Saturday, October 8, 2011

မာယာတောမှ သားကောင်များ

ညီမရေ . . .
ပြီးခဲ့တဲ့ တစ်ခေါက်က တို့မောင်နှမနှစ်ယောက် လူငယ်နဲ့လူငယ်ဝန်းကျင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တော်တော်များများ ဆွေးနွေးဖြစ်လိုက်ကြတယ် မဟုတ်လား။ ဒီတစ် ခေါက်လည်းပဲ ညီမတို့အရွယ်လူငယ်လေးတွေ သတိထားဆင်ခြင်စရာ အကြောင်းအရာ လေးတစ်ခုဟာဖြင့် ဆွေးနွေးအဖြေရှာစရာ ပေါ်လို့လာပြန်ပါတယ် ညီမရေ။

ညီမရေ . . . မြို့တော်ရန်ကုန်ကို အခွင့်အလမ်းမြို့တော် မျှော်လင့်ချက်မြို့တော်အဖြစ် တင်စားခဲ့တယ်မဟုတ်လား။ ဟုတ်ပါရဲ့။ ပညာရေးအတွက်ပဲပဲဖြစ်ဖြစ် စီးပွားရေးအတွက် ပဲပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ဘ၀တိုးတက်ရေးအတွက်ပဲဖြစ်ဖြစ် တကယ့် အပြောင်းအလဲဆိုတဲ့ အရာတွေကို ဖြစ်နိုင်ဖို့ဆိုတာ မြို့တော်ရန်ကုန်ဟာ သော့ချက်ပေပဲ မဟုတ်လား။ ဒါကြောင့်လည်း ဒီအခွင့်အလမ်းမြို့တော် မျှော်လင့်ချက်မြို့တော်ကို မြန်မာနိုင်ငံ အရပ်ရပ်က လူငယ်လေးတွေရော လူလတ်လူကြီးတွေပါ မရောက် ရောက်အောင် လာခဲ့ကြ အခြေချခဲ့ကြတယ် မဟုတ်လား။
ဟုတ်ပ ညီမရေ။ ဘ၀တက်လမ်း ရှာမှီးချင်သူတွေအတွက် နိုင်ငံရပ်ခြားကို သွားကြဖို့။ ပညာရေး တိုးတက်ချင်သူတွေအဖို့လည်း နိုင်ငံရပ်ခြားကို ချိတ်ဆက်နိုင်ဖို့ စသဖြင့် အသီးသီး အသကအသက ဟောဒီ မြို့တော်ကြီးကို အရောက်လှမ်းခဲ့ကြရတယ်လေ။ အစ်ကိုရဲ့ နောင်တော်ကြီးတွေက မြို့တော်ရန်ကုန်နဲ့ပတ် သက်လို့ သည်လို စကားလေးတစ်ခွန်းတော့ဖြင့် ချွေဖူးပါရဲ့။ ရန်ကုန်မှာ ကြီးပွားတိုးတက်ချင်သူတွေ အတွက် အဓိကလိုတာ အဆက်အသွယ်နဲ့ အခွင့်အရေးကွ။ အရင်းအနှီး မဟုတ်ဘူး တဲ့ ညီမရေ မှတ်သားစရာပါ။ အဲသလိုနဲ့ မြို့တော်ရန်ကုန်ကို ချည်းကပ်လာကြတဲ့ လူငယ်လေးတွေထဲမှာ ရိုးသား ကြိုးစားချင်တဲ့ လူငယ်လေးတွေရှိသလို မရိုးမသားနဲ့ ချည်းကပ်လာသူတွေလည်း ရှိကြမှာပဲပေါ့။ ဒါကလည်း ဆန်းတော့ဖြင့် ဆန်းတဲ့ အရာတွေတော့ မဟုတ်ပေးဘူး ညီမရေ။ လောကီသားတွေပေကိုး။

