Tuesday, October 25, 2011

နွဲ့ပြောင်းချိုသာ ဣတ္ထိယ ဖြစ်စေဖို့




နွဲ့ပြောင်းချိုသာ ဣတ္ထိယ ဖြစ်စေဖို့

ပုရိသဆိုရင် ဝီရဆိုတဲ့ ရဲရင့်ခြင်း အရည်အသွေး ထင်းလင်းပေါ်လွင်ရမှာ ဖြစ်သလို ဣတ္ထိယဆိုရင်လည်း နူးညံ့၊ သိမ်မွေ့နွဲ့ပျောင်းတဲ့ဟန် ထင်းလင်းပေါ်လွင် ရမှာ ဖြစ်ပါတယ်။ မိန်းမတစ်ယောက်ဟာ မိန်းမတစ်ယောက်လို နူးညံ့၊ လှပနွဲ့ပျောင်း ခြင်း မရှိပါက အသဘာဝဖြစ်ပြီး ဝိပတ္တိဘာဝ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ယောက်ျား တွေအတွက် လိုလားအပ်တဲ့ အရာမဟုတ်ပါ။ ကြွက်သားအဖုအထစ်နဲ့ ပျိုမေများ၊ ကြမ်းကြမ်း တမ်းတမ်း ဟန်ပန် ပျိုမေများ၊ ယောက်ျားအသံနဲ့ပျိုမေများဟာ ပုရိသတွေအတွက် ဆွဲဆောင်နိုင်ခြင်း မရှိပါ။ မည်သို့ မည်ပုံ မိန်းမဆန်ကြမလဲဆိုတာ ဖော်ပြပေးပါရစေ။
မိန်းမဆန်ဆန်မူရာမူဟန်ဟာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားပုံအပေါ်များစွာ မူတည်ပါတယ်။ ဘယ်လိုလမ်းလျှောက်လဲ၊ ဘယ်လိုစကားပြောလဲ၊ ဘယ်လိုလက်ဟန် အမူအရာရှိလဲ၊ မျက်နှာအမူအရာ ဘယ်လိုအနေအထားရှိလဲဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ ဟန်ပန်အမူအရာတို့ဟာ နွဲ့နှောင်း၊ သွဲ့ပျောင်းနေရင် ဝိကတိသဘောဆန်ပြီး ကြည့်မကောင်း၊ ရှုမကောင်းသလို မိန်းမတစ်ယောက်ရဲ့ ဟန်ပန်အမူအယာတို့ဟာလည်း မိန်းမဆန်ဖို့ အရေးကြီးပါတယ်။ နို့မဟုတ်ပါက အမြင်မတော်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ရီစရာတွေ ဖြစ်လာ ပါလိမ့်မယ်။
လက်ဟန်
လက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့ခြင်းကို များစွာဖော်ကျူးနေပါတယ်။ လက်ကို လေထဲခဏခဏ မမြှောက်ပါနဲ့။ အားရပါးရ တင်းတင်းကျပ်ကျပ်ဆုပ်ခြင်း၊ ယောက်ျားဟန်ပန်အတိုင်း လွှဲခြင်းတို့ မလုပ်ပါနဲ့။ ပရိဘောဂပစ္စည်းတွေကို ကိုင်တွယ်တဲ့ အခါမှာလည်း အတင်းကြီး ဖိညှစ်တာမျိုး မပြုလုပ်ပါနဲ့။ လက်ဆွဲနှုတ်ဆက်တဲ့ အခါမျိုး မှာလည်း ယောက်ျားတွေ လုပ်သလို အားရပါးရ ခါးတောင်းကျိုက်ပြီး ဆွဲတော့မတတ် ပုံစံမျိုး မလုပ်ပါနဲ့။ လက်ကို ဖြည်းညှင်းသိမ်မွေ့စွာ လှုပ်ရှားပေးပါ။
လမ်းလျှောက်ပုံ
