Wednesday, October 12, 2011

(၁၅)မိနစ်လောက် အချိန်လေးပေးပါ


စာရေးသူနဲ့သိတဲ့ ဒကာတစ်ယောက်ရှိပါတယ်၊ သူကကုမ္မဏီတစ်ခုမှာ မန်နေဂျာ လုပ်ပါတယ်၊ မန်နေဂျာဖြစ်တဲ့အတွက် အလုပ်တွေကလည်းအရမ်းကိုများပါတယ်၊ သူခမျာ သင်္ကြန်လိုအခါကြီးရက် ကြီးတွေတောင်မနားရပါဘူး၊ သူက စာရေးသူကိုပြောဖူးပါတယ်၊ တရားအားထုတ်ချင်တယ်၊ တရားရိပ် သာကောင်းကောင်းလေးညွှန်ပေးစမ်းပါတဲ့ နောက်ဆက်ပြီး ဒါပေမဲ့ တပည့်တော် အချိန်မရဘူးဘုရား တဲ့၊ စာရေးသူထင်ပါတယ်၊ သူက တရားလည်းအားထုတ်ချင်တယ် အချိန်ကလည်းမပေးနိုင်ဆိုတော့ တော်တော်လေးကို အခက်အခဲတွေ့နေပုံပါ၊ ဒါနဲ့စာရေးသူလည်းသူအတွက် အကောင်းဆုံး ဖြစ်မဲ့နည်း လေးတစ်ခုကို ပေးလိုက်ပါတယ်၊ စာရေးသူရဲ့သူငယ်ချင်းလိုအချိန်မရကြတဲ့ စာဖတ်သူများလည်း ဖတ်ရအောင် ဒီစာလေးကိုရေးလိုက်တာပါ၊
လူတိုင်းလူတိုင်းမနက်မိုးလင်းတာနဲ့ စားဝတ်နေရေးအတွက် ပြေးလွှားရုန်းကန်နေရတော့ တခြားကိုယ်လုပ်ချင်တာလေးတွေအပေါ် မှာအချိန်မရကြ၊ အချိန်မပေးနိုင်ကြပါဘူး၊ ရုံးသူရုံးသားဆိုရင် ပိုပြီးဒုက္ခဖြစ်ရပါတယ်၊ နိုင်ငံခြားမှာနေကြတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့ အချိန်မီရောက်မလာရင် ဆဲတာငေါက်တာခံရ၊ လစာထဲကအဖြတ်ခံရနဲ့ အချိန်ကိုလုနေ ကြရတာလေ၊နိုင်ငံခြားမှာဆိုတော့ time is money.time is gold လို့တောင်ဖြစ်နေပါတယ်၊ တခြားအလုပ်တွေကို မနည်းအချိန်လုနေရတဲ့ ကြားက တရားအလုပ်ဆိုရင်တော့ ရောင်လို့တောင်မသွား အနားကိုမသီချင်ကြတော့ဘူးလေ၊ ဒါပေမဲ့စာဖတ်သူရေ အချိန်တွေအများကြီးအဟုတ်ပါဘူး (၁၅) မိနစ်လောက်ပဲအချိန်လေးပေးပါ၊ တရားအလုပ် လုပ်ဖြစ်လာပါလိမ့်မယ်၊ နောက် တစ်နေ့တာပင်ပန်းသမျှတွေလည်း အပန်တော်ပြေပါ လိမ့်မယ်လို့ရဲရဲကြီးအာမခံပါတယ်၊
