Friday, October 7, 2011

အပြုအမူ တစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်တတ်ခြင်း

By Good Health Originally posted 04/10/2011 16:07PM
အပြုအမူတစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်တာက စိတ်ပူပင် သောကများတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပြီး  အတွေးတစ်ခုခု၊ အပြုအမူ တစ်ခုခုကို စိတ်စွဲပြီး အကြိမ်ကြိမ် လုပ်ဆောင်တာမျိုး ဖြစ်တတ်ပါတယ်။  OCD ရှိတဲ့သူတွေက အတွေးတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပုံရိပ်တွေကို ထပ်တလဲလဲ မြင်တတ်ပြီး ထိန်းချုပ်လို့  မရနိုင်အောင်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအတွေးတွေကြောင့် ဖြစ်လာတဲ့ ပူပင်သောကဟာ စွဲလမ်းမှုကို ဖြစ်စေပြီး အလေ့အထ တစ်ရပ်ကို ထပ်တလဲလဲ လုပ်ဆောင်တတ်ပါတယ်။ အပြုအမူ တစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်တတ်ခြင်း (OCD) ၏ လက္ခဏာများ အပြုအမူတစ်ခုကို ထပ်တလဲလဲ လုပ်တာ (OCD) ရဲ့ လက္ခဏာ ရပ်တွေကတော့ အမျိုးမျိုးပါပဲ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့
 - ညစ်ပတ်မှာကို ကြောက်တာ၊ ပိုးမွှားကူးစက် ခံရမှာကို ကြောက်တာ၊
- တခြားလူ တစ်ယောက်ကို အန္တရာယ်ဖြစ်မှာ ကြောက်တာ၊
- အမှားလုပ်မိမှာ ကြောက်တာ၊
- လူမှုရေးအရ လက်မခံနိုင်တဲ့ အပြုအမူတွေ ပြုမူမိမှာ ကြောက်တာ၊
- အပြစ်ရှိတဲ့ အတွေးတွေ တွေးမိမှာကြောက်တာ၊
- သံသယလွန်ကဲပြီး အဆက်မပြတ် ထောက်ပံ့အားပေးမှုကို လိုအပ်တာတွေပဲ ဖြစ်ပါတယ်။ အတွေ့ရများတဲ့ ထပ်တလဲလဲ လုပ်တတ်တဲ့ အပြုအမူတွေကတော့
 - ထပ်ကာထပ်ကာ ရေချိုးတာ၊
- ခေါင်းလျှော်တာနဲ့ လက်ဆေးတာ၊
- တံခါးလက်ကိုင်ဖုတွေကို ထိတွေ့ရမှာ ကြောက်ပြီး ငြင်းဆန်တာ၊
- မီးဖို၊ တံခါးသော့ စတာတွေကို ထပ်ခါတလဲလဲ စစ်ဆေးတာ၊
- ကိန်းဂဏန်းတွေကို အဆက်မပြတ် စိတ်ထဲမှ ရေတွက်တာ ဒါမှမဟုတ် အော်ပြီး ရေတွက်တာ၊
- ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို မရပ်မနား စီစဉ်ထားရှိတာ၊
- အစားအသောက်တွေကို အစီအစဉ်တကျ စားတာ၊
- စကားလုံးတွေ၊ ပုံရိပ်တွေနဲ့ အတွေးတွေရဲ့ အနှောင့်အယှက်ကြောင့် အိပ်မပျော်တာ၊
- စကားလုံးအုပ်စု အနည်းငယ်၊ စာပိုဒ်တစ်ပိုဒ်နဲ့ ဆုတောင်းစကား တချို့ကိုပဲ ထပ်ကာထပ်ကာ ရွတ်နေတာ၊
- တန်ဖိုးမရှိတဲ့ ပစ္စည်း အသုံးအဆောင်တွေကို စုဆောင်းတာ စတာတွေပဲ ဖြစ်ပါတယ်။
 OCD ဖြစ်ရသည့် အကြောင်းရင်းများ
  OCD ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရပေမယ့် လေ့လာမှုတွေအရ ဇီဝဗေဒဆိုင်ရာ အချက်အလက်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ်နေတယ်လို့ သိရပါတယ်။
 ဇီဝဗေဒဆိုင်ရာ အချက်အလက်များ
 ဦးနှောက်ဟာ အလွန်ရှုပ်ထွေးတဲ့ တည်ဆောက်မှု တစ်ခုဖြစ်ပြီး နျူရွန်လို့ ခေါ်တဲ့ နာ့ဗ်ဆဲလ်ပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ အဲဒီနျူရွန်တွေက ခန္ဓာကိုယ် ပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် အတူ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ နျူရွန်တွေက အထူးလမ်းကြောင်းကနေ တစ်ဆင့် ဆက်သွယ်နေပြီး နျူရိုထရန်စမစ်တာလို့ ခေါ်တဲ့ အထူးဓာတု ပစ္စည်းတွေက နျူရွန်တစ်ခုမှ တစ်ခုကို လျှပ်စစ်မက်ဆေ့ခ်ျ ပို့ပေးပါတယ်။ လေ့လာမှုအရ ဆီရိုတိုနင်လို့ခေါ်တဲ့ နျူရိုထရန်စမစ်စတာ တစ်ခုရဲ့ အဆင့်ကျသွားတာနဲ့ OCD ဖြစ်ပေါ်မှုအကြား ဆက်စပ်မှု ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆီရိုတိုနင် မမျှတတာက မိဘမှ သားသမီးဆီ လက်ဆင့်ကမ်း ပါလာနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် OCD က မျိုးရိုးလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဦးနှောက်ရဲ့ တချို့အပိုင်းတွေက ဆီရိုတိုနင် မမျှတတာကြောင့် ထိခိုက်ပြီး OCD ဖြစ်တတ်သလို လေ့လာမှုတွေအရ Streptococcus ဘက်တီးရီးယားကြောင့် ကူးစက်ပိုးဝင်တဲ့ အမျိုးအစားတွေက OCD နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ သိရပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ
 ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကြောင့်လည်း လူတွေမှာ OCD ဖြစ်တတ်ပါတယ်။ တချို့ပတ်ဝန်းကျင် အချက်အလက်တွေက OCD လက္ခဏာကို ပိုဆိုးစေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအချက်တွေကတော့

