Monday, July 21, 2014

ဗုဒ္ဓ၏ တန်ခိုးတော်အနန္တ


ဤဇမ္ဗူဒိပ်ကျွန်း အိန္ဒိယနိုင်ငံတောင်ပိုင်း စောဠတိုင်း၌ ကာဝီရပဋ္ဋန အမည်ရှိသော ရွှာကြီးတစ်ရွာတည်ရှိ၏။ ထိုရွာ၌နတ်ကို ကိုးကွယ်ကြသော မိစ္ဆာဒိဋ္ဌိအများ နေထိုင်လျက်ရှိ၏။ တစ်ခုသောအချိန်တွင် ထိုမိစ္ဆာဒိဋ္ဌိ နတ်ကိုးကွယ်ကြသူများသည် မိမိတို့ အမွန်အမြတ်ထားရာ နတ်ကွန်းဗိမာန်ကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်ခဲ့ကြသည်။ ထိုနတ်ကွန်းအတွင်း ပျဉ်ချပ် တစ်ချပ်ပေါ်တွင် မိစ္ဆာဒိဋ္ဌိနတ်မင်းကို လူနတ်အများစုဝေးပြီး ရှိခိုးနေကြပုံကို ပန်းချီဆရာက ရေးခြယ်ထား၏။ ထိုသို့ရှိခိုးနေကြသူတို့တွင် မြတ်စွာဘုရားရှင်၏ ပုံတော်ကိုလည်း ထည့်သွင်းရေးဆွဲထားသည်။

ထိုနတ်ကွန်းသို့ ရွာသူရွာသားအချို့ သွားရောက်ကြည့်ရှုကြရာ နတ်ကွန်းအတွင်းရှိ ပျဉ်ချပ်ပေါ်တွင် နတ်မင်းကြီးကို မြတ်စွာဘုရားက ရှိခိုးနေပုံပန်းချီ ရေးခြယ်ထားသည်ကို သိရှိသွားကြပြီး ထိုအကြောင်းကို ရွာတွင်းရှိ ဗုဒ္ဓဘာသာများထံ အသိပေးအကြောင်းကြားကြသည်။

ထိုသတင်းကို ဗုဒ္ဓဘာသာဝင် ဥပါသိကာတို့ ကြားသိကြသောအခါ အံ့သြဖွယ်ကောင်းလိုက်တာ ငါတို့သည် မကြားသင့်တာကြားရ၏။ မမြင်သင့်တာ မြင်ရ၏။ နတ်ပြည်ခြောက်ထပ်နှင့်တကွ သြကာသ
လောကကြီးတစ်ခုလုံး၌ ငါတို့၏မြတ်စွာဘုရားနှင့် တူသြူုမတ်သူ ဟူ၍မရှိ။ အလုံးစုံသော လူနတ်ဗြဟ္မာတို့ ရှိခိုးခြင်းငှါ ထိုက်တော်မူသော မြတ်စွာဘုရား ဖြစ်တော်မူပါပေ၏။ ဤမိစ္ဆာဒိဋ္ဌိတို့သည် မသင့်လျော်သော အမှုကိုပြုကြသည်ဟု ပြောဆိုမည်တမ်း၍ ငိုကြွေးကြသည်။

ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိဥပါသကာတို့သည် လူသူစုရုံးကြပြီး ဘုရင်မင်းမြတ်ထံသွားကြကာ နန်းတော်ဝ၌ မကျေမနပ်သော အသံများပြု၍ နေကြ၏။ မင်းကြီးလည်း ဥပါသကာတို့ကို ခေါ်ယူပြီး သင်တို့ဘာကို မကျေမနပ်ဖြစ်လာကြသလဲဟု မေးတော်မူ၏။
ဥပါသကာတို့က မိစ္ဆာဒိဋ္ဌိတို့၏ မသင့်လျော်သော အမှုကိစ္စတို့ကို ပြောပြပြီးလျှင် နတ်ထက် နတ်မြတ်၊ သိကြားထက် သိကြားမြတ်၊ ဗြဟ္မာထက်ဗြဟ္မာမြတ် ဖြစ်တော်မူပါ၏။ ငါတို့မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် မြင့်မိုရ်တောင်ကဲ့သို့ ကြံ့ခိုင်၏။ မဟာသမုဒ္ဒရာကဲ့သို့ ကျယ်ဝန်း၏။ ကောင်းကင်ကဲ့သို့ အဆုံးအပိုင်းအခြား မရှိ။ မြေကြီးကဲ့သို့ ပျံ့နှံ့ပါ၏ စသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ချီးကျူးပြောဆိုကြလေသည်။