ယောက်ျားတွေဟာ လမ်းလျှောက်တဲ့အခါ ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်လေ့ရှိပါတယ်။ နောက်ပြီး အားရပါးရနင်းပြီး လျှောက်လေ့ရှိပါတယ်။ ဘောက်ဆတ်ဘောက်ဆတ် ပုံစံနဲ့လည်း လျှောက်လေ့ရှိပါတယ်။ အဲဒီပုံစံတွေမျိုးနဲ့ မိန်းမတွေဟာ မလျှောက်သင့်ပါဘူး။ ဖြည်းညှင်းပေါ့ပါးစွာလျှောက်ပါ။ ခြေလှမ်းစိတ်စိတ်လေးတွေလျှောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ တချို့မိန်းမတွေဟာ ကားယားကားယား လျှောက်လေ့ရှိပါတယ်။ ရှောင်ကြဉ် သင့်ပါတယ်။ မော်ဒယ်တွေလျှောက်ပုံလျှောက်နည်းကိုလည်း အတုမခိုးပါနဲ့။ သူတို့က စင်ပေါ်မှာ လျှောက်တာဖြစ်ပါတယ်။ ကိုယ်ကနေရာအမျိုးမျိုးမှာ လျှောက်ရမှာဖြစ်တဲ့ အတွက် အချိန်တိုင်း၊ နေရာတိုင်း အံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။
အသံ
ယောက်ျားတွေဟာ ကျယ်ကျယ်လောင်လောင် စူးစူးရှရှ ပြောလေ့ရှိကြပါတယ်။ မိန်းမတချို့လည်း အလားတူ ပြောလေ့ရှိကြပါတယ်။ ရှောင်ကြဉ်သင့်တဲ့အချက် ဖြစ်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း စကားလုံးများသုံးပြီး ပြောဆိုခြင်း၊ အသံကွဲကွဲရှရှ၊ အက်ရှရှပြောဆိုခြင်း၊ ကျယ်ကျယ်ပြောဆိုခြင်းတို့ဟာ အမျိုးသမီးတွေနဲ့ လိုက်ဖက်ခြင်း မရှိပါဘူး။ အသံဟာ လူတစ်ယောက်ရဲ့ စိတ်ကိုများစွာ ဖော်ပြပေးတဲ့အရာမို့ အထူး သတိပြုပြီး အသံအနိမ့်အမြင့်၊ အနေအထား၊ အတိုးအကျယ်ကို သတိပြုရမှာ ဖြစ်ပါတယ်။ အသံခြောက်ကပ်နေခြင်းဟာ ပါးစပ်ကို ဖွင့်ထားတာများရင်လည်း ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ရင်လည်း ခံတွင်းခြောက်သွေ့ပြီး အသံကွဲရှရှ ဖြစ်တတ်ပါတယ်။ စကားပြောတဲ့အခါ မျက်နှာမှာ စိတ်ခံစားမှု အမူအရာပါအောင် ပြောတတ်ဖို့ လေ့ကျင့်ပါ။ အံ့အားသင့်တာ၊ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ ကိုယ်ချင်းစာတာ စတဲ့ခံစားမှုတွေကို စကားပြောတဲ့အခါ မျက်နှာအမူအယာနဲ့ ကိုက်ညီအောင် ပြောတတ်ဖို့ လေ့ကျင့်ပါ။
ရယ်နည်း
ပျိုမေတို့အနေနဲ့ ကိုယ်ရယ်တဲ့ပုံစံကို ဆွဲဆောင်မှုရှိပြီး သာယာချိုပြောင်းတဲ့ ပုံစံဖြစ်ဖို့ အရေးကြီးပါတယ်။ ခေါင်းကို ဟိုဟိမ်း၊ ဒီယိမ်းပြီး ရယ်တာမျိုး ရှောင်ပါ။ ဒူးကိုလက်ဝါးနဲ့ ရိုက်ပြီး ရယ်တာမျိုး ရှောင်ပါ။ အားရပါးရ ပါးစပ်ကြီး ဟပြီး ရယ်တာမျိုး ရှောင်ပါ။