ညီမရေ . . . အဲသလို အခွင့်အလမ်းတွေ မျှော်လင့်ချက်တွေ တစ်လှေကြီးရှိနေတဲ့ ရန်ကုန်မြို့တော် ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ဆင်ခြင်တွေးဆနိုင်ဖို့ မျှဝေလိုက်ပါရစေနော်။ ညီမရေ ဒီကနေ့ခေတ် လူငယ်လေးတွေအားလုံးနီးပါး အလှအပနဲ့ ဖက်ရှင်ကဏ္ဍကို စိတ်ဝင်တစားရှိကြသလို စတိုင်ကျကျလည်း ပြင်တတ်ဆင်တတ် သွားတတ်လာတတ်ကြတယ် မဟုတ်လား။ လူငယ်ယောက်ျားကလေးတွေရော မိန်းကလေး တွေပါ အဓိက လည်တတ် ပတ်တတ် သွားတတ် လာတတ်တဲ့ နေရာတစ်ခုကို ပြောပါဆိုရင် လှတစ်မျက် နှာ ယဉ်တစ်ကိုယ်မယ်တွေဖြစ်စေတဲ့ ဗြူတီဆလွန်းတွေ ပါတယ်ဆိုရင် ငြင်းကြမယ် မထင်ပါဘူးနော်။ တို့ ညီငယ်လေးတွေလည်း ဆံပင်ညှပ် ခေါင်းလျှော် မျက်နှာဆေးဖို့ ပြီးတော့ ဆံပင်စတိုင်အမျိုးမျိုး ပြောင်းဖို့ ဗြူတီဆလွန်းတွေကိုပဲ ပြေးကြတာပဲ မဟုတ်လား။

ညီမရေ . . . ဒီလို ညီမတို့အရွယ် လူငယ်လေးတွေ အနည်းဆုံး တစ်လ နှစ်ကြိမ်လောက် သွား တတ်လာတတ်တဲ့ အဲသလို နေရာမျိုးတွေကို ပစ်မှတ်ထားလာတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့တယ်ကွယ့်။ဒီလို ညီမရေ လူငယ်လေးတွေ အများအပြားသွားတတ်တဲ့ မြို့တော်ရန်ကုန်က နာမည်ကြီး ဗြူတီဆလွန်း တွေမှာ တို့နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံကြီးတစ်နိုင်ငံက လူငယ်လေးတွေ ၀င်ရောက် ချည်းကပ်လာကြတယ်ကွယ့်။ သူတို့ကလေးတွေဟာ ငယ်ရွယ်ပြီးတော့ ရုပ်ရည်သန့်ပြန်တဲ့အပြင် ခေတ်မီလှပတဲ့ ဆံကေသာဒီဇိုင်းတွေကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့ ဆံပင်ဒီဇိုင်းပညာရှင်တွေမို့ ခေတ်မီဒီဇိုင်းဆန်းဆန်းလှလှလေးတွေကို နှစ်ခြိုက်တတ် တဲ့မိန်းမချောလေးတွေနဲ့ အချိန်တိုအတွင်း ရင်းနှီးကျွမ်းဝင်သွားကြတယ်လေ။ အချိန်တိုတွင်း လူသိများ နာမည် ရလာတဲ့ သူတို့တွေဟာ လက်ရှိလုပ်ကိုင်နေတဲ့ နာမည်ကြီးဗြူတီဆလွန်းကနေ စွန့်ခွာသွားပြီးတော့ ရန်ကုန် မြို့ရဲ့ ထင်ရှားတဲ့ နေရာအသီးသီးမှာ သူတို့ကိုယ်ပိုင် ဗြူတီဆလွန်းတွေ ဖွင့်လှစ်လိုက်ကြတဲ့ကွယ့်။