မင်းကြီးက အိုလူအပေါင်းတို့ သင်တို့စိတ်မပျက်ကြနှင့် အမျက်ဒေါသကို သိမ်းကြပါ။ သင်တို့က သင်တို့ကိုးကွယ်အားထားရာ မြတ်စွာဘုရားရှင်
၏ တန်ခိုးတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ ဖြစ်တော်မူပုံကို ပြောဆိုကြသကဲ့သို့ပင် နတ်ကိုးကွယ်သူတို့ကလည်း သူတို့ကိုးကွယ်သော နတ်မင်း၏ ဂုဏ်ကျေးဇူး ကြီးကျယ်ပုံတို့ကိုသာ ပြောကြမှာ အမှန်ဖြစ်၏။ သင်တို့ကို ငါမေးဦးမည်။ သင်တို့ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ တန်ခိုးကြီးပုံကို ငါတို့လက်တွေ့အားဖြင့် ဘယ်လိုသိနိုင်မလဲ အမောင်တို့ဟု မိန့်ဆိုလေသည်။

ထိုအခါ သမ္မာဒိဋ္ဌိ ဥပါသကာတို့က အရှင်မင်းကြီး မြတ်စွာဘုရား၌ ဘုန်းတော်အနန္တ တန်ခိုးတော် အနန္တရှိတော်မူပုံကို သက်သေပြပါမည်။ အကယ်၍ အရှင်မင်းကြီးသည် ထိုမိစ္ဆာဒိဋ္ဌိတို့၏ နတ်ကွန်းရှိ ဗုဒ္ဓပုံတော်ပါသော ပျဉ်ချပ်ကိုယူပြီး လုံခြုံသောအရပ်၌ သိမ်းထားပေးတော်မူပါက ဤနေ့မှစ၍ ခုနှစ်ရက်မြောက်သောနေ့တွင် ထိုပျဉ်ချပ်ကို ထုတ်ယူ၍ကြည့်လျှင် မြတ်စွာဘုရား၏ဘုန်းတော်အနန္တ
တန်ခိုးတော်အနန္တ ကံတော်အနန္တတို့နှင့် ပြည့်စုံတော်မူပုံကို သိကြပေလိမ့်မည်ဟု လျှောက်တင်ကြသည်။

မင်းကြီးလည်း သမ္မာဒိဋ္ဌိ ဥပါသကာတို့ ဆိုသည့်အတိုင်း ဗုဒ္ဓပုံတော်ပါသောပျဉ်ချပ်ကို ယူဆောင်စေ၍ အ၀တ်ဖြင့် လုံအောင် ရစ်နှောင်ဖွဲ့ပတ်ထားပြီးလျှင် မိမိ၏လက်စွပ်ဖြင့် အမှတ်အသားချိတ်
တံဆိပ်ခပ်နှိပ်ကာ လုံခြုံသောနတ်ကွန်းတစ်ခုတွင် အစောင့်အရှောက် အထပ်ထပ်ချ၍ သိမ်းဆည်းထားခဲ့သည်။

ထိုသို့ပျဉ်ချပ်ကို သိမ်းဆည်းထားသည့် ခုနှစ်ရက်တာ ကာလပတ်လုံး သမ္မာဒိဋ္ဌိဥပါသကာတို့ ဘုရားကျောင်းကန်၌ စုဝေးပြီး ဥပုသ်သီလ စောင့်သုံးကြသည်။ ခပ်သိမ်းသောသတ္တ၀ါတို့အား မေတ္တာပို့ အမျှဝေကြသည်။ ရတနာသုံးပါးကို ပူဇော်ခြင်းဖြင့်သာ
ခုနှစ်ရက်အချိန်ကို ကုန်လွန်စေခဲ့သည်။ ပြီးလျှင် ဤသို့ ကြွေးကျော်ကြ၏။ ငါတို့ပြုသော ဤကုသိုလ်အကျိုးဆက်ဖြင့် လောက၌ တန်ခိုးကြီးကုန်သော နတ်မင်းတို့သည်လည်းကောင်း၊ လောကကို စောင့်ရှောင်ကုန်သော နတ်မင်းကြီးလေးယောက်တို့သည်
လည်းကောင်း သင်တို့သည် ငါတို့၏ မြတ်စွာဘုရားကို ဆည်းကပ်ကြသည်မှန်ပါက သက်သေထင်ရှားအောင် ထုတ်ဖော်ပြသကြပါဟု တိုင်တည်သစ္စာပြုကြ၏။

သမ္မာဒိဋ္ဌိဥပါသကာတို့၏ ကောင်းမှုအာနုဘော်ကြောင့် ထိုခဏ၌ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူပြင်းလာခဲ့သည်။ သိကြားမင်းသည် မိမိနေရာ ပူပြင်းခြင်းအကြောင်းကို သိလို၍ လူ့ပြည်သို့ရှုကြည့်ရာတွင် မိစ္ဆာဒိဋ္ဌိတို့၏ ဖောက်ပြန်လွဲမှားသော အပြုအမူများကိုတွေ့ရ၍ လူ့ပြည်သို့သက်ဆင်းခဲ့၏။ သိကြားမင်းသည် မိစ္ဆာဒိဋ္ဌိတို့၏ ပျဉ်ချပ်ပေါ်တွင်မြတ်စွာဘုရား၏ ခြေတော်အစုံကို မိစ္ဆာဒိဋ္ဌိနတ်က ရှိခိုးနေပုံပြုပြင်၍ ရေးဆွဲထားခဲ့၏။ ထိုသို့ ပြုပြင်ရေးဆွဲခဲ့ကြောင်းကိုလည်း သမ္မာဒိဋ္ဌိဥပါသကာတို့အား သတိပေးပြီး မိမိနေရာသို့ ပြန်ခဲ့၏။

ခုနှစ်ရက်မြောက်သောနေ့၌ နံနက်စောစောကပင် သမ္မာဒိဋ္ဌိ ဥပါသကာတို့သည် မင်းကြီးထံသွားကြပြီး အရှင်မင်းကြီး သိမ်းဆည်းထားသော ပျဉ်ချပ်ကိုထုတ်ယူ၍ ကြည့်ရှုရန် အချိန်ကျရောက်ပါပြီ။ ထိုပျဉ်ချပ်၌ မြတ်စွာဘုရားရှင်ကို နတ်မင်းက ရှိခိုးနေသည်ကိုသာ ရှုမြင်ကြရပါလိမ့်မည်ဟု လျှောက်တင်ခဲ့ကြ၏။ ဥပါသကာတို့၏ စကားကိုကြားလျှင် မင်းကြီးသည် တစ်မြို့လုံးရှိ ပြည်သူအပေါင်းကို ထိုနေရာသို့ စုဝေးလာရောက်ကြစေရန် နှိုးဆော်စေပြီး လူသူစုဝေး ရောက်ရှိလာသောအခါ နတ်ကွန်းအတွင်းမှ အ၀တ်တို့ဖြင့် အထပ်ထပ်ရစ်ပတ် မင်းတံဆိပ်ခတ်နှိပ်ထားသော
ပျဉ်ချပ်ကိုထုတ်ယူပြီး အ၀တ်တို့ကိုဖြေစေတော်မူ၏။ အ၀တ်တို့ပြေလေသော် ပျဉ်ချပ်ပေါ်တွင် မြတ်စွာဘုရားရှင်၏ ခြေတော်အစုံကို နတ်မင်းကရှိခိုးနေပုံ ပန်းချီကားကို အံ့ဖွယ်ဘနန်းထူးဆန်းစွာ တွေ့မြင်ကြရလေသည်။ ဤသို့မြတ်စွာဘုရား၏ တန်ခိုးတော်အနန္တဖြစ်ပုံကို ကိုယ်တိုင်ဒိဋ္ဌိ သိမြင်လေသောအခါ ကာဝီရပဋ္ဋနမင်းသည် ထိုမိစ္ဆာဒိဋ္ဌိတို့၏ နတ်ကွန်းကို ဖြိုဖျက်စေပြီး ဘုရားကျောင်းတော်ရာ ဂန္ဓကုဋီကြီးတစ်ဆောင်ကို တည်ဆောက်၍ အသက်ထက်ဆုံး ဗုဒ္ဓဥပါသကာအဖြစ် ခံယူတော်မူခဲ့၏။

ဤကာဝီရပဋ္ဋန၀တ္ထုကို အကြောင်းပြု၍ ရှေးဆရာမြတ်တို့က မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်အခါက မြတ်စွာဘုရား၏ တန်ခိုးတော်တို့ကို ဖူးမြင်ကြရ၍ ကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့ကြသည်မှာ အံ့သြဖွယ်ဟုမဆိုနိုင်။ မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန်ပြုပြီးသည့်အခါတွင်မှု မြတ်စွာဘုရား၏ တန်ခိုးတော်ကို ဖူးမြင်ကြရသောကြောင့် ကုသိုလ်ကောင်းမှုကို ပြုကြသူတို့သည်သာ မိုးမြေမဆံ့ အံ့သြဖွယ်ကောင်းလှပေသည်ဟု ရေးဖွဲ့ခဲ့ကြ၏။

ဦးအောင်မွန် ( မြတ်ဆုမွန် )
ဥပုသ်သည်တို့ဖတ်ဖွယ် ပုံဝတ္ထုလေးဆယ်မှ

No comments:

Post a Comment