Sunday, April 26, 2015

" ေ နာ က် ဆုံး အ ချိ န် "


သာမန်ဝန်ထမ်းမိသားစုတစ်ခုမှာ မွေးဖွားကြီးပြင်းလာခဲ့ရသောမိမိရဲ့ဘဝ သက်တမ်းတစ်လျှောက်ဟာ တခြားသူအချို့ရဲ့ ဘဝတွေလို မပြည့်စုံလှပေမဲ့ ကိုယ့်ရဲ့ဘဝပေး အခြေအနေကို ရောင့်ရဲကျေနပ်စွာနဲ့ ရှင်သန်နိုင်ခဲ့ ပါတယ်။ကြိုးစားပမ်းစား အင်ဂျင်နီယာဘွဲ့ကလေးတစ်ခု ချို့တဲ့စွာ ရယူရင်း အလုပ်ဝင်တော့လည်း အဖေ့ရဲ့ကိုယ်ကျင့်သီလအမွေနဲ့ အလုပ်တွေကို တာဝန်ကျေပြွန်အောင် ကြိုးစားရွက်ဆောင် ခဲ့တာမို့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ လူကြီးတွေရဲ့ အားကိုးရသူ အရေးပါ အရာရောက်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
မိန်းမသားတစ်ယောက် အတွက် ခက်ခဲလှတဲ့ အလုပ်ခွင်ထဲမှာ ကိုယ်ကျင့်သီလနဲ့ ရိုးသားမှုကိုသာ အားကိုးလို့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာမို့ စိတ်ထဲမှာ လုံခြုံမှုရှိလှပါတယ်။ မိဘတွေနဲ့သာ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားရင်း
တဖက်ကလည်း ဒါန သီလ ဘာဝနာအမှုတွေကို နိုင်သလောက်အားထုတ်လို့ ထိုက်သင့်သလောက် အေးချမ်းတဲ့ ဘဝတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါပြီ။
ဘာပဲပြောပြော မိမိအတွက်တော့ အခုလိုအေးချမ်းစွာ အသက်ရှင်နေထိုင်ရတာဟာ ကျေနပ်စရာပါ။ အခက်အခဲတွေထိုက်သင့်သလောက်ရှိခဲ့ပေမဲ့ အပူပင်နည်းပါးစွာနဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။
အင်း … အဲဒီလိုပဲ ထင်ခဲ့တာပေါ့လေ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိဘတွေရဲ့ အဆုံးအမတွေကို အမွေဆက်ခံရင်း ကုသိုလ်အမှုတွေကိုလည်း ကိုယ်စွမ်းနိုင်သလောက် ပြုလာခဲ့တာ လူမှန်းသိတတ်ကာစ ကထဲကပါပဲ။
လွန်ခဲ့တဲ့ နှစ်တွေကထဲက တရားစခန်းတွေဝင်ပြီး တရားအားထုတ်ခဲ့သလို အိမ်ကဘုရားစဉ်ရှေ့မှာလည်း ပုံမှန်တရားထိုင်ဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကျင့်သားရလာတာမို့ နှစ်နာရီ သုံးနာရီလောက် နာကျင်မှုတွေ မပေါ်ပဲသက်သာစွာ ထိုင်နိုင်ခဲ့တာဟာ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခုလိုပါပဲ။
ကိုယ့်ကိုယ်ကို တရား ကြာကြာထိုင်နိုင်သူ အဖြစ်လည်း စိတ်ထဲမှာ ကြိတ်ပြီး ဂုဏ်ယူနေမိပါတယ်။
ရဲရဲဝံ့ဝံ့ ဂုဏ်မယူမိတာကလည်း အကြောင်းရှိပါတယ်။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲလေ။
ဘာပြောပြော တကယ့်အရေးတွေမှာ ဘာမဟုတ်တဲ့ အခက်အခဲ ကလေးတွေကိုတောင် ရင်မဆိုင်နိုင်ခဲ့တဲ့ မရဲရင့်နိုင်ခဲ့တဲ့ ကိုယ့်အကြောင်းကို ကိုယ့်ထက် ဘယ်သူကသိမှာလဲ။