မျက်နှာအမူအရာ
မျက်နှာအစိတ်အပိုင်းတွေအားလုံးကို အသုံးပြုပါ။ မျက်လုံး၊ နှုတ်ခမ်းတို့ လှုပ်ရှားမှုဟာ သိမ်မွေ့ရပါမယ်။ ညင်သာရပါမယ်။ ချိုသာရပါမယ်။ မျက်မှောက်ကြုတ်တာမျိုးဟာ မသင့်တော်ပါ။
စကားပြောနည်း
မိန်းမတွေဟာ ယောက်ျားတွေထက် ပိုပြီးတော့ စကားပိုပြောပါတယ်။ ဒီအကျင့်ကို သတိထားရပါမယ်။ စကားပြောတဲ့အခါ ပြောနေရင်းနဲ့ ကိုယ့်အကြောင်း၊ ကိုယ့်ပြဿနာ၊ ကိုယ့်အိမ်တွင်းရေး၊ ကိုယ့်ကိစ္စတွေကို တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုခြင်း၊ ဗဟိုပြု ပြောဆိုခြင်းတို့ကို ရှောင်ကြဉ်ပါ။ တခြား သူအပေါ် မကောင်းမြင်တဲ့အနေအထားနဲ့ ပြောဆိုတာကိုလည်း ရှောင်ပါ။ ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ပြောဆိုခြင်း ရှောင်ပါ။ နှာခေါင်းနှိုက်ပြီး ပြောဆိုခြင်း၊ လူကြားသူကြားထဲ နှာချေ၊ နှာညှစ်ခြင်းတို့ကို ရှောင်ပါ။ လူကြားသူကြား ချစ်သူနောက်ကျောကို သပ်ခြင်း၊ ဆံပင်ဖွခြင်းတို့ကို ရှောင်ပါ။
အဝတ်အစား
အဝတ်အစားဝတ်တဲ့အခါမှာ သက်သောင့်သက်သာဖြစ်တဲ့အဝတ်အစား၊ စတိုင်လ်ကျတဲ့ အဝတ်အစား၊ ကိုယ်ဟန်ကျော့ရှင်း နွဲ့နှောင်းစေတဲ့ အဝတ်အစားတွေကို ဝတ်ပေးပါ။ နားဆွဲ၊ လက်ကောက်၊ လည်ဆွဲ၊ လက်ကိုင်အိတ်တို့ဟာလည်း မိန်းမတွေရဲ့ သဘာဝကို ဖော်ကျူးစေတဲ့ဟာတွေ ဖြစ်ပါတယ်။ နောက်ထပ်ဝတ်ထားရမယ့်ဟာတစ်ခုကတော့ အပြုံးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အပြုံးဖြစ်ပါတယ်။ အနံ့အသက်ဟာ မိန်းမတွေအတွက် အရမ်းကို အရေးကြီးပါတယ်။ ရေမှန်မှန်ချိုးပေးခြင်း၊ တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းအောင်နေဖို့ အရမ်းအရေးကြီးပါတယ်။
မိန်းမဆန်ဆန် နွဲ့နှောင်းသွဲ့ပျောင်းခြင်းဟာ ပျော့ညံ့ခြင်း လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး မိန်းမဆန်တဲ့ မိန်းမတွေ အများကြီးပါ။ မိန်းမတစ်ယောက် ရဲ့ မိန်းမဆန်ဆန်သဘာဝဟာ ယောက်ျားတွေအတွက် ဆွဲဆောင်မှုတစ်ခုသာဖြစ်ပြီး လိုလားအပ်သည့် အရာသာဖြစ်ပါသည်။

Posted by Thwal Malnaw

No comments:

Post a Comment