့်အခါ ရောင်းစား၊ သတ်စားခံရမည်ကို မမြင်မိဘဲ အခိုက်အတန့် ကောင်းကောင်းစားရသည့် အပေါ်မှာသာ အငမ်းမရ စားနေမိတော့၏။ ဤသည်မှာ ဘ၀တဏှာ၏ သဘောပင် ဖြစ်၏။ ထိုတဏှာကြောင့်ပင် ဖြစ်သမျှဘ၀၊ ဖြစ်သမျှအခြေအနေတွင် အငမ်းမရ တွယ်တာနေတတ်ကြ၏။ မိမိဖြစ်ချင်သကဲ့သို့ ဖြစ်ခွင့်မရှိဘဲ သူဖြစ်ချင်သလို ဖြစ်နေသည့် သဘောကို ဒုက္ခဟု မမြင်ဘဲ သုခဟု မြင်နေသဖြင့် ဖြစ်သမျှအခြေအနေတွင် ပျော်မွေ့နေတတ်ခြင်း ဖြစ်၏။ တဒင်္ဂသာယာမှုအပေါ် ထာဝရဟုထင်ကာ ဒုက္ခဖြစ်ကြောင်း တဏှာမှ ရုန်းထွက်နိုင်အောင် မကြိုးစားကြဘဲ တဏှာ၏ သားကောင်အဖြစ်ကိုသာ လိုလားနေကြသဖြင့် ဒုက္ခပင်လယ်ဝေမှုသည် အဆုံးမသတ်နိုင်ဘဲ ဖြစ်နေကြတော့၏။

ဘ၀တဏှာကြောင့် ဖြစ်သမျှ ဘ၀တွင် သာယာပျော်ရွှင် နေတတ်သည့် သဘောကို ဖော်ညွှန်းပြထားသည့် ၀တ္ထုလေးတစ်ပုဒ် ဖတ်ဖူး၏။ ရှေးအခါက ကာသိတိုင်း ပါဋလိမြို့ကို စိုးစံအုပ်ချုပ်သည့် အဿက အမည်ရှိ ရှင်ဘုရင်းကြီးတွင် ဥပရိ အမည်ရှိ မိဖုရားတစ်ပါး ရှိ၏။ ထိုမိဖုရားသည် ရုပ်ရည်အဆင်း အလွန်လှပပြီး ရှင်ဘုရင်၏ အသည်းစွဲ ဖြစ်သည်နှင့်အမျှ မာနလည်း အလွန်ကြီးသည်ဟု ဆို၏။ ထို့ကြောင့်လည်း အလှမာန်တက်က မည်သူ့ကိုမျှ တလေးတစား အရေးတယူ မရှိလှပေ။ မာန်မာန အားကြီးပြီး ထိုအလှအပေါ်တွင်သာ ယစ်မူးနေသဖြင့် ကုသိုလ်ကောင်းမှုလည်း ပြုလုပ်ခြင်း မရှိပေ။ နောက်ဆုံးတွင် ဥပရိ မိဖုရားကြီးသည် ရုတ်တရက် သေဆုံးသွားခဲ့လေ၏။ ကုသိုလ်ကောင်းမှုမရှိ မာန်မာနဖြင့်သာ အချိန်ကုန်ခဲ့သဖြင့် သေသည့်အခါ နွားချေပိုးအဖြစ် ပြန်လည်ဖြစ်ခဲ့တော့၏။ မာန၏ ကြောက်စရာ အကျိုးပေးပင် ဖြစ်ပါ၏။ မာနကြီးလျှင် အမျိုးဇာတ်ယုတ်ညံ့တတ်သည်ဟု ဆိုသည့်အတိုင်း အယုတ်ညံ့ဆုံး အမျိုးဇာတ်အဖြစ် တိရစ္ဆာန်ဘ၀တွင် မေးဖွားခဲ့ရ၏။ အဿကဘုရင်ကြီးသည် မိဖုရားအပေါ် အလွန်သံယောဇဉ် ကြီးသူဖြစ်သည့်အလျှောက် မိဖုရားကြီး ဆုံးပြီးနောက်ပိုင်းတွင်လည်း ထိုသံယောဇဉ်စိတ်ဖြင့် မအိပ်နိုင်မစားနိုင် တမိုင်မိုင်သာ ဖြစ်နေတော့၏။ မင်းကြီး၏ အခြေအနေကို ကြည့်ပြီး မှူးမတ်များမှာ ရှင်ဘုရင် စိတ်သက်သာရေး ဆွေးနွေးတိုင်ပင်ရင်း နောက်ဆုံးတွင် ဟိမ၀န္တာအတွင်း တရားဓမ္မ အားထုတ်ကာ ဈာန်အဘိညဉ်တန်ခိုးနှင့် ပြည့်စုံသည့် ဘုရားလောင်း ရသေ့ကို သတိရပြီး ဘုရင်ကြီးအနေဖြင့် မိဖုရားအပေါ် သိပ်စွဲလန်းနေလျှင် မိဖုရားကြီး မည်သည့်ဘ၀တွင် ဖြစ်နေသည်ကို မေးမြန်းလျှောက်ထားရန် အကြံပြု၍ ဘုရားလောင်း ရသေ့ထံ ခေါ်ဆောင်သွားလေ၏။