ပြဿနာက မိမိမှာမကြာခဏဖြစ်တတ်တဲ့ အစာအိမ်ရောဂါ ထတတ်တဲ့ အချိန်နဲ့ တခြားနာကျင် ကိုက်ခဲတဲ့ရောဂါတွေ ဖြစ်လာတဲ့ အချိန်တွေပါပဲ။ တရားထိုင်စဉ်တုံးက နာကျင်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး ရှုမှတ်နိုင်ခဲ့တဲ့ မိမိဟာ အစာအိမ်ရောဂါထလို့ ဗိုက်နာတဲ့အခါမှာတော့ အဲဒီ နာတာကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး။
ရောဂါမသက်သာမချင်း အလွန်စိတ်ဆင်းရဲစွာနဲ့ ကြိတ်မှိတ်ခံနေရတာပါပဲ။
မကြာခဏဖြစ်တတ်လွန်းလို့ ကြောက်နေမိပါတယ်။
အဲဒီအချိန်မှာ ဘာမှလည်း မမှတ်နိုင်တော့ပါဘူး။
အဆက်မပြတ်နာနေတဲ့ ရောဂါကိုပဲ ငါ့ကျမှခဏခဏ ဖြစ်ရလေခြင်းဆိုပြီး အားငယ်ဝမ်းနည်းနေမိပါတယ်။
ဗိုက်နာတာကိုကြောက်သလို ဆေးထိုးဆေးစားလုပ်ရမှာကိုလည်း ကြောက်တာပါပဲ။
ဒီလောက်တရားတွေ ထိုင်နိုင်ထားတာတောင် တကယ်ရောဂါတွေကြောင့် တကယ် နာကျင်ကိုက်ခဲ လာတဲ့အခါ ဘာကိုမှ မရှုနိုင် မမှတ်နိုင်ပဲ တရားလက်လွတ် ဖြစ်နေရတာဟာ ကိုယ့်အားနည်းချက်ပါပဲလေ။
ကိုယ့်ကိုယ်ကို ဟုတ်ပြီလို့ ထင်ထားသမျှ ဗိုက်နာမှ ဘာမှ မဟုတ်သေးမှန်း ဘွားကနဲ ထင်ရှားလာပါတော့တယ်။

ကျေးဇူးတော်ရှင်ဆရာတော်ကြီးတွေရဲ့တရားတွေကိုနာယူရင်း ဘဝထဲမှာ သတိပဋ္ဌာန်တရားတွေကို ကျင့်သုံးဖြစ်လာတဲ့ အပြောင်းအလဲတစ်ခုဟာ မိမိကိုများစွာကျေးဇူးပြုခဲ့ပါတယ်။
ဘဝထဲမှာ သတိနဲ့နေထိုင်ပြောဆိုတတ်တဲ့ အလေ့အကျင့်တွေကို စတင် လေ့ကျင့်ဖြစ်ခဲ့တာဟာ အလွန်အကျိုးများလှပါတယ်။
သွားရင်းလာရင်း နေရင်းထိုင်ရင်း ကိုယ့်မှာ ထင်ရှားနေတတ်တဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတွေကို ဖြစ်တိုင်းမသိနိုင်ပေမဲ့ တတ်နိုင်သလောက်တော့ သိအောင်ကြိုးစားခဲ့ပါတယ်။
အဲဒီလို သိနေရင်းနဲ့ပဲ တဖြည်းဖြည်း ထူးခြားလာတာတစ်ခုကတော့ ကိုယ့်ဘဝထဲမှာ နေနေတဲ့ အချိန်တော်တော်များများမှာ စိတ်အေးလက်အေး ရှိလာတာပါပဲ။
စိုးရိမ်ပူပန်တတ်တဲ့စိတ်တွေ အရင်ကထက်များစွာ
လျော့နည်းလို့လာပါတယ်။
အစာအိမ်ရောဂါထလာတဲ့ အချိန်တွေမှာ "ဗိုက်နာပြန်ပြီဆရာရေ"လို့ ဆေးကုပေးနေကျ ဆရာ့ကို အေးအေးဆေးဆေးပြောနိုင်လာခဲ့ပါတယ်။
အရင်က သည်းမခံနိုင်လွန်းလို့ ပူပူလောင်လောင် ငိုမလိုလို ဖြစ်ခဲ့ရတာတွေကိုတောင် ပြန်သတိရရင်း စိတ်ထဲမှာ ရှက်ပြူံးပြုံးမိပါသေးတယ်။
ကိုယ့်ကိုယ်ကို အနည်းငယ်တော့ တိုးတက်လာတယ်လို့ပဲ ညွတ်နူးစွာ နှစ်သိမ့်မိပါတယ်။