ဘယ်လိုစလုပ်ကြမလဲ တရားထိုင်တယ်ဆိုတယ်ဆိုတာက ယေဘုယျတော့ ခေါ်လွယ် အောင်မှတ်ရလွယ်အောင် တရားထိုင်တယ်လို့ပြောရတာ၊ တရားမှတ်တယ်လို့ပြောရင် ပိုအဆင်ပြေ မယ်ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရားဆိုတာက ထိုင်ရုံတင်မက ထတဲ့အခါမှာရော သွားတဲ့ အခါမှာရော လျောင်းနေတဲ့အခါမှာရော မှတ်နိုင်လို့ပါ၊ ဘယ်လိုမှတ်မလဲ တရားမှတ်နည်းတွေက အများကြီးရှိပါတယ်၊ ဒါပေမဲ့တရားမမှတ်ခင် သမာဓိဖြစ် အောင်အရင်လုပ်ရတာပါ၊ ဘယ်လိုလုပ်သလဲ ဆိုတော့ လူတိုင်းလူတိုင်း မွေးဖွားတဲ့အချိန်ကတည်းကပါလာတဲ့ ၀င်လေထွက်လေလေးကို မှတ်ရမှာ ပါ၊ ဘယ်လိုမှတ်မှာလဲ လွယ်ပါတယ်စာဖတ်သူရယ် ထွက်သွားတဲ့လေလေးနဲ့ ၀င်သွားတဲ့လေလေး တစ်စုံကို တစ်၊ နောက်ထပ်အဲဒိလိုတစ်စုံကို နှစ်၊ နောက် အဲဒီလိုတစ်စုံကို သုံး-လို့ ကိုယ်မှတ်နိုင် သလောက် (၁၀) ရောက်တဲ့အထိ၊ ဒါမှမဟုတ် (၅) လောက်ရောက်တဲ့ထိ မှတ်ကြည့်ပါ၊ ကိုယ်တတ်နိုင်သလောက်မှတ်မိနိုင်သလောက် မှတ်ပြီးရင် အစကနေ တစ် ဆိုပြီးပြန်စပါ၊ အစတော့ မှတ်ရတာ တော်တော်ပင်ပန်းနေတာတွေ့ရမှာပါ၊ မှတ်နေတာကတခြား စိတ်ကတခြားဖြစ်နေမှာပေါ့၊ ပုထုဇဉ်တွေရဲ့စိတ်ဆိုတာသိ တယ်မို့ လား“ပါပသ္မိ’ ရမတိ မနော= များသောအားဖြင့် မကောင်းမှုတွေ မှာပျော်မွေ့တာပါ”တဲ့၊ ဒါကြောင့် အားထုတ်စမှာတော့ စိတ်တွေကအဝေးကိုထွက်သွားလိုက် အရင်က ကိုယ် ကျက်စားခဲ့ဖူးတဲ့ ပျော်ခဲ့ဖူးတဲ့အာရုံတွေပေါ်မှာ ပျော်ဝင်ပြီး လွန်းထိုးသွားလာနေမှာပါ၊
ဒါပေမဲ့ မပူပါနဲ့စာဖတ်သူရယ် “ရခဲမှ ရတနာ သိခဲမှပညာ”မို့လား၊ လွယ်လွယ်နဲ့စပါယ်ပွင့် နေရင် လူတိုင်းသတ္တ၀ါတိုင်းအကျွတ်တရားတွေရကုန်မှာပေါ့၊ (၁၅) မိနစ်တော့ပြည့်အောင် အဲဒီလိုလေး ကြိုးစားမှတ်ကြည့်ပါနော်၊ အော်စာဖတ်သူရေ မှတ်ရမယ်ဆိုလို့ ဘုရားစင်ရှေ့မှာတင်မလ္လင်ကြီးခွေ ပုဆစ်ဒူးကြီးတုပ်ပြီးမှတ်နေရမယ်လို့ လှေနံဓားထစ်မမှတ်လိုက်ပါနဲ့နော်၊ အဲဒီလိုကြိုးစား အားထုတ်ဖို့ အချိန်မရရင် ဘတ်စ်ကားပေါ်မှာပဲဖြစ်၊ အိမ်ရှင်မတွေဖြစ်နေရင် ထမင်းဟင်းချက်ရင်းပဲ ဖြစ်ဖြစ်၊ ကိုယ်နေတဲ့နေရာကနေ ဘတ်စ် ကားမှတ်တိုင်ကို လမ်းလျှောက်သွားရတဲ့အခါမျိုးမှာဖြစ်ဖြစ် မှတ်လို့ ရပါတယ်၊ တရားထိုင်တယ်ပြောရင် တချို့များက တင်ပလ္လင်ကြီးခွေထိုင်နေတာကိုပြေးသတိရတတ်ကြ လို့ပါ၊ ဒါမှမဟုတ်ရုံးမှာ လူတိုင်း(၁၅)မိနစ်လောက်တော့အားချိန်ရကြမှာပါ၊ အဲဒီရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ဝင်လေထွက်လေလေးကို သတိလေးနဲ့ကပ်ထားကြည့်ပေးပါလား၊
          အချိန်တော့မရဘူးမပြောနဲ့နော် လူတိုင်း (၁၅) မိနစ်လောက်တော့ရကြမှာပါ၊အချိန် မရဘူးဆို တဲ့အကြောင်းနဲ့စပ်မိလို့ စာရေးသူနဲ့သိခဲ့ဘူးတဲ့ ဒကာမကြီးတစ်ယောက်အ ကြောင်းပြောပြချင်ပါတယ်၊ ဒကာမကြီးအရမ်းအလုပ်များပါတယ်၊ မိုးလင်းလာတာနဲ့ချက်ရပြုတ်ရ ရုံးသွားဖို့ပြင်ရ၊ ယောင်္ကျား အတွက်ထမင်းထုတ်လုပ်ပေးရ၊ သားကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးရနဲ့ တစ်နေ့တစ်နေ့ ဒီအလုပ် တွေနဲ့ အချိန်ကုန်လည်ပတ်နေရပါတယ်၊ တရားမှတ်ဖို့နေနေသာသာ မနက်လင်းလာလို့ ဆွမ်းတော်ကို တောင်အပြေးအလွှား တင်ရတာပါ၊ တစ်အိမ်လုံးမှ မိသားစုကသုံးယောက်တည်းရှိတာဆိုတော့ အရာရာဒကာမကြီးက တာဝန်ယူဒိုင်ခံလုပ်နေရပါတယ်၊ သားလေးကလည်း တစ်ယောက်တည်း တစ်ဦးတည်းရှိ တာဆိုတော့ အလိုလိုက်ထားရပါတယ်၊ ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီဒကာမကြီးရုံးကို မသွားခင်ရေအချိုးရာမှာ လေဖြစ်သွားပါတယ်၊ လေဖြတ်တော့ လမ်းလည်းကောင်းကောင်း မလျှောက် နိုင်တော့ပါဘူး၊ ဘယ်ဘတ်လက်တစ်ဖတ်လည်း ကောင်းကောင်းမလှုပ်နိုင်တော့ပါဘူး၊ သူချစ်တဲ့လင် ယောင်္ကျား သူအလိုလိုက်ထားတဲ့တစ်ဦးတည်းသောသားလည်း ဘာမှမတတ်နိုင် မကယ်နိုင်ခဲ့ပါဘူး၊ အဲဒီအချိန်မှ ဒကာမကြီးကပြောရှာပါတယ်၊ “တပည့်တော် အရင်ကအချိန်တွေကို အလကားဖြုန်းခဲ့တာ ခုတော့လိုဖြစ်တော့ နောင်တရမိတယ်”တဲ့၊
စာဖတ်သူတွေလည်း အဲဒီလိုအချိန်တွေကုန်သွားမှာစိုးရိမ်မိပါတယ်၊ စီးပွားတွေလည်းရှာ ပါ၊တရားဘာ ၀နာကိုလည်းနိုင်သလောက်အားထုတ်ထားစေချင်ပါတယ်၊ အဲဒီလိုအားထုတ်ားမယ်ဆိုရင် ကိုယ့်အ တွက်သံသရာတစ်ဘက်ကမ်းကူးသန်းတဲ့အခါ အာမခံချက်ရထားမှာမို့ပါ၊ မြတ်စွာဘုရားကိုယ် တော် မြတ်ကတော့ တရားအားထုတ်မှုနဲ့ပတ်သတ်ပြီး ဘယ်ထိအောင်တိုကိုတွန်းအား  ပေးသလဲဆိုရင် “ရင်ဝမှာလှံစူး ကိုယ်ရဲ့ထိပ်ဦးမှာ မီးတက်ကူးနေစေဦးတော့ အရေးကြီးတာက အဲဒီလှံတွေမနှုတ်နဲ့ မီးကိုမငြှိမ်းနဲ့ တရားကိုသာအလေးထားအားထုတ်ပါ”လို့ ဟောကြားခဲ့ပါတယ်၊ ဒါပေမဲ့အဲဒီလောက် ကြီးထိကအရိယာသူတော်ကောင်းကြီးတွေမှလုပ်နိုင်ကြမှာပါ၊ သာမာန်ပုထဇဉ်တွေကတော့ (၁၅)မိနစ် ကစရမှာပါ၊
          တရားအားထုတ်ရင်ကောဘယ်လိုအကျိုးတရားတွေရမှာလဲ အဖြေကတော့ရှင်းရှင်းလေးလေး ပါ နိဗ္ဗာန်ရပါမယ်လို့၊ ဒါပေမဲ့အဲဒီလိုဖြေလိုက်ရင် စာဖတ်သူတွေအတွက် လက်ရှိနဲ့ အလှမ်းဝေးနေတဲ့ အတွက် ကျေနပ်မယ်မထင်ပါဘူး၊ စာဖတ်သူကျေနပ်အောင် ဖြေပေးရရင် အဲဒီလိုအားထုတ်မယ်ဆိုရင် စိတ်တွေငြိမ်သက်လာပါမယ်၊ စိတ်တွေငြိမ်သက် တည်ငြိမ်လာတဲ့အတွက် ကိုယ်လုပ်တဲ့လုပ်ငန်းတိုင်း မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပြီးအောင်မြင်မှုတွေကို လွယ်လွယ်ကူကူရနိုင်ပါတယ်၊ နောက် ၀င်လေနဲ့ ထွက်လေကို ပုံမှန်စည်းချက်ကြနေအောင်လုပ်ပေးနေတဲ့အတွက် နှလုံးအားတွေကောင်းလာပါမယ်၊ တကယ်လို့ကိုယ့်မှာ နှလုံးရောဂါရှိနေရင်တောင် ကိုယ်ရဲ့အားထုတ်မှုစွမ်းအားပေါ်မူတည်ပြီး ပျောက် ကင်းတဲ့ထိအကျိုးခံစားရနိုင်ပါတယ်၊
          ဒီလိုအကျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေပဲရမှာလား မဟုတ်ပါဘူးဗျာ တရားအားထုတ်တဲ့ လူမျိုး မရွေးဘာသာရွေးရရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရဲ့ တရားတော်တွေက ဘောင် ခတ်ထားတာမဟုတ်ပါဘူး၊ “ဧဟိပဿိကော =လာပြီးတော့ အားထုတ်ကြည့်ပါ၊ အ ကာလိကော=မိမိရဲ့ ပါရမီအလျှောက်တောက်လျောက် အချိန်မဆိုင်းပဲ အကျိုးပေးပါလိမ့်မယ်” လို့မြတ်စွာဘုရားကိုယ်တိုင် က အာမခံထားလို့ပါ၊
          ကဲစာဖတ်သူရေ အချိန်မရဘူးလို့မပြောနဲ့နော် (၁၅) မိနစ်လောက်ပဲအချိန်လေးပေးပါ နော်။ ။

Posted by ရွှေမန်းသား

No comments:

Post a Comment