တကယ်တော့ လူ့ဘ၀ ရပိုင်ခွင့်တွေထဲမှာ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ဆွေညာမိဘ၊ ဘ၀ခန္ဓာ အဖြာဖြာတွေဟာ တဒင်္ဂ၊ ခဏဆိုင်ခွင့်သာရပြီး ပိုင်ခွင့်မရတဲ့ အငှားတွေပါ။ ဒါနဲ၊ သီ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကသာ ကိုယ်နဲ့ထာဝရသက်ဆိုင်တဲ့ တကယ့်အပိုင်ပစ္စည်းတွေပါ။
မော်တော်ယာဉ်နဲ့ ကုန်လမ်းခရီးသွားတဲ့အခါ တချို့နေရာတွေမှာ လမ်းအသုံးပြုခ၊ တံတားဖြတ်ကူးခ ပေးဆောင်ကြရပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို ဘ၀နဲ့ထပ်တူပြုပြီး ဆင်ခြင်မိတဲ့အခါ အလေးအနက်ပြုထိုက်တဲ့ အတုယူချင်စရာ သင်ခန်းစာလေးတွေ ထွက်ပေါ်လာပါတယ်။
စာရေးသူတို့ရဲ့ ဘ၀ထဲမှာလည်း အလုပ်တွေ၊ အချိန်တွေ၊ ငွေတွေ၊ လူတွေ စတဲ့ အရာဝတ္ထုပေါင်းများစွာဟာ နေ့စဉ် ဖြတ်သန်းသွားလာ နေကြပါတယ်။ သူတို့တစ်တွေ မိမိတို့ရဲ့ဘ၀ထဲကို ဖြတ်ကျော်ကူးသန်း သွားတဲ့အတွက် မိမိတို့မှာ “ဖြတ်သန်းခ” ရသင့်ရထိုက်ကြပါတယ်။ “ဖြတ်သန်းခ” မရလိုက်ဘဲ အပူတွေ၊ အရှုပ်တွေ၊ ပြဿနာတွေသာ ရလိုက်ကြတယ်ဆိုရင် အင်မတန် နစ်နာဆုံးရှုံးရပါတယ်။
ဘ၀မှာ ဘယ်အရာမျှ ရပ်တန့်တည်မြဲနေခဲ့တယ်ဆိုတာ မရှိပါဘူး။ ငွေကြေးဓနပိုင်ဆိုင်မှုအ၀၀ဟာ ဘယ်လက်က ၀င်လာပြီး ခဏနေရင် ညာလက်က ပြန်ထွက်သွားကြတာပါ။ လက်ထဲမှာ ခေတ္တခဏ ဖြတ်သန်း သွားတာပဲရှိတယ်။ ဆုပ်ကိုင်ထားလို့ကို မရနိုင်ပါဘူး။ ဒီတော့ အလကား ဖြတ်သန်းသွားမယ့်အတူ လက်ထဲမှာ “ဖြတ်သန်းခ”ကလေး ကျန်ခဲ့မယ်ဆိုရင် ကျေနပ်နှစ်သိမ့် စရာဖြစ်ပါတယ်။ ဘ၀ထဲမှာ ပစ္စည်းဥစ္စာ အဖြာဖြာရဲ့ “အဖိုးအတန်းဆုံးဖြတ်သန်းခ”ဟာ ဒါနကုသိုလ်ပဲဖြစ်ပါတယ်။
ဒီလိုပါပဲ သားသမီး၊ မြေးမြစ်တွေဆိုတာလည်း ဘယ်ဘက်ရင်ခွင်ကနေ ၀င်လာခဲ့ပြီး အတောင်းအလက်စုံလို့ အရွယ်ရောက်လာရင် ညာဘက်ရင်ခွင်ကနေ ထွက်ခွာသွားကြမှာပါ။ ရင်ခွင်ထဲမှာ ခေတ္တခဏ နားခိုကြတာပဲ ရှိပါတယ်။ ထာဝရထွေးပိုက်ထားချင်လို့ မရပါဘူး။ ဒီတော့ အလကားနားခိုသွားမယ့်အတူတူ ရင်ခွင်ထဲမှာ “ဖြတ်သန်းခ” ကလေး ကျန်ခဲ့မယ်ဆိုရင် ကျေနပ် နှစ်သိမ့်စရာ ဖြစ်မှာပါ။ ရင်ခွင်ထဲမှာ ဆွေမျိုးမိတ်သင်္ဂဟ အ၀၀ရဲ့ “အဖိုးတန်းဆုံးဖြတ်သန်းခ”ဟာ ဒါန၊ သီနဲ့ သမထ ကုသိုလ်တွေပဲ ဖြစ်ပါတယ်။
နောက်ဆုံး ဒီရုပ်ဒီခန္ဓာကိုယ်ကြီးလည်း ဇာတိဆိုတဲ့ အိမ်ရှေ့ တံခါးဝကနေ ၀င်လာပြီး အချိန်စေ့ရင် မရဏဆိုတဲ့ အိမ်နောက်ဖေးပေါက်ကနေ ထွက်ခွာသွားရမှာပါ။ လူ့ဘ၀ဆိုတဲ့ နေအိမ်ကြီးထဲမှာ ခဏခေတ္တ တည်းခို သွားရတာပဲရှိပါတယ်။ အမြဲနေချင်လို့မရပါဘူး။ ဒီတော့ အလကား တည်းခိုစားသောက်သွားမယ့်အတူတူ “တည်းခိုခ” ကလေး ကျန်ခဲ့မယ်ဆိုရင် ကျေနပ်နှစ်သိမ့်စရာဖြစ်ပါတယ်။ လူ့ဘ၀ထဲမှာ ဒီခန္ဓာကိုယ်ကြီးရဲ့ “အဖိုးတန်ဆုံး” တည်ခိုဖြတ်သန်းခကတော့ “ဒါန၊ သီလ၊ ဘာဝနာ” ကုသိုလ်တွေပဲ ဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက် သေဆုံးသွားတဲ့အခါ ကွယ်လွန်သွားသူရဲ့နောက်ကို သူပြုထားတဲ့ “ကံ”တရားမှတစ်ပါး တခြားဘယ်အရာဝတ္ထုမှ မလိုက်ပါနိုင်ဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံထားတဲ့ ယုံကြည်ချက်ပါ။ ဒါပေမယ့် အဲဒီယုံကြည်ချက် သဒ္ဓါဟာ တချို့သူတွေမှာ အင်အားအလွန်ချည့်နဲ့ နေတာမို့ အရေးကြုံတဲ့အခါ တဏှာလောဘနောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်တယ်။
ဒီဖြစ်ရပ်နဲ့ ဆက်စပ်တဲ့ ပုံပြင်ကလေးတစ်ပုကို ပြောပြချင်ပါတယ်။ ဒီဓမ္မပုံပြင်ကို ရတနာပုံနေပြည်တော်ခေတ်က တရားဟောရာမှ အင်မတန် ထင်ရှားတဲ့ သင်္ဂဇာဆရာတော်ဘုရားကြီးက ပြောပြခဲ့တာပါ။
အရေးရောက်တော့ ဘူးသီးခြောက်ကိုမေ့
ဟိုရှေးရှေးတုန်းက ချင်းတွင်းမြစ်အညာမှ ကျောက်မော်ရွာဆိုတာရှိတယ်။ အဲဒီရွာက မောင်ပိန်ဆိုသူဟာ အချိန်တန်တော့ တစ်ရွာတည်းနေ မလိန်ဆိုသူနဲ့ အိမ်ထောင်ကျသတဲ့။
အိမ်ရာတည်ထောင် လူ့ဘောင်ရောက်တဲ့အခါ စားဝတ်နေရေးအတွက် အသက်မွေးကျောင်းဖို့ မောင်ပိန်ဟာ ဆီရောင်းထွက်တယ်။ ရွာပတ်လည်း ဆီရောင်းထွက်ပေမယ့် ရိုးလွန်းအလွန်းတဲ့ မောင်ပိန်ဟာ ဆီမရောင်းရဘဲ အိမ်ပြန်လာတာများပါတဲ့။ တစ်ခါတလေ ဆီရောင်းရရင်လည်း မောင်ပိန်ဟာ ရိုးအ အားနာတတ်တာမို့ အမြတ်ငွေ မကျန်တဲ့အပြင် အရင်းတောင် ရှုံးတတ်သတဲ့။