မိမိကိုမကြာခဏ ဒုက္ခပေးတတ်တဲ့ အစာအိမ်ရောဂါဟာ ကင်ဆာရောဂါ ဖြစ်နေလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့တာ အမှန်ပါ။
အစာအိမ်မှန်ပြောင်း ကြည့်ပြီး စစ်ဆေးလိုက်တဲ့ အခါမှာ အစာအိမ်ကင်ဆာဆိုပြီး ထွက်လာတဲ့ အဖြေကို မိမိအံ့အားသင့်စွာ လက်ခံလိုက်ရပါတယ်။
မျှော်လင့်မထားမိခဲ့တဲ့ ဇာတ်သိမ်းပိုင်းကိုတော့ ရောက်လာပါပြီ။
စိတ်ထဲမှာပူကနဲ တစ်ချက်ဖြစ်မိပေမဲ့ ဒါဟာမိမိရဲ့ ကံအကျိုး ပေးတစ်ခုသာမို့ ရင်ဆိုင်ရတော့မှာပါပဲ။
အသက်သုံးဆယ်ကျော် မိန်းမသား တစ်ယောက်အတွက် ရွေးချယ်စရာမရှိတော့တဲ့ ဘဝနိဂုံးဟာ ဘာဘဲပြောပြော အလွန်အားငယ်ဖို့ ကောင်းလှပါတယ်။
တကယ်တမ်းကျတော့ ကိုယ့်ဘဝမှာ ရွေးချယ်ခွင့်ဆိုတာ ဘယ်တုံးကမှ မရခဲ့ မရှိခဲ့တာကို အခုမှပဲ သတိထားမိပါတော့တယ်။
ဒီလောက်ပဲ နေခွင့်ရှိသလား ကံတရားရယ်။

ပထမအကြိမ် ခွဲစိတ်မှုတစ်ခုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
အစာအိမ် တစ်ခုလုံးထုတ်ထားရတာမို့ အစာစားတာ ရေသောက်တာကအစ တစ်ဇွန်း နှစ်ဇွန်းလောက်သာ သောက်လို့ရပါတော့တယ်။ ဘာဘဲဖြစ်ဖြစ်ဒီလောက် သက်သာလာတာဟာ ကိုယ့်အတွက်တော့ အခွင့်အခါကောင်း တစ်ခုလို့သာ နှလုံးသွင်းမိပါတယ်။
ကိုယ့်ခန္ဓာ ကိုယ့်စိတ်ကို ပိုသိအောင်လေ့လာဖို့ အချိန်ရလိုက်တာပဲလို့ တွေးရင်းဝမ်းသာရပါတယ်။
ကိုယ့်စိတ်ကို အေးအေးဆေးဆေး ကြည့်ခွင့် ရတာပဲ တော်လှပါပြီလေ။

