သို့သော် ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ်ဟောင်းကမူ သူ၏ ရာထူးကို သားအား လွှဲအပ်၍ ရသေ့ရဟန်း ပြုသွားလေသည်။ ကောရကသမ္ဗသည် ရာထူးမရသောကြောင့် သူ၏ နောင်တော် အပေါ် ရန်ငြိုးဖွဲ့၏ ။ ထုံးစံအားဖြင့်လည်း ပုရောဟိတ် ရာထူးမှာ နောင်တော်သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော် သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော်က အခွင့်မပြုသဖြင့် ထိုရာထူးကို အတင်းမပြောင်းလွှဲနိုင်ချေ။ သို့ဖြစ်၍ ထိုရာထူးအတွက် ဘုရင်နှင့် ကောရကသမ္ဗ (သူငယ်ချင်း ၂ယောက်) တို့မှာ အခက်ကြုံရတော့၏ ။
ထိုရာထူးအတွက် ဘုရင်က သူ၏ သူငယ်ချင်းကို ပြောသည် ငါကိုယ်တိုင် သင့်ကို အစ်ကိုကြီး၊ သင်၏ နောင်တော်ကို အငယ် လို့ ပရိတ်သတ်အလယ်မှာ မုသားပြောမည်။ သည်ဆိုလျင် သင်က အကြီးဖြစ်၍ ရာထူးကို ရခွင့်ရှိသည်။ ဒီအခါ ကောရကသမ္ဗက “ မင်းမြတ် သင်အကြံဟာ ကောင်းပါ၏ ။ သို့သော် နောင်တော်က တန်ခိုးကြီးသူဖြစ်တယ်။ ယခုလို မုသားပြောလျှင် နောင်တော်က အရှင်မင်းမြတ်၏ တန်ခိုးတွေကို (တကယ်မကွယ်ပဲ) ကွယ်ပျောက်အောင် လုပ်ပါလိမ့်မယ်။ မြေကြီးထဲကို တကယ်မ၀င်ပဲ ၀င်သလို ထင်အောင် လုပ်လိမ့်မယ်။ ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကားကို မတည်ဘဲ စကားပြောင်းလွှဲသွားလျှင် အကျိုးမရှိနိုင် ” (ဤကား နောင်ထိုအတိုင်းဖြစ်လာလျှင် ဘုရင်စိတ်မပျက်ရအောင် ကြိုတင်၍ တုပ်နှောင်သော စကားများတည်း) ။
၎င်းတို့ နှစ်ဦး ဆွေးနွေးချက်က တစ်မြို့လုံး ပျံ့နှံ့သွား၍ တစ်မြို့လုံးက မုသားဆိုတာမကြားဖူးကြ ၊ အထူး သစ္စာတည်သော ကာလဖြစ်၍ ဘုရင်ပြောမည့် မုသားဆိုတာ ဘယ်လိုဟာပါလိမ့်၊ “ ညိုညိုလား- ရွှေရွှေလား” ဟု မုသား၏ အဆင်းအရောင် အကောင်အထည်ကို စဉ်းစားကြလေ၏။ ထိုမျှလောက် သတင်းကြီးသော မုသားကို ကြည့်ရှု ကြားသိလိုကြသော မြို့သူမြို့သားတို့ဟာ ဘုရင် မုသားပြောမည့်ဌာနကို ခုတင်ကြီးငယ် အသွယ်သွယ် ခင်းလျက် အလုပ်အယက် နေရာယူကာ (၇) ရက်မြောက်နေ့ မတိုင်ခင် ပရိတ်သတ်များ ပြည့်ကျပ် ကျိတ်ခဲနေလေသည်။ ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်မှ ဆိုက်ရောက်လာ၏။
ထိုအခါ......
ရသေ့။ ။ မင်းမြတ်၊ အငယ်ကို အကြီး၊ အကြီးကို အငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။
မင်းမြတ်၊ မုသာဝါဒ ဆိုတာ လွန်စွာ အပြစ်ကြီးပါတယ်။ ရှိသမျှ ဂုဏ်ကို ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ်ပါတယ်။ မုသာဝါဒ ပြောဆိုသူမှန်လျှင် မိမိ ကိုယ်ကျင့်တရားကို သတ်ပစ်ရာ ရောက်ပါတယ်။ ကိုယ်ကျင့် တရားတွေ သတ်ပစ်တဲ့သူဟာ မိမိကိုယ်လည်း မိမိ သတ်ရာ ရောက်ပါတယ်။ မုသားပြောသူကို ကိုယ်စောင့် နတ်များလည်း မစောင့်လိုကြပါ။ ခံတွင်းက အပုပ်နံ့ ထွက် တတ်ပါတယ်။ ရာထူးလည်း လျှောတတ်ပါတယ်။ (ထိုစကားကြားလျှင် ဘုရင်သည် ကြောက်ရွံ့လာ၏။ ကောရကသမ္ဗကို ဘယ်နှယ်လဲ ဟု မေးသောသဘောဖြင့် ကြည့်ရှာသည်)။
ကောရ။ ။ မင်းမြတ်၊ အစတုန်းကပင် သည်လိုပြောပါလိမ့်မယ်ဟု တင်ကြို သံတော်ဦးတင်ခဲ့သည် မဟုတ်ပါလား။
ဘုရင်။ ။ (အနည်းအငယ်ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြောသည်မှာ) အရှင်ရသေ့၊ အရှင်က အငယ်၊ ကောရကသမ္ဗ က ကြီးဖြစ်တယ်။
ဤ မုသားသည် ယခုကမ္ဘာတွင် ပထမဆုံး မုသားတည်း။ ထိုမုသား စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ကို စောင့်နေကျ ဖြစ်သော နတ်သားလေးပါး သန်လျက်ကို ပစ်ချ၍ ကွယ်ပျောက်ကြတော့၏ ။ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့ပျောက်ပြီး ကြက်ဥပုပ်နံ့ ထွက်လာ၏ ။ တစ်ကိုယ်လုံးလဲ စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာသည်။ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်ရှာလေသည်။ ရသေ့က မပြောရန် တားပေမယ့် ဒုတိယမုသားမှာ ခြေမျက်စိထိအောင် ခြေ ၂ချောင်း မြေသို့ ၀င်သွားလေသည်။ (မြေမျိုစပြုလေပြီး)၊ ရသေ့က ထပ်တားပြန်သည် ။ တတိယမုသားမှာ ဒူးဆစ်ထိအောင် မြေသို့ ၀င်သွားလေသည်။ ရသေ့က ပြန်၍ အမှန်တိုင်းပြောလျှင် အရင်တိုင်း ပြန်ဖြစ်လာနိုင်ပါသေးတယ် ပြောသော်လည်း ဘုရင်က “ သင်ကအငယ်၊ ကောရကသမ္ဗ က အကြီး” စတုတ္ထမုသားမှာ ခါးထိအောင် မြေသို့ ၀င်လေသည်။ ပဉ္စမမြောက် မုသားအပြောတွင် ချက်ထိအောင် မြုပ်သွားလေသည်။ ဆဋ္ဌမမြောက် မုသားတွင် သားမြတ်ထိအောင် မြုပ်သွားလေသည်။ သတ္တမမြောက်မုသားတွင် အ၀ီစိမှ မီးတောက် မီးလျှံတို့က အ၀ီစိတိုင်အောင် ယူဆောင်သွားလေသည်။ (အဋ္ဌကနိပါတ်, စေတိယဇတ်။)
ဤ၀တ္ထု၌ မုသာဝါဒ၏ အပြစ်ကား လွန်လွန်းသည်ဟု မှတ်ထင်ကြပေလိမ့်မည်။ စေတိယမင်း၏ မုသားပြောသော အချိန်ကား တစ်စုံတစ်ယောက်မှ မုသားပြောသူမရှိသေး။ အားလုံး သစ္စာတည်သော အခါ ဖြစ်သည်။ ညစ်စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး၊ ဖြူစင်သော ပ၀ါ၌ကား မြူမှုန့်လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အလွန်ထင်ရှား၍ အပြစ်လည်း ကြီးမာလေသည်။ ယခုခေတ်ကား အချို့လူကြီးလူကောင်း ပညာရှိသူတော်ကောင်းတွပင် “ မုသားမပါ လင်္ကာမချော” ဟူသော စကားကို လက်ကိုင်ပြုလျက် မုသားကို ရေလဲနှင့် သုံးစွဲနေကြသော ခေတ်ဖြစ်၏။ ခေတ်အလျောက် မုသား အပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမှု သံသရာ၌ ၀ဋ်လိုက်သော အပြစ်မှာ စေတိယမင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့် အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည် ဖြစ်သောကြောင့် မုသား မှန်သမျှကို အသေးအဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သော သစ္စာကြောင့် အလိုလို အရှိန်အ၀ါတတ်လာပါလိမ့်မည်။
ကဲ့... မုသား စကားပြောကြအုံးမည်လား?
