Monday, October 3, 2011

စိတ်ဓာတ်ကျတဲ့အခါ


တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကအာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်ကျနေသမျှ စိတ်မှာလည်း တန်ပြန်သက်ရောက်မှု အနေနဲ့ အဲဒီဓာတ်တွေ ကူးဆက်လာပြီး တဖြည်းဖြည်းနဲ့ ကျလာတော့တာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ဖိစီးတယ်ဆိုတာတွေ ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ စိတ်ဆိုတဲ့ သဘောက သတိနဲ့ ထိန်းမထားဘူးဆိုရင် အာရုံတွေနောက်ကို လိုက်ခံစားပြီး မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ ခံသမျှ၊ ထိသမျှ အာရုံစတာတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ စွဲတာမှ တနုံ့နုံ့နဲ့ကို စွဲနေတတ်တာပါ။ တွေးတိုင်းတွေးတိုင်း ဒီအာရုံတွေပဲ ထင်ထင်လာတဲ့အတွက် အဲဒီအာရုံတွေရဲ့ ချည်နှောင်မှုတွေကြောင့် စိတ်မှာ ရုန်းမထွက်နိုင်အောင်ဖြစ်ပြီး နောက်ဆုံး အားတွေပါ ကျလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ကို အာရုံတွေနောက်မှာ လိုက်လိုက်ပြီး ဓာတ်တွေကျနေရာက စိတ်ဓာတ်တွေ ကျတယ်ဆိုတာ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောက လွှတ်ထားရင်း လွှတ်ထားသလောက် သွားချင်ရာကိုသွားပြီး ရောက်ချင်ရာကို ရောက်တတ်တဲ့အပြင် စွဲချင်ရာကိုစွဲပြီး ကျချင်ရာကို ကျတတ်တဲ့ သဘောလည်းရှိပါတယ်။ အဲဒီလို သွား၊ ရောက်၊ စွဲ၊ ကျတဲ့အခါတွေမှာလည်း ကောင်းတဲ့အာရုံတွေမှာ မဖြစ်တတ်ဘဲ မကောင်းတဲ့ အာရုံတွေမှာပဲ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တတ်တယ်လို့ ဆိုတဲ့အတိုင်း သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့ကာ ဓာတ်တွေကျနေတဲ့ သဘောတွေရှိပါတယ်။ အာရုံဆိုတာက ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် စိတ်ကိုစွဲလန်းစေတတ်ပါတယ်။ စိတ်ကို သတိကပ်မထားရင် အဲဒီစိတ်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ စတဲ့အာရုံတွေမှာ စွဲလန်းမိပြီး ကောင်းရင်လည်း လောဘတဏှာဖြစ်လိုက်၊ မကောင်းရင်လည်း ဒေါသမကြည်သာဖြစ်လိုက်နဲ့ စွဲလေလေ ဒုက္ခဖြစ်လေလေပဲ ဖြစ်ပါတယ်။ ဒါဟာ အာရုံနောက်ကို စိတ်လိုက်ရာက အစွဲများပြီး တဖြည်းဖြည်းနဲ့ တဏှာတွေရကာ ကုသိုလ်အားတွေ ကျလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

လူအတော်များများက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ကြတဲ့အတွက် တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် “ငါ့ကို ဘယ်သူကတော့ ဘာပြောလိုက်တာ၊ ဘယ်လိုဆက်ဆံလိုက်တာ၊ ဘာပေးလိုက်တာ၊ ငါ့ကိုမှ ဒီလိုလုပ်ရက်လိုက်တာ၊ ငါလိုချင်တဲ့ ဒီအဆင်း၊ ငါကြားချင်တဲ့ ဒီအသံ၊ ငါနမ်းချင်တဲ့ ဒီအနံ့၊ ငါခံစားချင်တဲ့ ဒီအရသာ၊ ငါတွေ့ထိချင်တဲ့ ဒီလိုအတွေ့အထိမျိုး တွေ မဟုတ်ဘဲ ငါမလိုချင်တဲ့ ဒီအဆင်းအသံအနံ့ စတာတွေမှ ငါ့ဆီကို ရောက်မှ ရောက်လာရတယ်လို့…” စသဖြင့် လိုချင်တဲ့အာရုံ၊ မလိုချင်တဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်သွားရင်း ကြာတော့ ဖြစ်ချင်တိုင်းမဖြစ်ဘဲ မဖြစ်ချင်တာတွေ ဖြစ်ဖြစ်နေရာက စိတ်ဓာတ်တွေ ကျတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေရာက စိတ်တွေပါ ကျလာတဲ့ သဘောပဲ ဖြစ်ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ဓာတ်ကျရခြင်းရဲ့ အကြောင်းကို ရှာကြည့်လိုက်တော့ အာရုံတွေနောက်ကို စိတ်ကလိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အာရုံတွေမှာ စိတ်ကိုကပ်ထားပြီး အဲဒီအာရုံတွေပဲ စိတ်ထဲမှာရောက်ရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာပြောလိုက်လို့၊ ဘယ်သူကတော့ ဘယ်လိုဆက်ဆံလိုက်လို့ စတဲ့ အတွေးအာရုံတွေ၊ အမြင်အာရုံတွေ၊ အပြုအမူအာရုံတွေမှာ စိတ်က ရုန်းမထွက်နိုင်ကြတဲ့အတွက် အခုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဒီလိုအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ကတော့ အာရုံကောင်းတွေနဲ့ ပြန်ပြီးရယူကြဖို့ပဲ ဖြစ်ပါတယ်။ အာရုံကောင်းတွေ ရယူနိုင်ဖို့ဆိုတာလည်း ဘုရားအား၊ တရားအားကို ယူမှပဲ ဖြစ်မှာပါ။ ဘုရားနဲ့ ဘုရားရဲ့ဂုဏ်၊ ဘုရားဟောတဲ့ တရားတော်ရဲ့ လမ်းညွှန်မှုနဲ့ စွမ်းအားတွေကပဲ ကျနေတဲ့ စိတ်ဓာတ်တွေကို တက်လာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်ကလည်း ကိုယ်ကိုယ်တိုင်က ကိုယ့်သန္တာန်မှာ သတိတရား၊ သဒ္ဓါတရား၊ ပညာတရား၊ သမာဓိတရား၊ ဝိရိယတရားတွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

ဒီတော့ စိတ်ဓာတ်ကျတဲ့သူတွေ အနေနဲ့ စိတ်ဓာတ်ကျလေလေ ဘုရားအားကို များများယူလေ၊ တရားအားကို များများယူလေလုပ်ပြီး ကျနေတဲ့စိတ်ကို ပြန်တက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ အဲဒီစိတ်ဓာတ်ကျစရာ အကြောင်းတွေကိုပဲ တွေးနေမိတတ်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်အောင် ဖြစ်နေတတ်ပေမယ့် အဲဒီလိုအခါမျိုးမှာ ရတနာသုံးပါးရဲ့ အားကိုယူပြီး ပြန်ထနိုင်အောင်၊ စိတ်ဓာတ်လေးတွေ ပြန်တက်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားရှင်ရဲ့ အနှိုင်းမဲ့အားတွေကို ယူပြီး ဘုရားဂုဏ်ကို များများပွားကာ နှလုံးသားထဲမှာ ဘုရားနဲ့အတူ ရှိနေအောင် ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီလို ဘုရားအားကို ယူထားမယ်ဆိုရင် ဘုရားကို ကိုးကွယ်းထားတဲ့သူ တစ်ယောက်အတွက် များများကိုးစားလေ များများအကာအကွယ်ရလေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျလေ ဘုရားကိုများများ ရှိခိုးလေ၊ မေတ္တာများများပွားလေ၊ ကိုယ့်စိတ်ကို ကိုယ်မြင်အောင်ကြည့်ပြီး ဘာဝနာအလုပ် များများအားထုတ်လေ လုပ်နိုင်မယ်ဆိုရင် ကျနေတဲ့စိတ်ဓာတ်တွေဟာ သိသိသာသာကို ပြန်ပြီးတက်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ အကြောင်းတွေကို ခေါင်းထဲက မြန်မြန်ပျောက်အောင်ထုတ်ပစ်ပြီး ရထားတဲ့ ဘုရားရှိခိုးတွေ၊ ရထားတဲ့ ရွတ်ဖတ်စရာတွေ၊ သိထားတဲ့ သမထ ဝိပဿနာ အကျင့်လေးတွေကို အချိန်ယူအားစိုက်ပြီး လုပ်လိုက်မယ်ဆိုရင် အမှန်ပဲ စိတ်ဓာတ်ခွန်အားတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အာရုံတွေမှာ စိတ်ကလိုက်ပြီး ဓာတ်တွေကျနေလို့ စိတ်ပျက်နေတဲ့သူတွေ အနေနဲ့ တစ်ခါပြန်ပြီး ခွန်အားတွေ တက်စေမယ့် အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment