တစ်ခါက အသိကိုရီးယား ဒကာမလေးတစ်ယောက်က သူ့မျက်နှာကို ခွဲစိပ်ပြုပြင်မလို့ အဲဒါ ပြုပြင်သင့်မပြင်သင့် အကြံပြုဖို့ ပြောဖူးပါတယ်။ “ပိုက်ဆံပေါရင်တော့ ပြင်ကြည့်ပေါ့၊ ဒါပေမယ့် အစလုပ်မိရင်တော့ နောက်ဆိုရင် ဘာလေးပဲဖြစ်ဖြစ် ပြင်လို့ကို ဆုံးမှာ မဟုတ်ဘူးဆိုတာတော့ မမေ့ပါနဲ့”လို့ ပြောပြရင်း ရုပ်ကိုချည်းပဲ မပြင်ဘဲ စိတ်ကိုလည်း ပြင်နိုင်အောင် ကြိုးစားဖို့ အကြံပြုဖြစ်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ လူအတော်မျာများက အကောင်ပုတ်ဖြစ်တဲ့ ဒီရုပ်ကိုပဲ ပြင်ဖို့ကြိုးစားနေတတ်ကြပါတယ်။ ပြင်ဆို ဒီရုပ်ကလည်း သိတဲ့အတိုင်းပဲ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ ထွက်နေတာဆိုတော့ ပြင်တာတော့ ပြင်ကြရမှာ ဖြစ်ပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေတာ များပါတယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။
တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။
ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။
No comments:
Post a Comment