“တစ်ယောက်စကား တစ်ယောက်နားမှာ
မခါးရအောင် မောင်တို့ဆိုလေ
ပျားသကာသို့ ချိုလှစေ”
ဒါက သူတစ်ပါးကို နားထောင်ကောင်းအောင် မိမိရဲ့ နှုတ်ထွက်စကား မကြမ်းတမ်းရအောင် ဆုံးမသည့် ဆုံးမစာဖြစ်ပါသည်။ ပျားသကာ လိုချိုရအောင်ဆိုပြီး မဟုတ်တာတွေ လှိမ့်ပြောပြီး တစ်ဖတ်သူ၏ နားဝင်ချိုအောင် ပြောဖို့ မရည်ရွယ်ထားပါ။ chatting ထိုင်ကြသော ကိုကိုမမတို့ကပြောအုံးမယ် ဒို့က ပါးစပ်နဲ့မပြောဘူး လက်နဲ့ typing တာဆိုပြီး လက်တစ်လုံးခြားလို့ မရပါ။ မုသားဟာ မုသားပါပဲ။ မြတ်စွာဘုရားက သားတော် ရာဟုလာကို ဆုံးမသည့် ဆုံးမစကားလေး တစ်ခွန်းရှိပါသည်။ “မုသားဆို ရီစရာအဖြစ်နဲ့တောင် မပြောလေနှင့်” ။ လက်ရှိလူငယ်တွေမှာ အပေါင်းအသင်းတွေကြား စစနောက်နောက်နဲ့ စနောက်ကြပြီး မုသားကို သတိမမူမိပဲ ကျူးလွန်နေကြပါသည်။ မိမိ၏ မုသား ဤမျှလောက် အကျိုးပေးကြီးမှန်း မသိကြသေးသူများဖြစ်ပြီး, သိကြသော်လည်း လက်တွေ့မကြုံဖူးကြ၍ ယုံကြည်မှုနည်းပါးသောကြောင့် ရှောင်ကြဉ်ဖို့ ၀န်လေးနေကြပါသည်။ စေတိယမင်း၏ မုသားအပြစ်သည် ကြီးကျယ်လွန်းသည်ဟု ထင်ကြမည်သာ, အမေရိကန်မှာ လိင်တူခြင်း လက်ဆက်ခွင့်တောင်းစဉ်က ၀ိုင်းဝန်းကန့်ကွက်ကြပေမယ့် အခုတော့လဲ သူလိုကိုယ်လိုဖြစ်သွားသလိုပေါ့။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကျူလွန်းခြင်း အပြစ်များက ကမ္ဘာကြီး ပျက်စီးဖို့ အကြောင်းဖြစ်နေပါတယ်။ ကမ္ဘာကြီး တိုးတတ်လာပေမယ့် ဆုတ်ယုတ်နေမူကို လိုက်မမှီဖြစ်နေရသည်ကိုသာ သတိမှုကြည့်ပါတော့။ လူသားတွေ ဘယ်လောက် အပြစ်တွေကျူးလွန်မိကြသည်ကို ထင်သာမြင်သာမိကြမှာပါ။
မုသားစကား၊ ပြောဆိုငြားမှု၊ စကားမပီ၊ သွားမညီတည်း,
ပုပ်ညှီပါးစပ်, ခြောက်ကပ် ကိုယ်ရေ,
ဣနြေ္ဒနောက်, ပုံယွင်း ဖေါက်၏ ။ မရောက် ဩဇာ,
နှုတ်လျှာ ကြမ်းထော်, လျှပ်ပေါ်လော်လီ, စိတ်မတည်သည်....
ရှောင်ကြဉ် အပြန်အကျိုးတည်း။
(အဲဒါကြောင့် ထင်ပါ ကျွန်တော် အရမ်းရုပ်ဆိုးပြီး စကားပြော နှုတ်ကြမ်းလျှာကြမ်း ဖြစ်နေတာ။ လျှပ်ပေါ်တော့ မလော်လီမိပါဘူး၊ ယောက်ျားလေးမို့ တော်သေး၏, ကျေးဇူးတင်ရှိပါသည်။ မုသားကို ရှောင်ကြဉ်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြစေရန် ရည်မျှော်၍ ကျွန်တော်၏ ကိုကိုမမများအားလုံးကို မျှဝေလိုက်ရပါတော့သည်။)
မှတ်ချက်။ ။ အရှင်ဇနကာဘိဝံသ ရေးသားပြုစုသော “ရတနာ့ဂုဏ်ရည်” စာအုပ်, စာမျက်နှာ ၂၁၅မှ ကူးယူပါသည်။
http://www.seinpancan.co.cc/ မှ
No comments:
Post a Comment