အဲဒီအခါ အိမ်သူသက်ထား ဇနီးမယား မလိန်က ‘သြော် ကိုပိန်နှယ် ရပ်ရွာလည်ပြီး ဆီရောင်းတာပဲ သူတော်ကောင်းကြီးလုပ်ပြီး မဟုတ်တာ တစ်လုံး မပြောချင်၊ တွင်တွင်လည်း မရောင်းရ၊ လောကဆိုတာ လီဆယ်နိုင်မှ တော်ခါရှိတာ။ ဈေးသည်သဘောဆိုတာ အပြောကောင်းမှ ရောင်းရသတဲ့။ အခုတော့ ကိုပိန် ဆီရောင်းသွားတာက အေးလိုက်တဲ့ဘ၀၊ အလိုက်တဲ့ အကောင်၊ တော် ဒီလောက်တောင် ငရဲရှောင်ချင်ရင် သင်္ကန်း ၀တ်ပြီးနေပါ့လား’လို့ မြည်တွန်ကြိန်းမောင်းသတဲ့။
မောင်ပိန်လည်း “ဒီအခါ ကောင်းကောင်းရောင်းပြလိုက်ဦးမယ်။ မယ်လိန်က ငါ့ကိုများ အလိုက်တဲ့ အကောင်တဲ့။ ဒီတစ်ခါ သိစေရမယ်” လို့ စိတ်ထဲက ကြုံးဝါးပြီး အောက်ပြည်အောက်ရွာကို ဆီရောင်းသွားတယ်။ မောင်ပိန်ဟာ အောက်ပြည် အောက်ရွာမှာ ဆီတွေကို လိမ်ညာလို့တစ်မျိုး ရောနှောလို့တစ်ဖုံ နည်းမျိုးစုံနဲ့ ညစ်ပြီးရောင်းတဲ့အခါ (၂)ရက် (၃)ရက်အတွင်းမှာပဲ ငွေ (၄-၅)ရာ မြတ်သတဲ့။
အဲဒီအမြတ်ငွေ(၅၀၀)ကို ကျစ်ကျစ်ပါအောင် ထုပ်ပြီး မောင်ပိန်ဟာ ကျောက်မော်ရွာကို ၀မ်းသာအားရပြန်လာခဲ့တယ်။ ဒါပေမယ့် အပြန်လမ်းမှာ ချင်းတွင်းမြစ်ကို လှေနဲ့ဖြတ်အကူး လှေလူးပြီး လှေမှောက်တာကြောင့် နေနစ်ပြီး မသေရုံတစ်မည်ပဲရှိတယ်။ ပါလာတဲ့ငွေထုပ်ဟာ ချင်းတွင်းမြစ်ထဲကို စုန်းစုန်းမြုပ်သွားတာမို့ ပြန်ရှာလို့မရတော့ဘူးတဲ့။ ဒီလိုနဲ့ အိမ်ပြန်လာခဲ့ရတဲ့ မောင်ပိန်ဟာ အိမ်ရောက်တဲ့အခါ မလိန်ရဲ့ အဆူအဆဲကိုပဲ ခံရပါတော့တယ်။ အဲဒီအခါ မောင်ပိန်က “အေး မင်းကတော့ အိမ်မှာ ထိုင်နေပြီး ငါ့ကို ဆူဆဲတယ်။ ငါ့မှာတော့ မင်းအဆဲသန်လို့ ငရဲပဲကျန်တော့သဗျ”လို့ ညည်းညူးလိုက်သတဲ့။
အဲဒီလို ဆီရောင်းတာ အဆင်မပြေတဲ့မောင်ပိန်ဟာ တခြားအလုပ် တစ်ခုလုပ်ဖို့ ရှာဖွေတဲ့အခါ မြစ်ရိုးက လှေထိုးသားတွေ အဆွယ်ကောင်းတာနဲ့ လှေကြီးတစ်စင်းဝယ်ပြီး လှေသူကြီးလုပ်ဖို့ ပြင်ပြန်ပါတယ်။ လှေသူကြီးလုပ်ပေမယ့် မောင်ပိန်ဟာ ရေမကူးတတ်တာမို့ အကျဉ်းအကျပ်ဖြစ်လို့ လှေပျက်ရင် အသက်အန္တာရယ် ကာကွယ်ဖို့ ဘူးသီခြောက်ကြီးတစ်လုံးကို ရှာရသတဲ့။
ရှေးတုန်းကတော့ ယခုခေတ်လို လှေနစ်ရင် အသက်ကယ်အင်္ကျီဆိုတာလည်းမရှိ၊ အသက်ကယ်လှေ၊ အသက်ကယ်ဘောကွင်းဆိုတာ ကြားတောင်ကြားဖူးတာ မဟုတ်သေးဘူး။ ဒီတော့ ဘူးသီးကြီးကြီးတစ်လုံးကို ခြောက်သွေ့အောင် နေပူလှမ်းပြီးရင် အထဲက အဆာအစေ့တွေ ထုတ်ထွင်ကာ ကြိုးတစ်ချောင်းနဲ့ ရစ်ပတ်ချောည်ငင်ပြီး ပဲ့စင်မှာ ချိန်ထားရပါတယ်။ တကယ်လို့ လှေနစ်ပြီဆိုရင် ဒီဘူးသီခြောက်ကြီးကို ဖက်တွယ်ပြီး ရေမနစ်အောင် ကာကွယ်တာပေါ့။