အဲဒီအချိန်မှာပဲအလွန်အံ့အားသင့်စရာကောင်းတာတွေကိုသတိထားမိ လာပါတယ်။
ကိုယ့်စိတ်ကို သေချာလေ့လာကာမှပဲ အရင်တုံးက ကိုယ်မသိခဲ့တဲ့ ကိလေသာတွေ၊ မဖြစ်ဘူးလို့ ထင်ထားခဲ့တဲ့ စိတ်ဆိုးစိတ်ညံ့တွေကို မြင်လာရပါတော့တယ်။
ထစ်ဆိုတာနဲ့ စိတ်မရှည်တာ၊ သည်းမခံနိုင်တာ၊ တွန့်တိုတာ၊ ကျန်းမာနေတဲ့ သူတွေကို မနာလိုဖြစ်မိတာ၊ မကြာခဏသူများကို အပြစ်မြင်မိတာ။
ပြောပြ ရင်ကုန်နိုင်စရာ အကြောင်း မရှိလောက်အောင် များပြားလိုက်တဲ့ အကုသိုလ်စိတ်တွေပါလား။
ကိုယ် မဖြစ်ချင်ပေမဲ့ ဖြစ်ဖြစ်လာတတ်တဲ့ ဒီစိတ်တွေကို သိပေးရုံမှတပါး ကိုယ်ဘာမှ မတတ်နိုင်တာလည်း အမှန်ပါ။
ဘာပဲပြောပြော သူတို့သာ အစွဲတငေါငေါနဲ့ လူလုံးမပြရင် ကိုယ့်မှာ ကင်ဆာထက်ဆိုးတဲ့ ကိလေသာအနာရောဂါတွေရှိနေမှန်း ဘယ်လိုမှမသိနိင်တာမို့ ကျေးဇူးတောင် တင်ရအုံးမှာပါ။
ကိလေသာတွေအကြောင်းကို နားလည်ဖို့ လေ့လာရင်းနဲ့ပဲ ကိုယ်ဥပါဒါန်ကပ်ခဲ့တဲ့ ကိုယ့်မိသားစုအပါအဝင် တခြားအရာတွေကိုပါ ဖွဖွလေးချည်နိုင်ဖို့ တစ်ဖက်က ကြိုးစားရပါတယ် ။
ဒါတွေအားလုံးကို တစ်ချိန်မှာ အစွဲတွေ နည်းပါစွာနဲ့ စိတ်ချလို့ ထားခဲ့ချင်ပါတယ်။

ဒီလိုနဲ့ ၈ လလောက် ရောဂါသက်သာလာတဲ့ အနေအထားကနေ စားသမျှတွေ ပြန်အန်ပြီး အခြေအနေ ပြန်ပြီး ပိုဆိုးလာပါတယ်။ ရေတစ်ဇွန်းလောက်သောက်တာကိုပဲ ပြန်အန်နေတာမို့တစ်ခုခုတော့ တကယ်ကို မှားနေပါပြီ။
အောင်မြင်နေတဲ့ အလုပ်ကလည်း ထွက်လိုက် ရပါတယ်။
ကိုယ့်ကို နှုတ်ဆက်သတင်းမေးကြတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ကြည့်ရင်း တွေးနေမိပါတယ်။
အင်ဂျင်နီယာဘွဲ့ရ လူငယ်တစ်ယောက်၊
လူတိုင်းက တန်ဘိုးထားရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်၊
လူ့အောက် မကျစေဖို့ လူတွေအထင်ကြီးစေဖို့ အားစိုက်ကြိုးပမ်းခဲ့ရတဲ့ သူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်တွေဟာ သူ့နေရာ သူ့အချိန်ကာလတွေတုံးက တန်ဖိုးတစ်ခုခုရှိခဲ့တာကို မငြင်းလိုပေမဲ့ အခုအချိန်မှာတော့ အရာအားလုံးဟာ ဘာတစ်ခုမှ အဓိပ္ပါယ်မရှိတော့သလိုပါပဲ။
အရာ အားလုံးကို ထားခဲ့ရဖို့ သေချာနေတဲ့ သူတစ်ယောက်အတွက် အခုအချိန်မှာ ဘာကို တန်ဖိုးထားရပါ့မလဲ။

