Sunday, April 5, 2015

ဝိသာခါရဲ့ မဟာလတာတန်ဆာ


ဓနဉ္စယ သူဌေးကြီးသည် သမီးဝိသာခါအတွက် မဟာလတာတန်ဆာကို ပန်းထိမ်သည် ငါးရာတို့ထံတွင် အပ်နှံ၏။
မဟာလတာတန်ဆာတွင် ရွှေစင်နိက္ခ ၁၀၀၀၊ စိန် ၄ ကွမ်းးစား ၊ ပုလဲ ၁၁ ကွမ်းစား ၊ သန္တာ ၃၂ ကွမ်းစား ၊ ပတ္တမြား ၃၃ ကွမ်းစား တို့ ပါဝင်၏။
ထိပ်အလယ်၌ ဥဒေါင်းရုပ်ပါ၏ ။ ဝတ်ဆင်လိုက်လျင် ဦးခေါင်းမှ ခြေဖမိုးတိုင် ဖုံး၏ ။


မဟာလတာတန်ဆာသည် အဖိုးအားဖြင့် ကိုးကုဋေထိုက်၏ ။
လက်ခအားဖြင့် တစ်သိန်းဖြစ်၏ ။
အချိန်ကာလအားဖြင့် လေးလတိုင်တိုင်လုပ်ရ၏ ။
ပန်းတိမ်လုပ်သားပေါင်း ငါးရာတို့ဖြင့် လုပ်မှ ပြီး၏ ။
ဤမြေအပြင်၌ မဟာလတာတန်ဆာ ဝတ်ဆင်နိုင်သူ အမျိုးသမီး
သုံးယောက်သာရှိ၏ ။
ထိုအမျိုးသမီးတို့မှာ
၁ ။ ဝိသာခါ
၂ ။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ
၃ ။ ဗာရာဏသီ သူဌေးသမီး တို့ဖြစ်သည် ။
အမျိုးသမီးများအနေဖြင့် သင်္ကန်းလှူလျှင် မဟာလတာတန်ဆာရနိုင်၏ ။
သို့ရာတွင် သင်္ကန်းလှူတိုင်း မဟာလတာကို ရသည်တော့ မဟုတ် ။
ကောင်းမှုဟူသမျှ အကျိုးပေးရာတွင် ဆိုင်ရာ အကြောင်းတရား လေးပါးတို့အပေါ်တွင် အခြေခံ၏ ။
စေတနာသည် ပဓာန အကြောင်းတရားဖြစ်သည် ။
ဥပါဒါန အကြောင်းဟုဆို၏ ။ စေတနာကောင်းလျှင် ကောင်းသလောက် အကျိုးပေး၏ ။
ဒုတိယအကြောင်းမှာ ကမ္မဿကတ ဉာဏ်ဖြစ်၏ ။
အကျိုးပေးမှုသည် မိမိယုံကြည်မှုနှင့် ပတ်သက်သော အသိဉာဏ်အပေါ်၌လည်း တည်၏ ။ နိမိတ္တ အကြောင်းဟု ဆို၏ ။
တတိယအကြောင်းမှာ လှူဖွယ်ဝတ္ထုနှင့် အလှူခံ ပုဂ္ဂိုလ်ဖြစ်၏ ။
သမဝါယီ အကြောင်းဟုဆို၏ ။
အကျိုးပေးရာ၌ လှူဖွယ်ပစ္စည်း၏ အမျိုးအစားအရ အကျိုးပေး၏ ။
အလှူခံ ပုဂ္ဂိုလ်၏ သီလရှိမှု မရှိမှုသည်လည်း အရေးကြီး၏ ။
စတုတ္ထ အချက်မှာ တောင့်တချက်ဖြစ်၏ ။ ပဏိဓိ(သို့) ပတ္ထနာ ဟု ဆို၏ ။
အကျိုးပေးရာတွင် မိမိတောင့်တချက်အရ အကျိုးပေး၏ ။
အမျိုးသမီးများအနေဖြင့် မဟာလတာ တန်ဆာကို ရလိုပါလျှင်
မဟာလတာတန်ဆာကိုရည်မှန်းပြီး သီလဝန္တ ပုဂ္ဂိုလ်တို့အား ကောင်းသော သင်္ကန်းကို လှူရ၏ ။
လှူသောအခါ သီလကို စောင့်ထိန်းပြီး ဉာဏ်ယှဉ်သော စေတနာဖြင့် လှူပါက မဟာလတာ တန်ဆာကို ရနိုင်ပါသည် ။
ဝိသာခါသည် ကဿပ ဘုရားရှင်လက်ထက်က ရဟန်းတော်များအား ဤအကြောင်းလေးပါးနှင့် ပြည့်စုံအောင် သင်္ကန်းလှူခဲ့သောကြောင့် ယခုကဲ့သို့ မဟာလတာ တန်ဆာကို ရခြင်းဖြစ်၏ ။


(ဆရာကြီးဦးရွှေအောင်အား ကန်တော့ပါ၏ ။)

Shared from SweSwe Winn (FB)

No comments:

Post a Comment