ဒီလိုနဲ့ မောင်ပိန်ဟာ ဘူးသီးခြောက်ကြီးအားကိုးနဲ့ ချင်းတွင်းမြစ် တစ်ရိုးမှာ စုန်ချည်ဆန်ချည် လှေသူကြီးလုပ်ပြီး ကူးသန်းရောင်းဝယ်လိုက်တာ အတော်အတန် ချမ်းသာကြွယ်ဝလာသတဲ့။ ဒီအခါ စုမိဆောင်းမိသမျှ ရွှေတို ရွှေစကလေးတွေကို လှေကြီးအတွင်း လုံခြုံတဲ့နေရာတစ်နေရာမှာ သေတ္တာငယ်တစ်ခုနဲ့ ထည့်ပြီး ၀ှက်ထားလိုက်တယ်။ လှေသူကြီးဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက် လှေလှော်နေစဉ်ကာလတွေမှာ သူ့ဘူးသီးခြောက်ကြီးကိုပဲ ယုယုယယ တသသနဲ့ လုပ်ပေးနေတတ်ပါတယ်။ သူ့ခမျာ လှေသူကြီးဖြစ်ပေမယ့် ရေမကူးတတ်ဘူးဆိုတော့လည်း အရေးရောက်ရင် ဘူးသီးခြောက်ကြီးသာ အားကိုးရမှာကိုး။
ဒီလိုနဲ့ လှေသူကြီးဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးမှာ စုန်ချည်ဆန်ချည် ကူးသန်းနေရင်း တစ်နေ့တော့ မြစ်လယ်မှာ မုန်တိုင်နဲ့တိုးသတဲ့။ မုန်တိုင်းက အလွန်ကြမ်းတာမို့ ရွက်တိုင်တွေလည်းကျိုး၊ ပဲ့စင်ကိုလည်း ထိန်းမရဖြစ်လာတယ်။ ဒီအတိုင်းဆိုရင် မကြာခင် လှေနစ်တော့မှာကို ရိပ်မိတဲ့ ဦးပိန်ဟာ ပဲ့စင်မှာချိတ်ထားတဲ့ အသက်သခင် ဘူးသီးခြောက်ကြီးကို သတိမရတော့ဘူး။
သူသတိရလိုက်မိတာက လှေကြီးထဲမှာ ၀ှက်ထားတဲ့ ရွှေသေတ္တာပဲတဲ့။ အဲဒါနဲ့ လှေသူကြီး ဦးပိန်ဟာ လောဘဇောတွေဝင်လာပြီး လှေမနစ်ခင် ရွှေသေတ္တာကို ပြေးဝင်ယူတုန်း ပြုန်းခနဲ လှေမှောက်သွားတာမို့ ရေအောင်ရောက်ပြီး အသက်ရှုံးဆုံးရသတဲ့။
ဒီအဖြစ်အပျက်ကလေးဟာ ပုံပြင်တစ်ပုဒ်အနေနဲ့ဖတ်ရင် ပြုံးချင်စရာဖြစ်ပေမယ့် သင်ခန်းစာ ယူစရာအနေနဲ့ တွေးတောမိရင်တော့ ရင်မောစရာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ပုံပြင်ထဲကဘ၀နဲ့ ဘ၀ထဲက ပုံပြင်တွေဟာ အပြင်မှာတော့ အတူတူပါပဲ။