ထူးခြားမှုကတော့ သူတို့ဟာ တစ်ဖက်နိုင်ငံသားတွေမို့ သူတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ခွင့် မရှိလေတော့ သူတို့မူလ ခြေကုပ်ယူခဲ့တဲ့ ဗြူတီဆလွန်းက စည်းရုံးခေါ်ဆောင်လာတဲ့ ရန်ကုန်မြို့ခံတွေကိုပဲ နာမည်ခံခိုင်းထားတာပဲ။ ပြီးတော့ အဲဒီဆိုင်ကပဲ ကျွမ်းကျင်ပြီး မိတ်များများရနိုင်မယ့် အလှပြုပြင်မှု ကျွမ်းကျင်သူတွေကို ဆွဲဆောင်ခေါ်ယူခဲ့တာမို့ သူတို့ဆိုင်တွေလည်း အချိန်တိုအတွင်း လူသိများပြီး မိန်းက လေးတော်တော်များကို သူတို့တွေရဲ့ဆိုင်မှာ လာရောက်အားပေးအောင် ဆွဲဆောင်နိုင်ခဲ့ကြတယ်လေ။ အဲဒီ မှာပဲ သူတို့လေးတွေရဲ့ မင်းသားခေါင်းဆောင်ဟာ ကွာကြသွားတာပါပဲညီမရေ။

တကယ်တော့ သူတို့ကလေးတွေဟာ အုပ်စုဖွဲ့ပြီး တစ်ဖက်နိုင်ငံကြီးက ၀င်လာတဲ့ လူကုန်ကူးဂိုဏ်း ကြီးဂိုဏ်းကြီးတစ်ရဲ့ ဂိုဏ်းဝင်တွေပဲ ဖြစ်တယ်ညီမရေ။ သူတို့ဟာ ဆံပင်ဒီဇိုင်းအလှအပ ပညာရှင်တွေဖြစ် ပေမယ့် ဒီပညာနဲ့ ဒီနိုင်ငံမှာ အခြေချကျမယ့် ပညာရှင်တွေမဟုတ်သလို ဒီဆံပင်နဲ့အလှအပ လုပ်ငန်းကို လာရောက်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် လူငယ်လေးတွေ မဟုတ်ကြပြန်ပါဘူးတဲ့။ သူတို့ရည်ရွယ် ချက်ကတော့ ပထမအဆင့်မှာ သူတို့ရဲ့ ငယ်ရွယ်မှု ရုပ်ရည်သန့်ပြန်မှုနဲ့ တတ်ကျွမ်းတဲ့ ဆံပင်ဒီဇိုင်းပညာကို အသုံးချပြီးတော့ နာမည်ကြီးဗြူတီဆလွန်းတွေမှာ ပညာရှင်ပုံစံနဲ့ ချည်းကပ်လာမယ်။ ပြီးတော့မှ အဲဒီဆိုင် ကနေ ငယ်ရွယ်ချောမောတဲ့ ၀န်ထမ်းမိန်းကလေးတွေ ဆိုင်ကိုလာနေကျ မိန်းကလေးတွေကို စည်းရုံးပြီးတော့ ဒီဆိုင်ကနေ အခြားတစ်နေရာကို စည်းရုံးခေါ်ဆောင်သွားမယ်လေ။ ဒီလို စည်းရုံးခေါ်ဆောင်သွားနိုင်ဖို့ အကောင်းဆုံး လမ်းကတော့ဖြင့် သူ့တို့ဂိုဏ်းကြီးရဲ့ ထောက်ပံ့ငွေကြေးတွေနဲ့ ဗြူတီဆလွန်းတစ်ခု ဖွင့်လိုက် တာပဲပေါ့။

ဒီလိုနဲ့ ငယ်ရွယ်ချောမောတဲ့ ၀န်ထမ်းမိန်းကလေးတွေကို သူတို့ရဲ့ မိခင်နိုင်ငံက ဆိုင်တွေမှာ အလုပ် ရမယ်ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် တစ်ဖက်နိုင်ငံကြီးကို ပို့လိုက်တာ သူတို့ကို သက်ဆိုင်ရာက ဖမ်း ဆီးမိချိန်မှာ စစ်ကြောဖော်ထုတ်ချက်အရ သိရတာကတော့ လူနှစ်ဆယ်လောက်တောင် ရှိနေပြီဆိုပါလား ညီမရေ။ ဒီထက် ပိုဆိုးတဲ့ အချက်ကတော့ သူဆိုင်က ၀န်ထမ်းမဟုတ်ဘဲ ဆိုင်မှာ အမြဲလိုလိုလာအားပေး တတ်တဲ့ မိန်းကလေးတွေကိုလည်း ခင်မင်ရင်းနှီးမှုကနေ တစ်ဆင့်တက်လို့ ချစ်သူဘ၀ကို ဟန်ဆောင်တက် လှမ်းပြီးတော့ သူတို့နိုင်ငံကြီးကို လက်ထပ်ခေါ်ဆောင်သွားဖို့ ကြိုးပမ်းတော့တာပဲတဲ့။