ကင်ဆာဆဲလ်တွေ အူမှာပြန့်နေတယ်ဆိုတဲ့ အဖြေနဲ့အတူ နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ် နောက်ထပ်ခွဲစိတ်မှုတွေကို အရိုးပေါ်အရေတင်နေတဲ့ မိန်မသားတစ်ယောက် မနိုင်မှန်းသိရက်နဲ့ ရင်ဆိုင်ရ တာဟာလည်း ကိုယ့်ရဲ့ ကံအကျိုးပေးတစ်ခုပါပဲ။
သတိပဋ္ဌာန်တရားကိုသာ လက်ကိုင်ပြုလို့ အားတင်းရင်ဆိုင်ခဲ့ရတဲ့ အလွန်နာကျင်ပင်ပန်းလှတဲ့ ခွဲစိတ်မှုတွေ များစွာပြီးဆုံးသွားတဲ့ အချိန်မှာတော့ တိကျတဲ့ အဖြေတစ်ခု ထွက်လာပါတယ်။
လူနာ၊ လူနာရှင်တွေနဲ့ ဆရာတွေအားလုံး သဘောညီစွာလက်လျှော့ လိုက်ကြပါပြီ။

ကင်ဆာဆဲလ်တွေပျံ့နှံနေလို ဖောင်းကားနေတဲ့ဗိုက်မှာပိုက်မျိုးစုံ
တပ်ထားရင်း၊ ပိန်လှီခြောက်ကပ်နေတဲ့ လက်တွေမှာ ဆေးပုလင်းတွေ အဆက်မပြတ်သွင်းထားရင်း၊ အသက်ရှုစက်က အောက်စီဂျင် ဓာတ်ငွေ့တွေကို မဝတဝ ခက်ခဲစွာ ရှူရှိုက်ရင်း ကိုယ့်ရဲ့ နောက်ဆုံးအချိန်ဟာ တဖြည်းဖြည်းနီးကပ်လာပြီဆိုတာ လက်ခံနားလည် လိုက်ရပါပြီ။
တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတဲ့နာကျင်မှုတွေ မောပန်းမှုတွေဟာအလွန် ဆိုးရွားပြင်းထန်လှပါတယ်။
မျှော်လင့်ချက်မဲ့နေတဲ့စိတ်အခြေအနေဟာ အခုလိုပြင်းထန်လှတဲ့ နာကျင်မှုတွေကို မခံနိုင်တော့ပါဘူး။
သတိကပ်လို့မရအောင် နာကျင်မောပန်း လှပါတယ်။
"သမီး တရား မှတ်လို့ ရရဲ့လား"လို့မေးတဲ့ အမေ့ကို ဝမ်းနည်းစွာ ခေါင်းခါပြမိပါတယ်။ အသက်ရှူရတာက အစ ခက်ခဲလှပါတယ်။
မဝေးတော့ဘူးဆိုတာ အလွန်ထင်ရှားနေပါပြီ။
တစ်နေရာပြီးတစ်နေရာ ပြောင်းပြောင်းပြီး နာနေတဲ့ ခံရခက်လှတဲ့ နာကျင်မှုတွေသာ ထင်ရှားနေပါတော့တယ်။
မဆုံးနိုင်တဲ့ နာကျင်မှုတွေကို သိနေရတာ ပင်ပန်းလိုက်တာ။

အဲဒီအချိန်မှာပဲ အဆက်မပြတ်ခံစားနေရတဲ့နာကျင်မှုတွေဟာ တဖြည်းဖြည်းနဲ့ လျော့လျော့လာပါတယ်။
နောက်ဆုံးဘေးပါတ်ဝန်းကျင်က အသံတွေသာကြားနေရပေမဲ့ တစ်ချိန်လုံးနှိပ်စက်နေတဲ့နာကျင် ကိုက်ခဲမှုတွေဟာ အလွန်ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဆရာတော်တွေဟောတဲ့ "လူတစ်ယောက် သေခါနီးမှာ ကာယပသာဒတွေ အရင်ချုပ်တယ်" ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်ဟာ အလွန် မှန်ကန်လှပါတယ်။
ဒါကြောင့် နာကျင်မှုတွေ သက်သာသွားခဲ့တာကိုး။
မိမိ အတွက်တော့ ဒီအချိန်ဟာ အလွန်ကို တန်ဖိုးရှိလှပါတယ်။
နောက်ဆုံး အခွင့်အရေးတစ်ခုကို အသုံးချ နိုင်ဖို့ လေ့ကျင့်ထားခဲ့တဲ့ သတိပဋ္ဌာန်တရား အားထုတ်မှုတွေဟာ စတင် အသက်ဝင်လို့ လာပါတော့တယ်။
ပထမဆုံးကြားလိုက်တာက အမေ့ရဲ့ ကြိတ်ငိုနေတဲ့အသံပါ။
အမေ့ခမျာ အားငယ်ဝမ်းနည်းနေရှာမှာပဲလို့ အတွေးတစ်ချက်ဖြစ်ပါတယ်။ နောက်ပြီး ရေတွက်ခြင်းငှာမစွမ်းနိုင်တဲ့ ဓမ္မာ ရုံတွေ(အတွေးတွေ အတိတ်ကဖြစ်ရပ်တွေ ပုံရိပ်တွေ)ဟာ စိတ်ထဲမှာတစ်ခုစီ တစ်ခုစီ အသစ်ဖြစ်ရင်းသိစရာတစ်ခုအနေနဲ့ကျေးဇူးပြုနေပါတော့တယ်။
အသားတကျရှိခဲ့တဲ့ သိစရာကိုသိတတ်တဲ့ အလေ့အကျင့် တစ်ခု အသက်ဝင်လာတာနဲ့အမျှ စိတ်ဟာ ပိုလို့ အေးချမ်း လာပါတယ်။
သက်တောင့်သက်သာ ရှိလှတဲ့ စိတ်အခြေအနေတစ်ခုဟာ တဖြည်းဖြည်း အားကောင်းလို့လာပါတယ်။
ဒါတွေဟာလည်း သိစရာပါပဲလေ။

နားထဲမှာအမေ့ရဲ့ ရှိုက်သံတစ်ချက် ကြားလိုက်မိပါတယ်။
မိမိကို အနှစ် သုံးဆယ်ကျော် ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေကို စိတ်ထဲကနေကျေးဇူးတင်စွာနဲ့ ရှိခိုးလို့ကန်တော့မိပါတယ်။ တကယ်တော့မိမိဘဝတစ်လျှောက်လုံး ကြုံခဲ့သမျှ အရာဟူသမျှဟာ ကိုယ့်ကို တနည်းမဟုတ် တနည်းနဲ့ ကျေးဇူး ပြုခဲ့တာမို့ ဘယ်သူ့အပေါ်မဆို ကျေးဇူးတင်မိပါတယ်။

ကြည့်စမ်းပါအုံး။ ဒီအသံကြောင့် ဒီအတွေးတွေ ပေါ်တယ်၊ ပြီးတော့ ဒီစိတ်တွေဖြစ်တယ်။ ဒါတွေဟာလည်းဘယ်လိုပြောပြောခဏပါပဲလေ။ တကယ်တော့ဓမ္မသဘာဝကြီးတစ်ခုလုံး သူ့အလုပ်သူလုပ်နေတာ ပါပဲလား။
ဒီအသံနဲ့မဆုံဘို့ ဒီအတွေးတွေ ဒီစိတ်တွေမဖြစ်ဖို့ ငါတားလို့မရပါလား။
ငါဝင်ပြီးပါတ်သက်လို့မရတဲ့၊ ငါအတွက်နေရာမရှိတဲ့၊ ငါဆိုတာနဲ့အလှမ်းဝေးလှတဲ့ ဓမ္မသဘာဝကြီးတစ်ခု ရှိနေတာဟာ အလွန်အံ့အားသင့်ဖို့ ကောင်းလှပါတယ်။

အဲဒီအချိန်မှာဘဲ ငယ်စဉ်ကထဲက မကြာခဏ ရွတ်ဆိုတတ်တဲ့ စာပိုဒ်တစ်ခု ဖြတ်ကနဲ စိတ်ထဲကိုပြေးဝင်လာပါတယ်။
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ "

မေတ္တာဖြင့်

(pressure 40/o ဖြင့် ၉နာရီကြာအောင် သတိမလွတ်ဘဲ တရားအားထုတ်သွားနိုင်ခဲ့တဲ့ မိမိ၏လူနာတစ်ဦးအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။)

Shared from Dr. Pe Thet Tun (FB)

No comments:

Post a Comment