 - စွဲလမ်းတာ၊
-ဖျားတာ၊
-ချစ်တဲ့သူတစ်ဦး သေဆုံးတာ၊
-အလုပ်၊ ကျောင်းစတာတွေနဲ့ ဆက်စပ်တဲ့အပြောင်းအလဲဖြစ်တာ၊
-ပြဿနာဖြစ်တာ၊
-ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်တာတို့ ဖြစ်ကြပါတယ်။
 OCD ဖြစ်သူ ဦးရေ
အမေရိကန်နိုင်ငံမှာ အရွယ်ရောက်သူ ၃ ဒသမ ၃သန်း၊ ကလေးနဲ့ မြီးကောင်ပေါက်စအရွယ် တစ်သန်းခန့်က OCD ခံစားနေရပါတယ်။ ဒီဝေဒနာက ကလေးဘဝ၊ မြီးကောင်ပေါက်စ အရွယ်နဲ့ လူလတ်ပိုင်းအရွယ်မှာ စတင် ဖြစ်ပေါ်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ညီတူညီမျှ ခံစားရတတ်ပါတယ်။
 OCD ရောဂါရှာဖွေမှု
OCD ကို ရောဂါရှာဖွေဖို့ ဓာတ်ခွဲခန်း စမ်းသပ်မှု မလိုပါဘူး။ လူတစ်ဦးရဲ့ ရောဂါလက္ခဏာတွေပေါ် အခြေခံပြီး ရောဂါအမည် တပ်လေ့ရှိပါတယ်။ ဥပမာ သူထပ်တလဲလဲ လုပ်တဲ့ အရာအပေါ် ဘယ်လောက် အချိန်ပေးသလဲ ဆိုတာကို ဆန်းစစ်ပါတယ်။
OCD  ကုသမှု
OCD က သူ့အလိုလို မပျောက်တတ်ပါဘူး။ ကုသမှုခံယူဖို့ အထူး လိုအပ်နေပါတယ်။  OCD ကို ကုသမှုခံယူဖို့အတွက် ဆေးကုသမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြုပြင် စေ့ဆော်တဲ့ ကုထုံးနှစ်ခု လိုအပ်ပါတယ်။
OCD မဖြစ်အောင် ကာကွယ်မှု
OCD ကို ကာကွယ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ စောစောစီးစီး ရောဂါရှာဖွေ တွေ့ရှိတာနဲ့ စောစောစီးစီး ကုသမှုခံယူတာတွေက လူတစ်ဦးရဲ့ ဝေဒနာ ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။
OCD နှင့် ပတ်သက်သော အမြင်
OCD ကို ဆေးဝါး၊ အပြုအမူပိုင်းဆိုင်ရာ ပြုပြင်စေ့ဆော်မှုနဲ့ အောင်မြင်စွာ ကုသနိုင်တာ များပါတယ်။ ကုသမှုကြောင့် လူအများစုရဲ့ ရောဂါလက္ခဏာတွေက သက်သာသွားကြသလို ပုံမှန် ဒါမှမဟုတ် ပုံမှန်နီးပါး ပြန်ကောင်းသွားတတ်ပါတယ်။      
ဇွန်ခိုင်ဦး
                   
                        

No comments:

Post a Comment