ဘုရားလောင်း ရသေ့ထံ ရောက်သည့်အခါ အဿက ဘုရင်ကြီးက “အရှင်ရသေ့ အနေဖြင့် ကျွန်ုပ်၏ မိဖုရားကြီး ဘယ်ဘ၀မှာ ဖြစ်နေတယ်ဆိုတာ ပြောပေးပါ“ဟု လျှောက်ထားရာ ဘုရားလောင်းရသေ့က “မိဖုရားကြီး ဖြစ်နေသည့်ဘ၀ကို ဘုရင်ကြီးကိုယ်တိုင် တိုက်ရိုက်စကား ပြောစေပါမည်“ဟု ဆိုကာ နွားချေးပိုးဖြစ်နေသည့် မိဖုရားကြီးကို အဘိညဉ်တန်ခိုးဖြင့် ထင်ရှားစေကာ စကားပြောစေ၏။ ထိုအချိန်တွင် မိဖုရားကြီးတစ်ဖြစ်လဲ နွားချေးပိုးမမှာ ဘ၀တူ နွားချေးပိုးနှင့် အတူပျော်မွေ့နေ၏။ နွားချေးပိုးဖြစ်နေသည့် မိဖုရားကိုကြည့်ကာ အဿက ဘုရင်ကြီးမှာ မယုံနိုင်စရာ ဖြစ်နေသော်လည်း ပိုးမနှင့်တိုက်ရိုက် စကားပြောကြည့်သည့်အခါ မိမိ၏ မိဖုရားကြီး ဖြစ်နေသည်ကို လက်ခံသွား၏။ ဘုရင်ကြီးသည် အသက်နှင့်ထပ်တူ ချစ်လှသည့် မိဖုရားကြီးအနေဖြင့် လူ့ဘ၀တုန်းက လိုပင် သူ့အပေါ် ချစ်မချစ် သိလိုလှပေ၏။ ထို့ကြောင့် နွားချေးပိုးမအား “အသင်သည် လူ့ဘ၀က ဘ၀ကျင်ဖော်ဖြစ်ခဲ့သည့် ငါလိုရှင်ဘုရင်နှင့် အခု နွားချေးပိုးမဘ၀တွင် အတူနေထိုင်သည့် နွားချေးပိုးအထီး နှစ်ဦးအနက် ဘယ်သူကို ပိုချစ်သလဲ”ဟု မေးလေ၏။ ထိုအခါ နွားချေးပိုးမက “အရှင်မင်းကြီး လူ့ဘ၀ကလည်း လူ့ဘ၀အလျှောက် အရှင်မင်းကြီးအပေါ် သံယောဇဉ်ရှိပါတယ်၊ အခု နွားချေးပိုးဘ၀မှာတော့ အရှင်မင်းကြီးထက် ဒီနွားချေးပိုး အထီးကို ပိုပြီးချစ်ပါတယ်၊ အရှင်မင်းကြီး လူ့ဘ၀မှာ လူ့အသုံးအဆောင်များဖြင့် စည်းစိမ်အပြည့် ရှိနေသလို နွားချေးပုံထဲမှာ ဖြစ်နေတဲ့ နွားချေးပိုးမ အဖြစ်ဟာလည်း အစစအရာရာ ပြည့်စုံပါတယ်၊ ဒီနွားချေးပိုးဘ၀မှာပဲ ပျော်ပါတယ်…” စသည်ဖြင့် အဖြေပေးလိုက်လေ၏။ အဿကဘုရင်ကြီးမှာ သူ့က ချစ်သလောက် မိဖုရားကြီးဟာ သူ့အပေါ် မချစ်ပါလားဟု တွေးကာစိတ်မကောင်း ဖြစ်ခဲ့ရသေး၏။ ဘုရင်ကြီး၏ အခြေအနေကို ကြည့်ကာ ဘုရားလောင်း ရသေ့က ဖြေတရားဟောခဲ့၏။