သဒ္ဓါနဲ့ တဏှာဆိုတာ လူ့ဘ၀အရင်းအမြစ်တွေကို ဆွဲလုနေတဲ့ အင်အားနှစ်ခုပါ။ တွယ်တာတပ်မက်မှုဆိုတဲ့ တဏှာလောဘဆွဲအားက ပြင်းပြလာတဲ့အခါ လူ့ဘ၀ရဲ့ တဒင်္ဂခဏအငှားတွေကို ထာဝရအပိုင်လို့ ထင်နေတတ်ပြီး အပိုင်တွေကိုလည်း အငှားလို့ထင်ကာ အမြင်တွေ မှားနေတတ်ပါတယ်။ ယုံကြည်သိမြင်မှု သဒ္ဓါပညာဆွဲအားက အားကောင်းပါမှ အပိုင်နဲ့အငှားကို ခွဲခြားသိမြင်ပြီး အငှားကို အပိုင်နဲ့ရအောင် လဲယူတတ်ပါတယ်။
တကယ်တော့ လူ့ဘ၀ရပိုင်ခွင့်တွေထဲမှာ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ဆွေညာမိဘ၊ ဘ၀ခန္ဓာ အဖြာဖြာတွေဟာ တဒင်္ဂ၊ ခဏဆိုင်ခွင့်သာရပြီး ပိုင်ခွင့်မရတဲ့ အငှားတွေပါ။ ဒါနဲ၊ သီ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကသာ ကိုယ်နဲ့ထာဝရသက်ဆိုင်တဲ့ တကယ့်အပိုင်ပစ္စည်းတွေပါ။
တဏှာက အငှားတွေကို အပိုင်ထင်ပြီး ဆွဲလုပေမယ့် ရလာတဲ့ အခါကျတော့ လောက်ကျွမ်းပစ်တာမို့ အပူကလွဲလို့ ဘာမျှမကျန်ရစ်တော့ပါ။ သဒ္ဓါက အပိုင်နဲ့အငှားကို ခွဲခြားပြီး အငှားတွေကို အပိုင်အဖြစ် ပြောင်းလဲ ရယူတတ်တာမို့ အပူငြိမ်း အကြောက်ပြေကာ ထာဝရစိတ်အေးရပါတယ်။
ဒါပေမယ့် လူများစုဟာ သဒ္ဓါဆွဲအားလေး ကောင်းနေတုန်းသာ “လောကမှာ ဘုရား တရား သံဃာ ရတနာ(၃)ပါးကလွဲလို့ ကိုးကွယ်ရာ မရှိဘူး။ သေရင် ကိုယ့်နောက်ကို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်း တွေကသာ လိုက်ပါနိုင်တာ။ ဘ၀သံသရာမှာ တရားမှတစ်ပါး အခြားဘာမျှ အားကိုစရာ မရှိပါဘူး”လို့ နှလုံးသွင်းနိုင်ကြပေမယ့် တဏှာလောဘက ၀င်နှောက်လာပြီဆိုရင် ဘာတရားမှကို သတိမရနိုင်တော့ဘဲ “လှေသူကြီး ဦးပိန် လှေပျက်တဲ့အခါ ရွှေမက်တာနဲ့ ရေနစ်ပြီး ပျက်စီးရသလို” လောကီအာရုံ ကာမဂုဏ်တွေကိုပဲ ဖက်တွယ်ပြီး ပျက်စီးတတ်ကြတာပါ။
ဒါကြောင့် ဒီဓမ္မပုံပြင်ကလေးနဲ့ (၁) လူ့ဘ၀ရဲ့ အပိုင်နဲ့အငှားကို ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်း (၂) သဒ္ဓါ၊ တဏှာ ဆွဲအားနှစ်ခုမှာ တဏှာဆွဲအားနောက်ကိုလိုက်ရင် ပူလောင်ရတတ်ပြီး သဒ္ဓါဆွဲအားနောက်ကို လိုက်ပါနိုင်မှ စိတ်အေးရကြောင်းနဲ့ (၃) တဏှာဆွဲအားနောက်ပါသွားရင် ကုသိုလ်ကောင်းမှုတွေကို မေ့လျော့ပြီး အပါယ်လေးပါးမှာ နစ်မြုပ်ပျက်စီး ရတတ်ကြောင်းတို့ကို ပြောပြလိုက်တာပါ။
တော်ဝင်နွယ်
No comments:
Post a Comment