ဒီလူကုန်ကူးဂိုဏ်းကြီးကို သက်ဆိုင်ရာက ခြေရာခံသွားမိသွားပုံကတော့ နယ်မြို့ကြီးတစ်မြို့ကနေ ရန်ကုန်မြို့မှာ သင်တန်းလာတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကနေ သိရှိသွား တာပါပဲ။ အဲဒီမိန်းကလေးဟာ သင်တန်းတက်ရင်း ရန်ကုန်မြို့တော်က တော်တော်ကို နာမည်ကြီးတဲ့ ညီအစ် ကိုနှစ်ယောက် ဖွင့်ထားတဲ့ ဗြူတီဆလွန်းဆိုင်ကြီးမှာ အလှအပဆင်ယင်ရင်း ဆံပင်ဒီဇိုင်းပညာရှင် တစ်ဖက် နိုင်ငံသား လူငယ်ကလေးနဲ့ ရင်းနှီးသွားကြတယ်ဆိုပါတော့။ တိုတိုပြောရရင် အဲဒီလူငယ်ကလေးက ဆိုင်ခွဲ တစ်ခုဖွင့်တဲ့အခါ လိုက်ပြီးတော့ အားပေးဖို့ ဖိတ်ခေါ်တယ်တဲ့လေ။ ဒီလိုနဲ့ အဲဒီမိန်းကလေးလည်း ခင်မင် ရင်းစွဲ ရှိတဲ့အတွက် လူငယ်လေးရဲ့ ဆိုင်ကိုလိုက်ပြီး အားပေးတယ်ပေါ့နော်။ အဲသလိုနဲ့ လူငယ်လေးနဲ့ မိန်း ကလေးတို့ ချစ်သူဘ၀ကို တက်လှမ်းသွားကြတယ်ဆိုပါတော့။ မိန်းကလေးဟာ နယ်ကလာနေတယ်ဆိုပေ တဲ့ သူနေတာကလည်း သူ့ရဲ့ဆွေနီးမျိုးဆက်တွေရဲ့ အုပ်ထိန်းမှုမှာပဲဆိုတော့ ကလေးမလေးရဲ့ အုပ်ထိန်းသူ တွေက တစ်ဆင့်စကားတစ်ဆင့်ကြားတဲ့အတွက် ဒီလူငယ်ကလေးရဲ့ နောက်ကြောင်းကို သိရအောင် စုံစမ်း ဖို့ ကြိုးစားနေတုန်းမှာ သူတို့နှစ်ဦးစလုံး ပျောက်ဆုံးသွားရာကနေ ဒီဖြစ်စဉ်ကြီး စခဲ့တာပါပဲ ညီမရေ။
ပထမတော့ ချစ်သူချင်း လက်ဆက်လိုက်ကြတယ်လို့ယူဆပြီး မြန်မာမိသားစုတွေပီပီ အကြောင်း ကြားနိုး ဆက်သွယ်နိုးနဲ့ စောင့်နေရင်းကနေ စုန်းစမြှုပ်စပျောက်ဆုံးသွားတာကြောင့် သက်ဆိုင်ရာနဲ့တိုင်ပင် ပြီး စုံစမ်းမှုတွေ စတင်ခဲ့ရတော့တာပဲ။ သည်တော့မှ သည်လူငယ်လေးဟာ တစ်ဖက်နိုင်ငံကနေ လုပ်ငန်း လာခွဲတဲ့ စီးပွားရေးလုပ်ငန်းရှင် မဟုတ်ဘူးဆိုတာ သိရတဲ့အပြင် တစ်ဖက်နိုင်ငံက ဗြူတီဆလွန်းတွေမှာ အလုပ်ရမယ်ဆိုပြီး ပို့ထားတဲ့ မိန်းကလေးတွေရဲ့ သတင်းကလည်း လုံးလုံး စုံစမ်းမရပြန်ဘူးတဲ့လေ။ ဒါနဲ့ သူနဲ့ ဆက်နွှယ်ပတ်သက်သမျှ ဖြန့်ကျက်စစ်ကြောဖော်ထုတ်လိုက်တော့မှ တစ်ဖက်နိုင်ငံက လူကုန်ကူးဂိုဏ်း ကြီးတစ်ဂုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက်ဖြစ်တယ်။ သည်မိန်းကလေးကိုလည်း တစ်ဖက်နိုင်ငံကို ရောင်းစား ဖို့ ရည်ရွယ်ချက်နဲ့ တစ်နေရာမှာ ထိန်းထားတယ်ဆိုတာ သိလိုက်ရပါတယ် ညီမရေ။
သူနဲ့ဆက်စပ်ပြီး ရန်ကုန်မြို့တော်ရဲ့ နာမည်ကျော် ဗြူတီးဆလွန်းအသီးသီးမှာ အလုပ်ဝင်နေကြတဲ့ ဂိုဏ်းဝင်တွေကိုပါ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ် ညီမရေ။ စစ်ကြောဖော်ထုတ်မှုတွေအရ သူတို့အားလုံး ဟာ အလည်အပတ်ဗီဇာနဲ့ ၀င်လာကြတာမို့ ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ တရားမ၀င်စီးပွားရေးလုပ်ကိုင် မှု၊ လူကုန်ကူးရန် ရည်ရွယ်ချက်နဲ့ ထိန်းသိမ်းထားတဲ့အတွက် လူမှောင်ခိုမှု စတာတွေနဲ့ အရေးယူမှုတွေ လုပ်မှာဖြစ်ပါတယ်။

ညီမရေ . . . ဒီဖြစ်စဉ်မှာ ကျေးဇူးတင်ရမှာကတော့ ကာယကံရှင် မိန်းကလေးရဲ့ အုပ်ထိန်းသူတွေ ပဲ ဖြစ်တယ်ညီမရေ။ သာမန် ချစ်ကြိုက် လက်ဆက်သွားကြတယ်ဆိုတဲ့ ရိုးစင်းတဲ့ လူငယ်သဘာဝ ဖြစ်စဉ် ကလေးတွေအပေါ်မှာ သာမန်အသိ သာမန်အမြင်နဲ့ အသိလက်လွှတ်မနေတဲ့အပြင် ဒီကနေ့ကာလမှာ ကမ္ဘာ တစ်ဝှမ်းဖြစ်ပျက်နေတဲ့ လူမှောင်ခို လူကုန်ကူးစတဲ့ ဖြစ်စဉ်တွေအပေါ်မှာပါ ခြုံငုံကြည့်နိုင် သုံးသပ်နိုင်တဲ့ သူတို့ရဲ့ လေ့လာ ဖတ်မှတ်အားဟာ အများကြီးကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်နော်။

ညီမရေ . . . စာလည်းတော်တော်ရှည်သွားပြီမို့ နားဦးစို့ရဲ့နော်။
ဒီစာလေးကို ဖတ်လိုက်ရလို့ သတိထား စရာ ဆင်ခြင်စရာ အကြောင်းအရာလေး တစ်ခုတိုးလာ တယ်ဆိုရင် ညီမဆီကို နောက်ထပ် သည်လို စာလေးတွေ ရေးဖို့ အားတွေ အများကြီး ရှိသွားမှာပါနော်။
ညီမနဲ့ တကွ ညီ၊ ညီမလေးများ သတိထား ဆင်ခြင်နိုင်ပါစေ။
အသစ်အဆန်းတွေ အလည်အပတ်တွေများတဲ့ မာယာမှော်ရုံတောမှာ ဘ၀အမောတွေကို တွေးခေါ် ဆင်ခြင်မှုနဲ့သာ မမောမပန်း ကျော်ဖြတ်နိုင်ပါစေလို့ . . . .။

အစ်ကို
အောင်စည်ဟိန်း

http://www.naysoenaing.com/ မှကူးယူမျှဝေသည်။

No comments:

Post a Comment