“အရှင်မင်းကြီး… ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်၊ သတ္တ၀ါတိုင်းမှာ ရှိနေကြတဲ့ တဏှာရဲ့ သဘောပဲ ဖြစ်ပါတယ်၊ တဏှာဟာ သတ္တ၀ါတွေကို ဖြစ်လေရာဘ၀မှာ ရုန်းမထွက်နိုင်အောင် ချည်နှောင် တွယ်ပတ်ထားတဲ့ သဘောရှိတဲ့အတွက် သတ္တ၀ါတိုင်းဟာ ဖြစ်ရာဘ၀၊ ရရာဘ၀မှာ ဖြစ်သမျှ ရသမျှနဲ့ ကျေနပ်နေကြခြင်း ဖြစ်ပါတယ်၊ ဒီလို ဖြစ်နေသမျှ ဘယ်ဘ၀ရောက်ရောက် တဏှာရဲ့ ချုပ်နှောင်မှုဖြင့် ဖြစ်သမျှနေရာမှာ တွေ့သမျှ အရာတွေနဲ့ တွယ်နှောင်ရစ်ပတ်နေကြဦးမှာ ဖြစ်ပါတယ်၊ ဒီတဏှာ ရှိနေသမျှ ဒုက္ခကိုယ်စီ ရှိနေကြဦးမှာ ဖြစ်ပါတယ်၊ ဒီတဏှာရဲ့ ချည်နှောင်မှုမှ ရုန်းထွက်နိုင်မှသာ ဒုက္ခအပေါင်းမှ ကင်းငြိမ်းမှာ ဖြစ်တဲ့အတွက် ဘုရင်းကြီးအနေနဲ့ ငါ့ကောင်းသလောက် သူမကောင်းဘူး ငါချစ်သလောက် သူမချစ်ဘူးဆိုတဲ့ သမုဒယ တဏှာဦးစီးထားတဲ့ အတွေးများ၊ ရစ်ပတ်ထားတဲ့ လောဘတဏှာ သံယောဇဉ်များမှ ရုန်းထွက်နိုင်အောင်သာ ကြိုးစားပြီး တဏှာကင်းရာ နိဗ္ဗာန်သို့ သွားနိုင်အောင်သာ အမြန်ဆုံး အားထုတ်သင့်ပါတယ်…” စသည်ဖြင့် ဘုရားလောင်း ရသေ့မှ အဿက ဘုရင်ကြီးအား တရားစကား ဟောကြားတော်လိုက်၏။ ထိုအခါမှသာ ဘုရင်ကြီးလည်း စိတ်သက်သာရာ ရသွားပြီး နန်းတော်သို့ ပြန်လည်ကြွသွားလေတော့၏။

အထက်ပါ ၀တ္ထုဇာတ်ကြောင်းကို ကြည့်ပါက တဏှာ၏ သဘောကို ကောင်းစွာနာလည်နိုင်မည် ဖြစ်၏။ သတ္တ၀ါတို့သည် ဖြစ်လေရာ ဘ၀မှာ ပျော်နေတတ်သည်ကို ထင်ထင်ရှားရှား သိနိုင်မည်ဖြစ်၏။ မိမိတို့ လက်တွေ့ဘ၀တွင်လည်း ထိုသဘောများကို ကြုံတွေ့ဖူးကြမည် ဖြစ်၏။ ဖြစ်သမျှနေရာ ရသမျှအရာ တွေ့သမျှ သူတွေအပေါ် သံယောဇဉ်ဖြစ်ကာ ပျော်မွေ့နေတတ်ကြသဖြင့် ဒုက္ခကို ဒုက္ခဟု မမြင်ဖြစ်နေကြသည်ကို နားလည်နိုင်မည်ဖြစ်၏။ တစ်ခါတစ်ရံ အချို့သူများသည် မိမိက သံယောဇဉ်ထား အလေးထားသော်လည်း မိမိကွယ်ရာတွင် အခြားသူတစ်ဦးနှင့် ပျော်မွေ့နေတတ်၊ မိမိအပေါ် မေ့နေတတ်သည်ကို ကြုံဖူးကြမည်ဖြစ်၏။ ထို့အတူ မိမိကိုယ်တိုင်လည်းပဲ အခြားတစ်နေရာ အခြားသူတစ်ဦးဦး အခြားအရာ တစ်ခုခုအပေါ်တွင် သာယာနေပြီး ထိုအခြေအနေများအပေါ်တွင် ကျေနပ်နေတတ်သည်လည်း ရှိတတ်၏။ မိမိအနေဖြင့် ဖြစ်လေရာ ဘ၀တွင် သာယာနေတတ်သော်လည်း မိမိက တွယ်တာမိသည့် သူ၊ တွယ်တာမိသည့် အရာကိုကား အခြားသူများနှင့် ပျော်ရွှင်နေမှုကို မလိုလားတတ်ပေ။ မိမိကိုသာ သံယောဇဉ်ဖြစ်စေချင်၏။ တွယ်တာစေချင်၏။ သို့သော် ဖြစ်မလာခဲ့ပေ။ ထိုသို့လိုလားသော်လည်း မဖြစ်သည့်အခါ အလိုမကျဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ ဒေါသထွက်ခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ သောကဖြစ်ခြင်း၊ နောင်တဖြစ်ခြင်းများဖြင့် ဘ၀ကို ဒုက္ခတွေဖြင့်သာ ပြည့်စေလေတော့၏။ ထိုဒုက္ခအားလုံး၏ အရင်းခံကား သံယောဇဉ် အနှောင်အဖွဲ့နှင့် တဏှာ၏ ချည်နှောင်မှုကြောင့်ပင် ဖြစ်၏။ သို့သော် သတ္တ၀ါတို့သည် ထိုသဘောကို သဘောပေါက်ကာ ထိုတဏှာ၏ လွတ်ရာသို့ ရုန်းထွက်ရန် မကြိုးစားကြဘဲ တဏှာ၏ ချည်နှောင်မှု အတိုင်းသာ လိုက်နေမိကြတော့၏။ စင်စစ် ထိုဒုက္ခ အားလုံး၏ တရားခံကား ဖြစ်သမျှကို တွယ်တာစေတတ်၊ ကပ်ငြိစေတတ်၊ သံယောဇဉ်ဖြစ်စေတတ်သည့် ဘ၀နိကန္တိက လောဘတဏှာကြောင့်ပင် ဖြစ်၏။

တွယ်တာမှု တဏှာသည် သတ္တ၀ါတို့အား ဒုက္ခကိုသာ တိုးစေသဖြင့် ထိုတဏှာကို ပယ်သတ်ရပေမည်။ တဏှာ၏ ချည်နှောင်မှုမှ ရုန်းထွက်ရပေမည်။ ထိုတွယ်တာမှုကို အရိယာမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ တဏှာ၏ နှောင်ဖွဲ့မှုမှ ရုန်းထွက်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀တဏှာတည်းဟူသော အနှောင်အဖွဲ့ သံယောဇဉ်ကို ပယ်သတ်၍ တဏှာ၏ ချည်နှောင်မှုမှ ရုန်းထွက်နိုင်ရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည့် တဏှာကင်းရာသို့သွားရာ မဂ္ဂင်ရှစ်ပါးလမ်းကို လျှောက်လှမ်းရန် လိုအပ်ပေ၏။ ထိုလမ်းကို လျှောက်လှမ်းနိုင်ရန် သတိကို အခြေပြုထားသည့် ဉာဏ်နှင့်ယှဉ်သည့် သတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်ကို အချိန်ရှိခိုက် လုံ့လဆိုက်ကာ အားထုတ်ရန် လိုအပ်လှပေ၏။ ဤသို့မှ မလုပ်နိုင်လျှင် တဏှာ၏ ချယ်လှယ်မှုမှ ရုန်းထွက်နိုင်ရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် တွေ့ကြုံခံစားနေရသည့် သတ္တ၀ါအပေါင်းတို့သည် တွယ်တာမှု သမုဒယ တဏှာ၏ ချည်နှောင်မှုကြောင့် ဖြစ်ပေါ်နေရသည့် ထိုဒုက္ခအပေါင်းမှ ကင်းဝေးနိုင်စေရန်အတွက် လက်ရှိမိမိတို့ ရရှိကျင်လည်နေရသည့် ဘ၀အသီးသီးတွင်သာ ပျော်မွေ့မနေကြဘဲ ထိုထိုဘ၀ အသီးသီးမှ တဏှာကင်းရာလမ်းသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ရန် အချိန်ရှိခိုက် ရုန်းထွက်လိုက်ကြရန်နှင့် တွယ်တာမှု သံယောဇဉ်မှန်သမျှသည် မည်သည့်အခါမျှ သတ္တ၀ါတို့ကို အေးမြမှုကို ပေးနိုင်သည့်အရာ မဟုတ်ကြောင်း ကောင်းစွာသဘောပေါက်ပြီး ထိုသံယောဇဉ်များကို အမြန်ဆုံး ဖြတ်နိုင်ရန်သာ ကြိုးစားသင့်ပါကြောင်း အသိပေးစကား ပြောကြားလိုက်ရပါပေ၏။

မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment